Skip to content

၁၃၈ ခုမြောက်သောဆာလံသည် ချီးမွမ်းခြင်းဆာလံတစ်မျိုးဖြစ်သည်။ “Individual hymn, Thanksgiving song” ဟုနားလည်ရသကဲ့သို့ ဒါဝိဒ်ကြီးစပ်ဆိုသည်ဟု သိရပါသည်။

ဤဆာလံ၏ Theme သည် “ဆုတောင်းခြင်း၏ အဖြေများအတွက် ကျေးဇူးတော်ချီးမွမ်းခြင်းမျိုး” ပင် … ထို့ကြောင့် ဒါဝိဒ်၏ ခက်ခဲမှုများ၊ နာကျင်ခဲ့ရမှုများ၊ ငိုကြွေးခဲ့ခြင်းများ၏ အဖြေအတွက် ချီးမွမ်းခြင်းမျိုးလော … သို့တည်းမဟုတ် သူ့ဘဝ၏ အခြေအနေအရပ်ရပ်တို့အား ပြန်လည်သုံးသပ် ဆင်ခြင်ကာ ချီးမွမ်းနေခြင်းမျိုးလော … မည်သို့ပင်ဖြစ်ပါစေမူ ဒါဝိဒ်ကြီး၏ ချီးမွမ်းခြင်းအားဖြင့် ဤဆာလံပေါ်ပေါက်လာခဲ့သည်မှာတော့ ငြင်းဆိုစရာပင် မရှိခဲ့ချေ။

ထိုနည်းတူ ကျွန်တော်တို့၏ အခက်အခဲ၊ အတားအဆီးများနှင့် ဒုက္ခဆင်းရဲများကြားထဲမှနေလည်း ဘုရားသခင်အလုပ်လုပ်နေခြင်းနှင့် ဆုတောင်းခြင်းများ၏ အဖြေများအတွက်လည်း ကျေးဇူးတော်ချီးမွမ်းကြသည်။

ကျွန်တော်တို့အယောက်စီတိုင်း၏ ဆုတောင်းခြင်းများမှရရှိသော အဖြေများအတွက်လည်း ကျေးဇူးတော်ချီးမွမ်းခဲ့ကြသည်၊ ဆက်လက်၍ ချီးမွမ်းနေကြသည့်နည်းတူ နောက်ကိုလည်း ဆက်ပြီးဆက်ပြီးတော့ကို ကျေးဇူးတော် ချီးမွမ်းကြဦးမှာလည်းဖြစ်ပေသည်။

ဆာလံဆရာ၏ ချီးမွမ်းခြင်းသည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်အတွက် လုံးလုံးချီးမွမ်းခြင်းကို ယုံမှားသံသယကင်းစွာမြင်တွေ့ရသည်။ ဒါဝိဒ်၏အသက်တာ၌ ဘုရားသခင်အတူရှိသကဲ့သို့ သင်နှင့် ကျွန်ုပ်အသက်တာ၌ ဘုရားသခင်အတူရှိသည်။ ဒါဝိဒ်အား ဘုရားသခင်ပို့ဆောင်သည်နည်းတူ သင်နှင့်ကျွန်ုပ်အား ဘုရားသခင်ပို့ဆောင်နေပေသည် မဟုတ်ပါလား … 

နှစ်ပေါင်းများစွာ ပို့ဆောင်ခဲ့တယ် ယခုလည်း ပို့ဆောင်နေတုန်းပဲ နောက်လည်း ပို့ဆောင်ဦးမည့် ထိုဘုရားရှင်နာမ သာ၍သာ၍ ဘုန်းကြီးပါစေ။ ထိုသို့ ဆက်လက်ပို့ဆောင်ဦးမည့် ကျွန်တော်တို့နှင့်အတူရှိသော ဧမာနွေလ ဘုရားသခင်ကို ချီးမွမ်းကြခြင်းပင် …

(၁-၃) ဒါဝိဒ်သည် သူ့အပေါ်၌ ဘုရားသခင်၏ ကောင်းမြတ်ခြင်းအား ချီးမွမ်းသည်။ (Individual Praise) အား မြင်တွေ့ရသည်နည်းတူ ကျွန်ုပ်တို့ ကိုယ်စီကိုယ်စီ ကျေးဇူးတော်ချီးမွမ်းကြသည်။

(၄-၅) သူချီးမွမ်းသကဲ့သို့ တခြားသူများလည်း ချီးမွမ်းကြလိမ့်မည်။ (International Praise) အပြည်ပြည်ဆိုင်ရာ နိုင်ငံပေါင်းစုံ ချီးမွမ်းခြင်းမျိုး၊ ဘုရင်၊ မင်းသား၊ မယုံကြည်သူ၊ အခြားသောလူများ စသဖြင့်၊ ထိုနည်းတူ ကျွန်ုပ်တို့အပေါ်၌ ဘုရားရှင်၏ ကောင်းမြတ်ခြင်းအား မြင်မှတ်၍ ချီးမွမ်းခြင်းမျိုးလည်း အပါအဝင်ဖြစ်ပေဦးလိမ့်မည်။

