ရှင်ပြန်ထမြောက်ခြင်းနေ့ အမည်နဲ့ပတ်သက်ပြီး ထင်မြင်ယူဆချက်အမျိုးမျိုး ပြောဆိုနေကြတာကို တွေ့မြင်နေရပါတယ်။ တစ်ချို့ယူဆချက်တွေက အချက်အလက်ကျကျ သင့်လျော််မှု ရှိကြပေမဲ့ အချို့ကြတော့လည်း တစ်ဖက်စောင်းပိတ် ပြောနေပြီး သူတို့ သဘောမကျတဲ့ နေ့ရက်တွေကိုပဲ သဘောကျစွာ အသုံးပြုပြီး အတန်းရှင်း ယူနေကြတာမျိုးတွေလည်း ရှိကြပြန်တယ်။ စာရေးသူကတော့ ရှင်ပြန်ထမြောက်ခြင်းနဲ့ပတ်သက်ပြီး သတိမပြုမိကြမှာ စိုးလို့ပဲဖြစ်ဖြစ်၊ သိနှင့်ပြီးသောသူတွေကို ပြန်လည် သတိပေးချင်လို့ရယ် …. ကိုယ်တိုင် ဆင်ခြင်မိတဲ့ ကျမ်းချက်လေးကို ပြန်လည် ဝေမျှလိုပါတယ်။ အတန်းရှင်း (Attention) လာရှာတာလား ဆိုရင် ဟုတ်ပါတယ် … စာဖတ်သူရဲ့ အတန်းရှင်းကို တည့်တည့်လာရှာတာပါ … ရှင်ပြန်ထမြောက်ခြင်း အကြောင်းအပေါ် ကျမ်းစာက ပြောထားတဲ့အပေါ် စာဖတ်သူရဲ့ အတန်းရှင်းကို ရှိစေချင်တာပါ။ ရှင်ပြန်ထမြောက်ခြင်း အကြောင်းကို ဓမ္မဟောင်းကျမ်းမှာရော၊ ဓမ္မသစ်ထဲမှာပါ ဝေဝေဆာဆာ တွေ့မြင်ရပါတယ်။ အထူးပြု လုပ်ပြောနေတာမျိုး မဟုတ်ပါဘူး။ တကယ်ပါ သခင်ယေရှုခရစ်တော်ရဲ့ ရှင်ပြန်ထမြောက်ခြင်း အကြောင်းသာ မရှိခဲ့ဘူးဆိုရင်ဖြင့် ဧဝံဂေလိသတင်းစကားဟာလည်း ပြည့်စုံမှာ မဟုတ်သလို၊ ခရစ်ယာန် ယုံကြည်သက်ဝင်မှုဟာလည်း ဘာသာရေး သတ်မှတ်ခံယူချက်တွေ သက်သက်ပဲ ဖြစ်သွားပါလိမ့်မယ်။ ခရစ်တော်ရဲ့ ရှင်ပြန်ထမြောက်ခြင်းအကြောင်းဟာ ခရစ်ယာန်ဘာသာတရားရဲ့ အဓိက အနှစ်သာရတွေအများကြီးထဲက တစ်ခု ဖြစ်ပါတယ်။ အမြူတေ ဖြစ်တယ်ဆိုရင် လုံးဝမှားမှာ မဟုတ်ပါဘူး။ အထက်က ပြောတဲ့အတိုင်းပဲ ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို များစွာ တွေ့ရပါတယ်။ အဲဒီထဲက ကျမ်းချက် တစ်ချက်ကို ဆင်ခြင်ကြပါစို့။ အဲဒီကျမ်းပိုဒ်က ကောရိန္သု ဩဝါဒစာ မဌမစောင် အခန်းကြီး ၁၅ ဖြစ်ပါတယ်။ စာမရှည်ရအောင်လို့ အကျဉ်းချုံးပဲ ပြောပါမယ်။
1. Divinely Planned
