“သစ္စာ”ဆိုတဲ့ဝေါဟာရရဲ့အနက်ကိုလေ့လာကြည့်တဲ့အခါမှာ အမှန်တရား၊ မှန်ကန်သောစကား၊ တစုံတခု(သို့)တစုံတယောက်ပေါ်တွင်ထားရှိသော စောင့်သိရိုသေမှုလို့တွေ့ရပါတယ်။ နောင်ကာလတည်းဟူသော ခဲယဉ်းသောကာလမှာ သစ္စာဖျက်တတ်သောသူတွေရှိလာမယ်ဆိုတာ နှုတ်ကပတ်တော်ကသတိပေးထားပါတယ်။ အထူးသဖြင့် ယုံကြည်သူအသက်တာတွေထဲမှာလည်း ဘုရားသခင်နှင့်နှုတ်ကပတ်တော်သမ္မာတရားအပေါ်မှာ သစ္စာမဲ့လာရုံမျှမက၊ သစ္စာကိုဖျက်ခြင်းအခြေအနေတွေရှိလာနေခြင်းက စိတ်မကောင်းစရာပင်။
ဒီကနေ့ အသင်းတော်ထဲမှာ၊ အိမ်ထောင်မှာ၊ အသက်တာတခုချင်းစီတွေတိုင်းမှာ သတိထားကြည့်လျှင် သစ္စာရှိသောသူ(faithful)များနည်းလာပါသည်။ ထိုသို့နည်းလာခြင်းကလည်း လောကဓံကြောင့်သော်လည်းကောင်း၊ လောကဆန်သောကြောင့်သော်လည်းကောင်း ဖြစ်လာပေသည်။ ယုံကြည်သူတဦးအနေဖြင့် အသက်တာကိုသစ္စာရှိစွာအသက်မရှင်လာတော့ခြင်းက လောကအလယ်မှာ အလင်းနှင့်ဆား ဘယ်လိုမှမဖြစ်နိုင်ပေ။ ယုံကြည်စိတ်ချစရာ မကောင်းသည့် ဘုရားသားသမီးများအဖြစ်နှင့် ဘယ်လိုလုပ်ပြီး “လောကနှင့်မဆိုင်”အခြေအနေမျိုးကို ပုံသက်သေထင်ရှားစေနိုင်မည်နည်း။
သုတ္တံ ကျမ်း ၂၅း၁၉
“အမှုရောက်သောကာလ၌ သစ္စာပျက်တတ်သောသူကိုယုံလျှင် သွားကျိုးခြင်း၊ ခြေဆစ်ပြုတ်ခြင်းကို ခံရ၏။”
ဒုက္ခဆင်းရဲကြုံနေသူတယောက်ဟာ ကိုယ့်ကိုယုံကြည်အားကိုးလာချိန်မှာ ကိုယ်တိုင်က သစ္စာပျက်ကာ သူတပါးအားကိုးအားထားမှုကို အလွဲသုံးစားလုပ်တတ်သူမျိုး မဖြစ်သင့်ပါ။ ဒီလိုလူမျိုးကို ယုံကြည်ပုံအပ်မိသွားတဲ့သူရဲ့အဖြစ်ကတော့ သွားကျိုးနေတာ ဒါမှမဟုတ် ခြေထောက်မခိုင်တဲ့အဖြစ်မျိုးလို့ သုတ္တံဆရာက ဆိုပါတယ်။ သူတပါးဒုက္ခရောက်နေချိန်မှာ ထပ်ပြီးဒုက္ခရောက်စေလိုက်တာက ဆိုးရွားတဲ့အမှုအရာပါ။ ဒါကြောင့် ယုံကြည်သူများအနေဖြင့် တခါတရံအားကိုးရှာမိတဲ့အခါ စိတ်ချရတဲ့ယုံကြည်သူကိုသာရှာမိဖို့ရာ သတိပြုပါ။ ထို့အပြင် ကိုယ်တိုင်ကလည်း သစ္စာရှိသူအဖြစ် ပြင်ဆင်ကာအသက်ရှင်နေသူဖြစ်ဖို့လည်း အသင့်ရှိစေပါ။
သုတ္တံကျမ်း ၁၃း၂