(၆-၈) ဘုရားသခင်သည် သူ့အပေါ်၌ ဆက်ကာဆက်ကာ ကောင်းမြတ်နေဦးလိမ့်မည်ဟူသည့် (Invincible Praise)၊ မချိုးဖျက်နိုင်သည့် ချီးမွမ်းခြင်း (Unbreakable Praise) သည် ခက်ခဲခြင်း၊ နာကျင်ခြင်း၊ အဆင်မပြေခြင်း၊ ဆုံးရှုံးခြင်း စသဖြင့် မည်သည့်အချိန်အခါ၌ပင်ဖြစ်စေကာမူ ထိုချီးမွမ်းခြင်းအား မရပ်တန့်စေနိုင်ကြောင်းကို မြင်တွေ့ရသည်။ ယနေ့ သင်နှင့်ကျွန်ုပ်တို့၏ အသက်တာအတွက် ခွန်အားယူကာ အတုယူဆင်ခြင်စရာပင် …

ဆာလံကျမ်း ၁၃၈:၇-၈
အကျွန်ုပ်သည် ဆင်းရဲဒုက္ခများ၌ ကျင်လည်သော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို အသက်ရှင် စေတော်မူလိမ့်မည်။ လက်တော်ကိုဆန့်လျက်၊ ရန်သူတို့၏ အမျက်ဒေါသကို ဆီးတား၍၊ လက်ျာလက်တော်အားဖြင့် အကျွန်ုပ်ကို ကယ်တင်တော်မူလိမ့်မည်။
ထာဝရဘုရားသည် ငါ၏အမှုကို ပြီးစီးစေတော်မူမည်။ အိုထာဝရဘုရား၊ ကရုဏာတော်သည် အစဉ်အမြဲ တည်ပါသည်ဖြစ်၍၊ ကိုယ်တော်၏ လက်နှင့်ပြုစုသော အမှုတို့ကို စွန့်ပစ်တော်မမူပါနှင့်။

ကျွန်ုပ်တို့၏ ဆင်းရဲဒုက္ခ၊ ခက်ခဲမှုများကြားထဲမှနေလည်း ကယ်တင်တော်မူဦးမည်။ သူ့ချည်းသာမက ဘုရားနှင့်လူ၏ ဝေးကွာခဲ့ရသည့်အဖြစ်၊ အပြစ်တရား အမုန်းတရားမှနေလည်း လက်တော်ကိုဆန့်ကာ ကားတိုင်ထက်၌ သက်တော်စွန့်၍ ဖြန်ဖြေပေးခဲ့သည်မှာလည်း ယေရှုခရစ်တော်ပင် … ထိုအပြစ်တရားကြောင့်ရလဒ်ဖြစ်သည့် ရန်စွယ်သာမက အခြားအခြားသော (Physical, Emotional, Spiritual) မြင်ရသည့်ရန်သူဖြစ်စေ မမြင်ရသည့်ရန်သူဖြစ်စေ ထိုရန်သူများ၏လက်မှလည်း ကယ်တင်ခဲ့သည် ကယ်တင်နေသည် ကယ်တင်ဦးမည် … အာမင်။

ထို့ကြောင့် “Physical, Emotional” နာကျင်ခြင်း၊ ခက်ခဲခြင်း၊ ချုပ်နှောင်ခြင်းတို့သာမက “Spiritual” ကိုပါ “Deliverance” ကယ်လွှတ် ရွေးနှုတ်တော်မူထသော ထိုဘုရားသခင်ထံမှသာ လာသည့် ကယ်တင်ခြင်း “Salvation” သည် သင်နှင့်ကျွန်ုပ်အပေါ်၌ တည်သည်ဖြစ်၍ ကျေးဇူးတော်အပေါင်းအား မမေ့မလျော့ ချီးမွမ်းကြကာ နောင်လာမည့်နေ့ရက်တိုင်း လတိုင်း နှစ်တိုင်းတွင်လည်း သူ၏ ကရုဏာတော်နှင့် မေတ္တာတော်သည် ကျွန်ုပ်တို့အပေါ်၌ မနေ့ ယနေ့ နောင်ကာလ မပြောင်းမလဲ အစဥ်အမြဲတည်ရှိ တည်နေဦးမည်ဆိုသည်ကို ကြွေးကြော် ဝန်ခံကြရင်း “၁၃၈ ခုမြောက်သော ဆာလံ” အားဖြင့် ကျေးဇူးတော်ချီးမွမ်းကြပါစို့။

ဘုရားရှင်ဆက်လက်စကားပြောပါစေ။