အငယ် ၁-၄ အထိ ကြည့်တဲ့အခါမှာ ဧဝံဂေလိတရားရဲ့ အနက်အဓိပ္ပါယ် ရှင်းလင်းချက်ကို တွေ့ရပါတယ်။ အဲဒါကတော့ ခရစ်တော်ရဲ့ အသေခံခြင်း၊ သင်္ဂြိုလ်ခြင်း နဲ့ ရှင်ပြန်ထမြောက်ခြင်းပဲ ဖြစ်ပါတယ်။ (ဧဝံဂေလိလို့ ပြောတဲ့အခါမှာ ခရစ်တော်ရဲ့ အသေခံပေးတော်မူခြင်းနဲ့ပဲ အဆုံးသတ်ပြောဆိုတတ်ကြတဲ့ ကျွန်တော်တို့တတွေ သတိထားသင့်ပါတယ်။) နောက်တစ်ချက်က “ကျမ်းစာလာသည်အတိုင်း” ဆိုတဲ့ စကားစုကို နှစ်ကြိမ်တိုင်တိုင် တွေ့ရပါတယ်။ ဒါကို ကနဦး ယုံကြည်သူတွေ ကြားတာနဲ့ ဘယ်လိုနားလည်ခဲ့ကြသလဲဆိုရင် “ဘုရားသခင်ရဲ့ စကားတော် (သို့မဟုတ်) အကြံအစည်တော် အတိုင်း” လို့ သဘောပေါက်ခဲ့ကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရော ခရစ်တော်ရဲ့ အသေခံခြင်း၊ သင်္ဂြိုလ်ခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်း အကြောင်းပြောရင် အပြစ်သားတွေအတွက် ဘုရားသခင်ရဲ့ မဟာအကြံအစည်တော်ဖြစ်တယ်ဆိုတာကို နားလည်သဘောပေါက်ကြပါသလား။ ဒါကြောင့် ရှင်ပြန်ထမြောက်ခြင်းက တိုက်ဆိုင်မှုတစ်ခု သို့မဟုတ် လူသားရဲ့ ကြံစည်ဖန်တီးမှုတစ်ခု မဟုတ်ဘဲ ဘုရားသခင်ရဲ့ မဟာ အကြံအစည် ဖြစ်တယ်ဆိုတာကို မြင်ပါသလား။
2. Historically True
အငယ် ၅-၁၁ အထိ ကြည့်တဲ့အခါ ရှင်ပြန်ထမြောက်ခြင်းဆိုတာ သမိုင်းအထောက်အထားတွေနဲ့ သက်သေအများကြီး ရှိတယ်ဆိုတာကို ပြောပြထားပါတယ်။ ကေဖက စလို့ တပည့်တော် ၁၂ ပါး၊ နောက်မှ လူပေါင်း ၅၀၀ တစ်ပြိုင်နက် မြင်ရတဲ့အကြောင်း။ သူတို့တွေအထဲက ဒီစာကို ရေးသားစဉ်ပင် အသက်ရှင်လျက်ရှိနေသေးကြောင်း၊ ရှင်ပေါလုကိုယ်တိုင်က လည်း ရှင်ပြန်ထမြောက်ခြင်းရဲ့ သက်ရှိ သက်သေဖြစ်ကြောင်း ပြောထားတာကို တွေ့ရပါတယ်။ ရှင်ပြန်ထမြောက်ခြင်းဟာ ပုံပြင်သက်သက်မဟုတ်ပါဘူး။ ရှင်ပြန်ထမြောက်ပြီးနောက် အဖြစ်အပျက်တစ်ခုစီတိုင်း နဲ့ ဗလာသာရှိတော့တဲ့ သင်္ခြိုင်းဂူကြီးရယ် စတာတွေနဲ့ပတ်သက်ပြီး သက်သေတွေ များကြီးရှိခဲ့ပါတယ်။
3. Reasonably and Miraculously defended
အငယ် ၁၂-၄၉ အထိ ကြည့်ရင် ရှင်ပြန်ထမြောက်ခြင်းအကြောင်းနဲ့ ပတ်သက်ပြီး ရှင်ပေါလုက အချက်အလက်ကျကျ ဘုရားသခင်ပြုတော်မူသော ဘုရားသခင်ရဲ့ အမှုပြုခြင်း ဖြစ်တယ်ဆိုတဲ့အကြောင်း ခုခံပြောဆို ရှင်းပြထားပါတယ်။ လူအမျိုးမျိုး၊ ခံယူချက် အဖုံဖုံနဲ့ ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို မဖြစ်နိုင်ဘူးလို့ ပြောလိုပြော၊ ဖြစ်ခဲ့ရင်လည်း ဝိညာဉ်ပဲ ဖြစ်မယ်ဆိုတာမျိုး (ဝိညာဏကိုယ် ကို ငြင်းပယ်တာမျိုး) ပြောလာကြတာကို