Skip to content

အသက်ရှိသ၍

ရက်လနှစ်များ တရွေ့ရွေ့ပြောင်းလဲလာခဲ့သည်ဖြစ်သော်လည်း ကျွန်တော် ကျွန်မ အယောက်စီတိုင်း၏ စိတ်နှလုံးသားထဲတွင် တစ်ခုခုအလိုမကျသည့် စိတ်၊ မျှော်လင့်ချက် ပျောက်ဆုံးနေသည့် ခံစားချက်၊ ဆုံးရှုံးခြင်း နာကျင်ခြင်း ငိုကြွေးခြင်းထဲ၌ တဝဲဝဲလည်နေသည့် အခြေအနေများသည် မျှော်လင့်စရာကိုပင် မမျှော်လင့်ရဲလောက်အောင်ကို ရက်ဟောင်း လဟောင်း နှစ်ဟောင်းနှင့်အတူတူ မြေမြုပ်ပစ်ချင်စရာများဖြစ်နေပြီလား …
မျှော်လင့်ခြင်းများသည် ဖင့်နွဲ့ကာ တရွေ့ရွေ့နှင့်သာ မှေးမှိန်လာကာ “ငါ မျှော်လင့်ခဲ့ဖူးပါလား၊ တော်ပါပြီ မထူးတော့ဘူး” ဟု ခံစားမိကာ “များများမျှော်လင့်ရင် များများနာကျင်ရတယ်” ရပ်တန့်လိုက်ပါပြီ ဘာဆိုဘာမှ မမျှော်လင့်တော့ပါဘူးဟု တွေးနေမိပြီလား …

ကျွန်တော်တို့၏ လူ့ဘဝ ယခု အသက်ရှူနေသည့် ဝင်သက်ထွက်သက် အချိန်ခဏလေးတွင် အသက်ရှင်နေမှသာ လုပ်ဆောင်နိုင်သည့် ဆုကျေးဇူးတစ်ခုသည် မျှော်လင့်ခြင်းဟုဆိုရလျှင်လည်း မမှားချေ။ ယနေ့ ဤလောကကြီးထဲမှ ထွက်ခွာသွားကြရသူများထဲတွင် မိတ်ဆွေနှင့် ကျွန်ုပ်မပါသေးသ၍ ထိုမျှော်လင့်ခြင်းသည် မျှော်လင့်၍ရသေး၏။ ထိုသို့ မျှော်လင့်ပိုင်ခွင့်လည်း ရှိသည်။ သို့သော် ထွက်ခွာသွားကြရသူများအတွက်တော့ ထိုအခွင့်အရေးမရှိတော့သည်မှာ အသေအချာပင် … ဤသည်မှာ ရှင်ခြင်းနှင့် သေခြင်း၏ အကြီးမားဆုံးကွာခြားချက်များထဲမှ တစ်ခုပင်ဖြစ်သည်။ သေဆုံးသွားမှ ပြန်ပြင်ဆင်၍မရသကဲ့သို့ မျှော်လင့်၍လည်း မရတော့ချေ။

မည်သည့်အချိန်၌ သင်နှင့်ကျွန်တော်တို့သည် ဤလောကအား နှုတ်ဆက်ထွက်ခွာကြရမည်ကို အတိအကျ မသိကြသော်လည်း လက်ရှိယခုအချိန်လေးသည် မျှော်လင့်၍ရသေးသော အခွင့်အရေးဖြစ်သည် မဟုတ်ပါလား။ ထို့ကြောင့် ဒေသနာဆရာကလည်း အသက်ရှင်နေသောသူသည် မျှော်လင့်စရာရှိကြောင်းကို ဆိုထားသည်။ 

မည်မျှ ခက်ခဲပါစေ၊ မည်မျှ နာကျင်နာကျင်၊ မည်မျှ ငိုကြွေးနေရပါစေဦးတော့ အသက်ရှင်နေသေးတယ် … မည်မျှ ဖိနှိပ်မှုများကြားထဲ၌ အော်ဟစ်နေရပါစေ၊ မည်မျှ ကျဆုံးနေပါစေ အသက်ရှင်နေသေးတယ် … ထိုအသက်ရှင်နေခြင်းကသာ တစ်စုံတစ်ခုအား မျှော်လင့်၍ ရသေးသော အခွင့်အရေး၊ ဆုကျေးဇူးတစ်ခုသာ …

ဒေသနာကျမ်း ၉:၄
အသက်ရှင်သော လူစုအပေါင်းနှင့် ဆိုင်သေးသောသူသည် မျှော်လင့်စရာရှိ၏။ အသက်ရှင်သောခွေးသည် သေသောခြင်္သေ့ထက် သာ၍ကောင်းမြတ်၏။

ဤသို့ဖြင့် အသက်ရှင်နေရခြင်းသည်သာလျှင် မျှော်လင့်၍ရသည်ကို နားလည်ရပါသည်။ မည်သို့ပင် တောကြီးတစ်ခုလုံးအား အုပ်စိုးနိုင်သည့် ကေသရာဇာခြင်္သေ့ဖြစ်နေပါစေ အသက်မရှိလျှင် အချည်းနှီးသာဖြစ်ကာ ထိုခြင်္သေ့ထက် အသက်ရှိသော ခွေးသည် သာ၍ကောင်းသေး၏။ သေလျက်ရှိသော မဟိန်းဟောက်နိုင်တော့သည့် ထိုသတ္တဝါကြီးထက် သေးငယ်ကာ ခွန်အားနည်းသည့် သက်ရှိခွေးသည် သက်ရှိနှင့်ဆက်ဆိုင်သော အရာများအားလုံးကို လုပ်ဆောင်နိုင်သကဲ့သို့ ဟောင်လည်း ဟောင်နိုင်သေးသည်မဟုတ်ပါလား …

မိတ်ဆွေနှင့် ကျွန်တော်တို့၏ အယောက်စီတိုင်း၌ ကိုယ်စီကိုယ်စီ နာကျင်စရာ၊ ငိုကြွေးစရာ၊ အခက်အခဲများအား ရင်ဆိုင်နေကြရမည်မှာ အမှန်ပါ။ လက်လွှတ်ချင်လောက်အောင် ပင်ပန်းနေပြီ၊ မဖြစ်နိုင်တော့ပါဘူး ပိုဆိုးနေပါပြီ၊ မမျှော်လင့်ချင်တော့အောင် နာကျင်နေပြီ သို့သော် အသက်ရှင်နေသ၍ မျှော်လင့်၍ရသေးသည်မှာ ဆုကျေးဇူးတစ်ခုဖြစ်ကြောင်း ပြန်လည်ဆင်ခြင်လျက် သေလျှက်ရှိသော ကေသရာဇာထက် အသက်ရှိသော ခွေးသည် သာ၍မြတ်ကြောင်း ဒေသနာဆရာ၏ သတိပေးခြင်းအား နှလုံးသွင်းရင်း ကိုယ်စီဆက်လက်မျှော်လင့်ကြပါစို့။

ဘုရားရှင်ဆက်လက်စကားပြောပါစေ။