“လူသည် မိမိနှုတ်၏အသီးတည်းဟူသော ကောင်းသောအရာကို စားရ၏။ ပြစ်မှားတတ်သောသူမူကား၊ ညှဉ်းဆဲခြင်းအပြစ်၏ အသီးကိုစားရ၏။”
ကောင်းကောင်းမွန်မွန်အသက်ရှင်တတ်ခြင်းက ယုံကြည်သူတယောက်အတွက် အကောင်းမြင်သဘောတခုတည်း ရှိနေလို့ချည်းပဲ မဟုတ်ပါဘူး။ အကောင်းတွေပဲပြောနေလို့ အကောင်းတွေခံစားရတာမျိုးလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ အဓိက ကတော့ သစ္စာရှိသူ၊ သစ္စာကတိထားရာကိုလွယ်လွယ်နဲ့ မဖျက်တတ်သူဟာ ကိုယ်ပြောတဲ့စကားအတိုင်း အသက်ရှင်ခြင်း ကောင်းကျိုးကိုခံစားရမှာပါပဲ။ ဒါကြောင့် ကိုယ်တိုင်စိုက်လိုက်တဲ့အရာကို ကိုယ်တိုင်စားရတာ ယုံကြည်သူတိုင်းလက်တွေ့ပါပဲ။ ပြစ်မှားတတ်သောသူ (တနည်း) သစ္စာကိုဖျက်တတ်သောသူကတော့ ညှင်းဆဲခြင်းအပြစ်ရဲ့ အကျိုးကိုခံစားရမြဲပါပဲ။ စဉ်းစားကြည့်ပါ … သစ္စာပြုချိန်နဲ့ဖောက်ဖျက်ကျုးလွန်လိုက်ချိန်နှစ်ခုမှာ ပြုချိန်မှာတော့ ကောင်းမွန်ပြီး၊ ဖျက်လိုက်ချိန်မှာတော့ ထိုကောင်းမွန်ခြင်းနှင့်ဆန့်ကျင့်ဖက်ပင်မဟုတ်လော။
ချစ်သောညီကိုမောင်နှမတို့ ကျွန်ုပ်တို့တတွေ ဒီကနေ့ လွယ်လွယ်ကူကူနဲ့ပေးလိုက်တဲ့ကတိတွေ၊ သစ္စာတွေမှာ အမှန်တကယ်ပဲကောင်းသောဆန္ဒသဘောများနဲ့ ဟုတ်ပါရဲ့လား။ လွယ်လွယ်လေးပေးလိုက်ရင်းနဲ့လွယ်လွယ်လေးဖောက်ဖျက်လိုက်ပစ်တာမျိုးတော့ မဖြစ်သင့်ပါ။ ဘုရားရှင်သည် ကျွန်ုပ်တို့၏သစ္စာကတိထားခြင်းအရာတိုင်းကို မြင်ပေသည်မဟုတ်လော။ ဘုရားသခင့်ထံသို့သစ္စာကတိထားခြင်းဖြစ်ပါစေ၊ လူတဦးတယောက်ပေါ်ထားခြင်းဖြစ်ပါစေ ထိုနှစ်ခုလုံးမှာ သစ္စာမဲ့ဖောက်ဖျက်ခြင်းမျိုးက ဘုရားရှင်နှစ်သက်တော်မူသည့်အရာ မဟုတ်ပါ။ ဒါကြောင့် နောင်ကာလဆိုတဲ့ခဲယဉ်းတဲ့ ကာလမှာ ဘုရားရှင်ထံ၌ သစ္စာရှိသည့်ငယ်သားကောင်းဖြစ်အစေခံအသက်ရှင်လျက် အားနည်းသောသူတို့အပေါ်မှာ သစ္စာတည်သောသူများဖြစ်ပါမည်အကြောင်း တိုက်တွန်းရင်း
မေတ္တာဖြင့်
ယခုဆောင်းပါးသည် မူရင်းစာရေးသူဖြစ်သော ဆရာ Broshay နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူများ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။