ရှင်ပေါလုက ကျမ်းစာနဲ့အညီ ကမ္ဘာဦး အာဒံကစလို့ နောက်ဆုံးအာဒံ (ယေရှုခရစ်တော်) အထိကို ချက်ကျလက်ကျ ရှင်းပြခဲ့ပါတယ်။ တစ်နည်းပြောရမယ်ဆိုရင် ရှင်ပြန်ထမြောက်ခြင်းအကြောင်း (ဧဝံဂေလိသတင်းစကား) ဟာ သူတို့ရဲ့ ယုံတမ်းစကား၊ ဒဏ္ဍာရီ သက်သက်မဟုတ်ကြောင်းကို ရှင်းပြခဲ့တာတွေ့ရပါတယ်။ ဒါကြောင့် ရှင်ပြန်ထမြောက်ခြင်းဆိုတာကလည်း ဘုရားသခင်ရဲ့ ကျိုးကြောင်းဆီလျော်သော အံ့ဖွယ်အမှုပြုခြင်း ဖြစ်ပါတယ်။
4. Futuristically Hopeful
အငယ် ၅၀-၅၆ အထိ ကြည့်ရင် ရှင်ပြန်ထမြောက်ခြင်းအကြောင်းဟာ ခရစ်ယာန် ယုံကြည်သူများရဲ့ မျှော်လင့်ခြင်းအကြောင်း၊ ရှင်သန်နေရခြင်းရဲ့ အဓိပ္ပါယ် ဆိုတာကို ရှင်းလင်းစွာ တွေ့မြင်ရပါတယ်။ နောက်ဆုံးသော တံပိုးမှုတ်သံနဲ့အတူ ကျွန်တော်တို့ ကိုယ်တိုင် ရှင်ပြန်ထမြောက်ခြင်းကို ကိုယ်တိုင် တွေ့ကြုံခံစားရမယ့်သူတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။ ပုပ်သိုးနိုင်တဲ့ ဒီခန္ဓာက မပုပ်သိုးပေမယ့် ဝိညာဏကိုယ်အဖြစ် ပြောင်းသွားပါမယ်။ မျက်စိတမှတ်ထဲမှာပါပဲ ကျွန်တော်တို့ ရှိသမျှ ပြောင်းလဲသွားကြမှာ ဖြစ်ပါတယ်။ သေတတ်သောအရာမှသည် မသေနိုင်သောအဖြစ်သို့ ဝင်စားကြမှာ ဖြစ်ပြီး သေခြင်းကလည်း ကျရှုံးနစ်မြုပ်ပြီဆိုတဲ့ ကျမ်းစကားလည်း ပြည့်စုံလာပါလိမ့်မယ်။ “အိုသေမင်း၊ သင်၏ လက်နက်သည်၊ အဘယ်မှာ ရှိသနည်း။ အို မရဏာ နိုင်ငံ၊ သင်၏ အောင်မြင်ခြင်းသည် အဘယ်မှာ ရှိသနည်း။ သေမင်း၏ လက်နက်ကား၊ ဒုစရိုက်အပြစ်ပေတည်း။ ဒုစရိုက်၏ တန်ခိုးကား ပညတ်တရားပေတည်း” ဆိုပြီး ကျွန်တော်တို့ရဲ့ ကြွေးကြော်စရာ အကြောင်းအရင်းဟာ ခရစ်တော်ရဲ့ ရှင်ပြန်ထမြောက်ခြင်းအကြောင်းပါပဲ။
5. Practically to be thankful and working out in the work of the Lord
အငယ် ၅၇ – ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို အမှန်သိတဲ့သူက ခရစ်တော်အားဖြင့် ကျွန်တော်တို့အတွက် အောင်ခြင်းအခွင့်ကို ပြင်ဆင်ပေးတဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြီးမားခြင်းကို ချီးမွမ်းနေမိတယ်ဆိုတာ ထင်ရှားပါတယ်။ အငယ် ၅၈ မှာတော့ ဒီရှင်ပြန်ထမြောက်ခြင်းအကြောင်းကြောင့် ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ခြင်းက အလဟဿ မဟုတ်ကြောင်းကို သိတဲ့အတွက်ကြောင့် ယုံကြည်သူအမှန်ဟာ
