Skip to content

ဘုရားသခင်ပင်ဖြစ်သည်

ရံဖန်ရံခါတွင် အမှုတော်မြတ်၌ ပါဝင်လှုပ်ရှားကြရင်းသော်လည်းကောင်း ဧဝံဂေလိသတင်းကောင်း ဝေမျှရင်းဖြင့်သော်လည်းကောင်း ကျွန်တော်တို့၏ စိတ်နှလုံးထဲ၌ ပူပန်ခြင်းနှင့် စိုးရိမ်မှုများ အလှည့်ကျ ခိုအောင်းလေ့ရှိကြသည်။

(၁) လုပ်ဆောင်တာ အဆင်မှပြေရဲ့လား။
(၂) ကြားတဲ့သူတွေ နားလည်ပါ့မလား။
(၃) အရာမှထင်ရဲ့လား။
(၄) ရည်ရွယ်ထားသလောက် ထိရောက်ပါရဲ့လား။

… စသဖြင့် စိုးရိမ်မှုများသည် အနည်းနှင့်အများတော့ ရှိနေတတ်ကြသည် မဟုတ်ပါလား …

တစ်ခါတစ်ခါတွင်လည်း တမျိုးတွေးထင်ကြပြန်သေး၏။

(၁) ငါလုပ်လို့ ငါပြောလို့ ငါ့ကြောင့် ပြောင်းလဲတာ
(၂) ငါးဘယ်နှစ်ကောင် ဖမ်းမိတယ်
(၃) ဘယ်သူ့ကြောင့် ဘယ်ဆရာအားဖြင့်ပေါ့
(၄) လူပုဂ္ဂိုလ်အမည်ပြော၍ နင်တို့တွေ သူ့လောက်မှ လူတွေကို ပြောင်းလဲစေလို့လား

… စသဖြင့် လူကြောင့်ပြောင်းလဲစေသယောင်ယောင် ဆိုကြပြန်သေး၏။

စိုက်ပျိုးသောသူလည်း မတတ်နိုင်၊ ရေလောင်းသောသူလည်း မတတ်နိုင်၊ အပင်ကြီးထွားစေခြင်းသည် ဘုရားသခင်နှင့်သာဆိုင်သည်ဟု နှုတ်ကပတ်တော်လာသည်အတိုင်း ထိုထူးဆန်းသော သက်သေတစ်ခုအား ယနေ့ ဤဆောင်းပါးတစ်ပုဒ်အားဖြင့် ပြန်လည်တင်ဆက်ပေးချင်ပါသည်။

ကလေးများအား အခမဲ့ပညာသင်ကြားပေးနေသော မွန်ဂိုးလီးယားအခြေဆိုက် “Starkids Ministry” တွင် မွန်ဂိုလီးယား ဘာသာပြန်ပေးသော အမျိုးသမီးတစ်ဦးရှိသည်။ သူမ၏ အမျိုးသားသည် ဘုရားကျောင်းသွားလျှင် မကြိုက်တတ်သူ၊ တားမြစ်တတ်သူတစ်ဦးလည်းဖြစ်သည်။

သို့သော် တစ်ရက်တွင် ထိုသူသည် သူမအား “ဘုရားကျောင်းသွားရအောင်” ဟု ဆိုခဲ့သည်။ သူမကလည်း တကယ်ကြီးလားဟု ပြန်လည် မေးခွန်းထုတ်သော်လည်း ထိုသူ၏ အဖြေမှာ အတူတူပင် … ဘာကြောင့်များလဲဟု အံ့ဩမှင်သက်စွာ မေးသော တီးတိုးမေးခွန်းလေးကိုတော့ “Zoom မှ သူမ ပါဝင် ဘာသာပြန်ပေးသော အချိန်များတွင် ကြားနေရတတ်သည့် ချီးမွမ်းကိုးကွယ်ခြင်းများကြောင့်” ဟု ပြန်လည်ဖြေကြားခဲ့လေသည်။

ထိုသူအား ပြောင်းလဲစေသူသည် မည်သူနည်း။
ဘုရားသခင်ပင်ဖြစ်သည်

ထိုသူ၏ နှလုံးသားအား ပြောင်းလဲစေသူသည် မည်သူနည်း။
ဘုရားသခင်ပင်ဖြစ်သည်

ကလေးငယ်များအား ပညာသင်ကြားပို့ချရာ သာသနာလုပ်ငန်းဖြစ်သော်လည်း လူကြီးမိဘတစ်ဦးဖြစ်သော ထိုသူအား စိတ်သဘော ပြောင်းလဲစေသူသည် မည်သူနည်း။
ဘုရားသခင်ပင်ဖြစ်သည်” မဟုတ်ပါလား …

ယေရမိအနာဂတ္တိကျမ်း ၂၄:၇
ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို၊ သူတို့သိနိုင်သော စိတ်နှလုံးကို ငါပေးမည်။ သူတို့သည် ငါ၏လူ ဖြစ်ကြ၍၊ ငါသည်လည်း သူတို့၏ဘုရားသခင် ဖြစ်လိမ့်မည်။ ငါ့ထံသို့ စိတ်နှလုံးအကြွင်းမဲ့နှင့် ပြန်လာကြလိမ့်မည်။

ယနေ့ ကျွန်ုပ်တို့၏ သာသနာလုပ်ငန်းများနှင့် လုပ်ဆောင်ချက်အသီးသီးတို့သည် ‘ငါ လုပ်တာ၊ ငါ့ကြောင့် ပြောင်းလဲတာ၊ ငါ … ငါဆိုသော လူပုဂ္ဂိုလ်ကြောင့်’ ဟူသည့် အယူအဆ ခံယူချက်များကို ရှောင်ရှား ဖယ်နှုတ်၍ သခင်စေလိုရာသာစေကာ ပြောင်းလဲစေခြင်း၏ ပဲ့ကိုင်ရှင် သို့တည်းမဟုတ် အပင်ကိုကြီးထွားစေတတ်သောသူသည် “ဘုရားသခင်ပင်ဖြစ်သည်” ကို မမေ့မလျော့စေဖို့ရာ ဤဖြစ်ရပ်လေးသည် သက်သေထူနေသည်ကို … မိတ်ဆွေ သင်နှင့်ကျွန်ုပ်လည်း ဆင်ခြင်ကြပါစို့လား။

ဘုရားရှင်ဆက်လက်စကားပြောပါစေ။