၁) တည်ကြည်သောစိတ်ရှိဖို့
၂) မရွေ့လျော့မတိမ်းယိမ်းဖို့ နဲ့
၃) ဘုရားသခင်ရဲ့ အမှုတော်ကို ကြိုးစားအားထုတ်ဖို့ ဖြစ်တယ် ဆိုပြီး
ရှင်ပေါလုက တိုက်တွန်းသတိပေးထားပါတယ်။ လက်တွေ့ကျကျပြောရရင် ရှင်ပြန်ထမြောက်ခြင်းအကြောင်းပြောကြတဲ့အခါ ကျွန်တော်တို့တတွေ ကျေးဇူးတော်ကြီးမားကြောင်း ဝန်ခံချီးမွမ်းဖို့ မေ့နေကြသလား။ နောက်ပြီးတော့ အံ့ဖွယ် ရှင်ပြန်ထမြောက်ခြင်းအကြောင်းတွေ (အထက်ဖော်ပြပါအချက်များ) ကို သိပါတယ်ဆိုပြီး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်မှာ တည်ကြည်ဖို့၊ အသက်တာမှာ မယိုင်လဲဖို့နဲ့ အမှုတော်မြတ်မှာ ကြိုးစားအားထုတ်ကြဖို့ မေ့နေကြသလားဆိုတာ ကျွန်တော် ဆင်ခြင်နေမိပါလျက် … စာဖတ်သူလည်း တလွဲဆံပင်ကောင်း ဖြစ်နေမှာ စိုးရိမ်ပေးရင်း
ရှင်ပြန်ထမြောက်တော်မူသောခရစ်တော်၌
‘ညီအစ်ကိုတို့၊ ငါသည်သင်တို့အား ဟောပြောဖူးသည်နှင့်အညီ၊ သင်တို့သည် ခံယူ၍ မှီဝဲဆည်းကပ်သော ဧဝံဂေလိတရားကို သင်တို့အား တစ်ဖန်ငါကြားလိုက်၏။- အထက်ကငါဟောပြောသည် အကြောင်းများကို သင်တို့သည် အကျိုးမဲ့မယုံဘဲ စိတ်စွဲလမ်းလျှင်၊ ထိုဧဝံဂေလိတရားအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ကြ၏။- ငါသည် ကိုယ်တိုင်ခံယူသည်အတိုင်း၊ သင်တို့အား ရှေ့ဦးစွာ အပ်ပေးသောအကြောင်းအရာဟူမူကား၊ ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။- သင်္ဂြိုဟ်ပြီးမှ၊ ကျမ်းစာလာသည်အတိုင်း သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏။- ‘
၁ ကောရိန္သု 15:1-4
‘ကေဖသည်ကိုယ်တော်ကို မြင်ပြီးမှ၊ တစ်ကျိပ်နှစ်ပါးသော သူတို့သည် မြင်ရကြ၏။- ထိုနောက် ညီအစ်ကိုငါးရာမက၊ တစ်ပြိုင်နက် မြင်ရကြ၏။ ထိုသူတို့တွင် အများသောသူတို့သည် ယခုတိုင်အောင် အသက်ရှင်ကြသေး၏။ အချို့တို့သည် အိပ်ပျော်ကြပြီ။- ထိုနောက် ယာကုပ်မြင်ရ၏။ ထိုနောက် တမန်တော်အပေါင်းတို့သည် မြင်ရကြ၏။- နောက်ဆုံး၌ အချိန်မတော်မတန် ဖွားသောသူကဲ့သို့ဖြစ်သော ငါပင်မြင်ရ၏။- ငါသည် အထက်က ဘုရားသခင်၏ အသင်းတော်ကို ညှဉ်းဆဲသောကြောင့်၊ အညံ့ဆုံးသော တမန်တော်ဖြစ်၏။ တမန်တော်ဟု ခေါ်ဝေါ်ခြင်းကို မခံထိုက်။- သို့သော်လည်း ဘုရားသခင်၏ကျေးဇူးတော်အားဖြင့်သာ ငါဖြစ်သည်အတိုင်း ငါဖြစ်၏။ ငါခံရသော ကျေးဇူးတော်ကိုလည်း အကျိုးမဲ့ခံရသည်မဟုတ်။ အခြားသော တမန်တော်အပေါင်းတို့ထက်၊ ငါသည် သာ၍ ကြိုးစားခြင်းကိုပြု၏။ ထိုသို့ဆိုသော်လည်း၊ ငါကြိုးစားသည်မဟုတ်။ ငါနှင့်အတူရှိသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြိုးစားတော်မူ၏။- ထိုကြောင့်၊ ငါဖြစ်စေ၊ သူတို့ဖြစ်စေ၊ ဤသို့ ငါတို့သည် ဟောပြောကြ၏။ ဤသို့လည်း သင်တို့သည် ယုံကြည်ကြ၏။ ‘
၁ ကောရိန္သု 15:5-11
‘ယခုမှာ၊ ခရစ်တော်သည် သေခြင်းမှ ထမြောက်တော်မူကြောင်းကို ဟောပြောရသည်ဖြစ်၍၊ သေသောသူတို့သည် ထမြောက်ခြင်းမရှိဟု သင်တို့တွင် အချို့သောသူတို့သည် အဘယ်ကြောင့် ဆိုရကြသနည်း။- သေသောသူတို့သည် ထမြောက်ခြင်းမရှိလျှင်၊ ခရစ်တော်သည် ထမြောက်တော်မမူ။- ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ ငါတို့ ဟောပြောခြင်း၌ အကျိုးမရှိ။ သင်တို့ယုံကြည်ခြင်း၌လည်း အကျိုးမရှိ။- ထိုမျှမက၊ ငါတို့သည် ဘုရားသခင်၏အမှုမှာ မမှန်သော သက်သေခံဖြစ်ကြ၏။- အကြောင်းမူကား၊ သေလွန်သောသူတို့သည် ထမြောက်ခြင်းမရှိလျှင်၊ ဘုရားသခင်သည် ခရစ်တော်ကို ထမြောက်စေတော်မမူ၊ ယခုမှာ၊ ခရစ်တော်ကို ထမြောက်စေတော်မူပြီဟု ငါတို့သည် ဘုရားသခင်၏အကြောင်းကို သက်သေခံကြ၏။ သေလွန်သောသူတို့သည် ထမြောက်ခြင်းမရှိလျှင်၊ ခရစ်တော်သည် ထမြောက်တော်မမူ။- ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ သင်တို့သည် ယုံကြည်သော်လည်း အကျိုးမရှိ၊ ဒုစရိုက်အပြစ်အောက်၌ ရှိကြသေး၏။- ထိုမှတစ်ပါး၊ ခရစ်တော်ကို ယုံကြည်၍ အိပ်ပျော်သောသူတို့သည် ဆုံးရှုံးခြင်းသို့ရောက်ကြပြီ။- ငါတို့သည် ခရစ်တော်ကို အမှီပြု၍ ယခုဘဝ၌သာ မျှော်လင့်စရာရှိလျှင်၊ အခြားသော သူအပေါင်းတို့ထက် သာ၍ ဆင်းရဲသောသူ ဖြစ်ကြ၏။ ယခုမူကား၊ ခရစ်တော်သည် သေခြင်းမှ ထမြောက်တော်မူ၍၊ အိပ်ပျော်သောသူတို့တွင် အဦးသီးသောအသီး ဖြစ်တော်မူပြီ။- သို့ဖြစ်၍ လူအားဖြင့် သေခြင်းတရားသည် တည်သကဲ့သို့၊ သေသောသူတို့၏ ထမြောက်ခြင်းတရားသည် လူအားဖြင့် တည်လျက်ရှိ၏။- လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့ ရောက်သည်နည်းတူ၊ လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်ရကြလတ္တံ့။- သို့ရာတွင် လူအသီးအသီးတို့သည် မိမိတို့ အလှည့်အတိုင်း လိုက်ရကြလိမ့်မည်။ ခရစ်တော်သည် အဦးသီးသောအသီး ဖြစ်တော်မူ၏၊ ခရစ်တော်သည် ကြွလာတော်မူသောအခါ၊ တပည့်တော်ဖြစ်သော သူတို့သည် ရှင်ခြင်းသို့ ရောက်ကြလိမ့်မည်။ ထိုအခါ ခရစ်တော်သည် အထွတ်အမြတ် အာဏာတန်ခိုးအမျိုးမျိုးကို ပယ်ရှင်း၍၊ မိမိနိုင်ငံကို ဘုရားသခင်တည်းဟူသော ခမည်းတော်၌ အပ်ပြန်တော်မူပြီးမှ ကမ္ဘာကုန်ရလတ္တံ့။- ခရစ်တော်သည် ရန်သူအပေါင်းတို့ကို ခြေဖဝါးတော်အောက်၌ ချထားတော်မမူမီတိုင်အောင် အုပ်စိုးတော်မူရမည်။- နောက်ဆုံးသော ရန်သူတည်းဟူသော သေမင်းသည် ဆုံးရှုံးခြင်းသို့ ရောက်ရလတ္တံ့။- ခပ်သိမ်းသောအရာတို့ကို လူသား၏ခြေအောက်၌ ချထားတော်မူသည်ဟု ကျမ်းစာလာ၏။ ခပ်သိမ်းသောအရာတို့သည် ချထားလျက်ရှိကြောင်းကို ဆိုသော်၊ ခပ်သိမ်းသောအရာတို့ကို လူသားအောက်၌ ချထားတော်မူသောသူသည် ကြွင်းတော်မူကြောင်း ထင်ရှားသတည်း။- ခပ်သိမ်းသော အရာတို့သည် လူသားအောက်၌ ချထားလျက် ရှိသောအခါ၊ ခပ်သိမ်းသောအရာတို့ကို သူ့အောက်၌ ချထားတော်မူသော သူ၏အုပ်စိုးတော်မူခြင်းကို သားတော်သည် ကိုယ်တိုင်ဝန်ခံလိမ့်မည်။ အကြောင်းမူကား၊ ဘုရားသခင်သည် အလုံးစုံ ဖြစ်တော်မူမည် အကြောင်းတည်း။ သေလွန်သောသူတို့သည် ထမြောက်ခြင်း အလျှင်းမရှိလျှင်၊ သေလွန်သော သူတို့၏ ကိုယ်စား ဗတ္တိဇံကိုခံသော သူတို့သည် အဘယ်သို့ ပြုရမည်နည်း။ သေလွန်သော သူတို့၏ကိုယ်စား အဘယ်ကြောင့် ဗတ္တိဇံကို ခံရကြသနည်း။- ငါတို့သည်လည်း ဘေးရောက်အံ့သော အခြင်းအရာနှင့် အဘယ်ကြောင့် တွေ့ရကြသနည်း။- ငါသည် နေ့တိုင်းအသေခံရ၏ဟု ငါတို့သခင်ယေရှုခရစ်၌ သင်တို့အကြောင်းကြောင့် ငါဝါကြွား ဝမ်းမြောက်ခြင်းကို တိုင်တည်၍ ငါဆိုဝံ့၏။- သေလွန်သောသူတို့သည် ထမြောက်ခြင်း မရှိလျှင်၊ ဧဖက်မြို့၌ လောကီဝေါဟာရအားဖြင့်၊ အထက်က ငါသည်သားရဲတို့နှင့် တိုက်သော်လည်း၊ အဘယ်အကျိုးရှိသနည်း။ စားကြကုန်အံ့၊ သောက်ကြကုန်အံ့၊ နက်ဖြန်သေရကြမည်။- အလွဲမယူကြနှင့်။ မကောင်းသော သူတို့နှင့် ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ ယိုယွင်းတတ်၏။- တရားသဖြင့် နိုးကြလော့။ ဒုစရိုက်ကိုမပြုကြနှင့်။ အချို့သောသူတို့သည် ဘုရားသခင်ကို မသိကြ။ ထိုသို့ဆိုသော်၊ သင်တို့ကို ရှက်ကြောက်စေခြင်းငှာ ငါဆို၏။ သေလွန်သောသူတို့သည် အဘယ်သို့ ထမြောက်ကြမည်နည်း။ အဘယ်သို့သော ကိုယ်နှင့် ပေါ်လာကြမည်နည်းဟု တစ်စုံတစ်ယောက်သောသူ မေးလိမ့်မည်။- အချင်းလူမိုက်၊ သင်စိုက်သောမျိုးစေ့မပျက်လျှင် မရှင်တတ်။- ထိုမှတစ်ပါး မျိုးစေ့ကို စိုက်သောအခါ၊ နောက်ဖြစ်လတ္တံ့သော ကိုယ်ကို မစိုက်၊ ဂျုံစပါးဖြစ်စေ၊ အခြားသောစပါးဖြစ်စေ၊ အစေ့သက်သက်ကို စိုက်တတ်၏။- ဘုရားသခင်သည် အလိုတော်ရှိသည်အတိုင်း ကိုယ်ကို ပေးတော်မူ၏။ မျိုးစေ့အသီးအသီးတို့အားလည်း၊ မိမိတို့မျိုးအတိုင်း ကိုယ်ကိုပေးတော်မူ၏။- အသားရှိသမျှတို့သည် တစ်မျိုးတည်းမဟုတ်။ လူသားတစ်မျိုး၊ အမဲသားတစ်မျိုး၊ ငါးသားတစ်မျိုး၊ ငှက်သားတစ်မျိုး၊ အသီးအသီးရှိကြ၏။- ကောင်းကင် အကောင်အထည်လည်းရှိ၏။ မြေကြီး အကောင်အထည်လည်း ရှိ၏။ ကောင်းကင် အကောင်အထည်၏ ဂုဏ်အသရေလည်းတစ်မျိုး၊ မြေကြီး အကောင်အထည်၏ ဂုဏ်အသရေလည်း တစ်မျိုးဖြစ်၏။- နေ၏ဂုဏ်အသရေတစ်မျိုး၊ လ၏ဂုဏ်အသရေတစ်မျိုး၊ ကြယ်တို့၏ ဂုဏ်အသရေတစ်မျိုး အသီးအသီး ရှိကြ၏။ ကြယ်တို့၏ ဂုဏ်အသရေသည်လည်း အသီးသီး အခြားခြား ဖြစ်ကြ၏။- ထိုနည်းတူ၊ သေသောသူတို့၏ ထမြောက်ခြင်း အကြောင်းအရာဖြစ်၏။ ကိုယ်သည် စိုက်သောအခါ၊ ပုပ်တတ်သောသဘောရှိ၏။ ထမြောက်သောအခါ မပုပ်နိုင်သောအဖြစ်၌ တည်၏။- စိုက်သောအခါ ဂုဏ်အသရေပျက်၏။ ထမြောက်သောအခါ ဂုဏ်အသရေနှင့် ပြည့်စုံ၏။ စိုက်သောအခါ အစွမ်းမရှိ။ ထမြောက်သောအခါ အစွမ်းနှင့် ပြည့်စုံ၏။- စိုက်သောအခါ ဇာတိပကတိ ကိုယ်ဖြစ်၏။ ထမြောက်သောအခါ ဝိညာဏကိုယ်ဖြစ်၏။ ဇာတိပကတိ ကိုယ်တစ်မျိုး၊ ဝိညာဏကိုယ်တစ်မျိုးရှိ၏။- ကျမ်းစာလာသည်ကား၊ ရှေ့ဦးစွာသော လူအာဒံသည် အသက်ရှင်သော သတ္တဝါဖြစ်၏ဟု လာသတည်း။ ယခုတွင် နောက်ဆုံးဖြစ်သော အာဒံမူကား၊ အသက်ရှင်စေတတ်သော ဝိညာဉ်ဖြစ်၏။- ဝိညာဏကိုယ်သည် ရှေ့ဦးစွာဖြစ်သည်မဟုတ်၊ ဇာတိပကတိကိုယ်သည် ရှေ့ဦးစွာဖြစ်၏။ နောက်မှ ဝိညာဏကိုယ်ဖြစ်၏။- ရှေ့ဦးစွာသော လူသည် မြေကြီးကဖြစ်သောကြောင့် မြေသားဖြစ်၏။ ဒုတိယလူမူကား၊ ကောင်းကင်ဘုံက ဖြစ်တော်မူသော သခင်ပေတည်း။- မြေသားတို့သည် ထိုမြေသားကဲ့သို့ ဖြစ်ကြ၏။ ကောင်းကင်သားတို့သည် ထိုကောင်းကင်သားကဲ့သို့ ဖြစ်ကြလိမ့်မည်။- ငါတို့သည် မြေသား၏ ပုံသဏ္ဌာန်ကိုဆောင်သကဲ့သို့၊ ကောင်းကင်သား၏ပုံသဏ္ဌာန်ကို ဆောင်ကြလိမ့်မည်။’
၁ ကောရိန္သု 15:12-49
‘ညီအစ်ကိုတို့၊ ငါဆိုသည်ကား၊ လူအသွေးအသားသည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံနိုင်၊ ပုပ်တတ်သောအရာသည် မပုပ်နိုင်သောအဖြစ်ကို အမွေမခံနိုင်။- နက်နဲသော အရာတစ်ခုကို ငါပြဦးမည်။ ငါတို့ရှိသမျှသည် အိပ်ပျော်ရကြမည်မဟုတ်။- သို့သော်လည်း၊ နောက်ဆုံးသော တံပိုးမှုတ်သောအခါ၊ တစ်ခဏချင်းတွင် မျက်စိတစ်မှိတ်၌ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန် ရောက်သောအခါ၊ သေလွန်သောသူတို့သည်၊ မပုပ်နိုင်သောအဖြစ်၌ တည်လျက် ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။- ယခုမျက်မှောက် ပုပ်တတ်သောအရာသည် မပုပ်နိုင်သောအဖြစ်သို့ ဝင်စားရမည်။ ယခုမျက်မှောက် သေတတ်သောအရာသည် မသေနိုင်သောအဖြစ်သို့ ဝင်စားရမည်။- ဤပုပ်တတ်သောအရာသည် မပုပ်နိုင်သော အဖြစ်သို့လည်းကောင်း၊ ဤသေတတ်သောအရာသည် မသေနိုင် သောအဖြစ်သို့လည်းကောင်း၊ ဝင်စားသောအခါ၊ သေခြင်းသည် အောင်ခြင်း၌နစ်မြုပ်ပြီဟု ကျမ်းစာ၌လာချက် ပြည့်စုံလိမ့်မည်။- အို သေမင်း၊ သင်၏လက်နက်သည်၊ အဘယ်မှာ ရှိသနည်း။ အို မရဏနိုင်ငံ၊ သင်၏အောင်ခြင်းသည် အဘယ်မှာရှိသနည်း။- သေမင်း၏လက်နက်ကား၊ ဒုစရိုက်အပြစ်ပေတည်း။ ဒုစရိုက်အပြစ်၏ တန်ခိုးကား၊ ပညတ်တရား ပေတည်း။- ‘
၁ ကောရိန္သု 15:50-56
‘ငါတို့သခင် ယေရှုခရစ်အားဖြင့် ငါတို့အား အောင်ခြင်းအခွင့်ကို ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးလှစွတကား။- ထိုကြောင့် ငါချစ်သောညီအစ်ကိုတို့၊ သင်တို့သည် သခင်ဘုရား၏အမှုတော်ကို ဆောင်ရွက်၍ အကျိုးကြီးသည်ကို သိမှတ်သဖြင့် တည်ကြည်သောစိတ်နှင့် ပြည့်စုံ၍၊ မရွေ့လျော့ မတိမ်းယိမ်းဘဲလျက်၊ သခင်ဘုရား၏ အမှုတော်ကို ကြိုးစားအားထုတ်ကြလော့။’
၁ ကောရိန္သု 15:57-58
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ An Abiding Branch နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။