Skip to content

“ပြင်းထန်သောသူ” လို့ဆိုတဲ့အခါ ကြမ်းကြုတ်ပြီးလူမဆန်ခြင်းလို့နားလည်နိုင်ပါတယ်။ အထူးသဖြင့် နောင်ကာလဆိုတဲ့ခဲယဉ်းတဲ့ကာလမှာ လူတွေဟာ တဖြည်းဖြည်းနဲ့ ကြမ်းကြုတ်ကာပြင်းထန်လာတာကို သတိပြုမိပါလိမ့်မယ်။ ကြမ်းကြုတ်တဲ့လူမျိုးကိုတော့ ဘယ်သူကမျှအပေါင်းအသင်းပြုချင်မှာ မဟုတ်ပါဘူး။ ဘယ်သူကမျှလည်း ဒီလိုအဖြစ်မျိုးကြုံချင်မှာမဟုတ်ပါဘူး။ အထူးသဖြင့် ယုံကြည်သူများအနေဖြင့်လည်း အသက်တာကိုအထူးသဖြင့်စစ်ဆေးကာ ဘုရားသားသမီး၊ လူသစ်၊ အသက်တာသစ်ရဲ့စိတ်သဘောနှင့်ဆန့်ကျင်ဖက်ဖြစ်သော ပြင်းထန်ကြမ်းကြုတ်ခြင်းစိတ်ထားအပြုအမူများကို ကြိုဆိုလက်ခံလိုက်မိတာမျိုးမဖြစ်စေဖို့ အရေးကြီးပါတယ်။

သုတ္တံ ကျမ်း ၁၁း၁၇
“သနားတတ်သောသူသည် မိမိကိုယ်၌ကျေးဇူးပြုတတ်၏။ ကြမ်းကြုတ်သောသူမူကား၊ မိမိကိုယ်ကိုပင် နှောင့်ယှက်တတ်၏။”

ကြမ်းကြုတ်ပြင်းထန်ရက်စက်တတ်သူတွေဟာ သူတပါးကိုအကျိုးမပြုတတ်တဲ့အပြင်၊ သူတို့ကိုယ်တိုင်အတွက်ပင် အကျိုးမဖြစ်စေတဲ့သူတွေလို့ စာရေးသူပြောချင်ပါတယ်။ ဥပမာပြောရရင် အရက်ကိုကြိုက်ကာ သောက်တတ်တဲ့သူတွေကို လေ့လာကြည့်တဲအခါ အချို့က အရက်ကို မသောက်ရမနေနိုင်လို့သောက်ကြသူရှိသလို၊ အချို့ကကျပြန်တော့လည်း အတွင်းထဲကကြမ်းကြုတ်တဲ့သဘောကို မီးကုန်ယမ်းကုန်ထုတ်ကာပေါက်ကွဲချင်သောကြောင့်သောက်ကြသူများလည်းရှိပါတယ်။ အကျိုးဆက်ကတော့ ဘယ်သူ့အတွက်မှ မကောင်းပါဘူး။ မိသားစု၊ သားသမီး၊ မိတ်ဆွေတွေနဲ့ ပတ်ဝန်းကျင်အတွက် ဝမ်းနည်းစေသောနှောင့်ယှက်ခြင်းတွေပဲ ကျန်ခဲ့မှာပါ။ တခါတလေမှာ လူဖြစ်ပြီး လူမဆန်ခြင်းက တစုံတယောက်ရဲ့လှုံ့ဆော်မှုမျှမပါဘဲ မိမိကိုယ်တိုင်က မိမိကိုယ်ကိုနှစ်သက်လွန်း၊ ချစ်လွန်းသွားလို့ဖြစ်လာတယ်လို့မြင်မိပါတယ်။ ဒီလိုချစ်လွန်းခြင်းမျိုးကတော့ ကိုယ့်ကိုကိုယ်နာကျင်စေသော နှောင့်ယှက်ခြင်းမျိုးနဲ့သာဒွန်တွဲတတ်ပါတယ်။ ဒါကြောင့် ကြမ်းကြုတ်သောသဘောက အသက်တာမှာ နေရာယူနေပြီဆိုရင် ကျေးဇူးတော်ကိုအမှီပြုကာ ပြင်နိုင်ဖို့ကြိုးစားပါ၊ စွန့်ပစ်နိုင်ဖို့ခွန်အားတောင်းခံပါ။ ထိုအကျိုးကကိုယ်တိုင်အတွက်ကြီးမားသလို၊ အနီးဆုံးလူတွေအတွက်လည်း မင်္ဂလာဖြစ်ပေသည်။

သုတ္တံ ကျမ်း ၂၇း၄
“မာနသည် ကြမ်းကြုတ်သောသဘောရှိ၏။ ဒေါသသည် ပြင်းထန်တတ်၏။ ငြူစူသောစိတ်ကိုကား၊ အဘယ်သူဆီး၍ ခံနိုင်သနည်း။”

ကျွန်ုပ်တို့မှာကြမ်းကြုတ်သောသဘောရှိလာတတ်ခြင်းကလည်း ဒေါသပုန်ထအမျက်ထွက်ခြင်းတွေကြောင့်လည်းပါ ပါတယ်။ ဒါကြောင့် အမျက်မပြေဘဲ နေမဝင်စေနှင့်လို့ နှုတ်ကပတ်တော်ကသွန်သင်သတိပေးတယ် မဟုတ်ပေဘူးလား။ နေ့ဓဒူဝ သွားလာလုပ်ရှားရတဲ့အခါမှာ အိမ်ထောင်ရေး၊ လူမှုရေး၊ စီးပွါးရေး၊ ပညာရေးစသည့် ကဏ္ဍတွေတိုင်းက လွယ်ကူလွန်းလှသည်တော့မဟုတ်ပါဘူး။ ဒီ့အပြင် ဒေါသထွက်စိတ်ဆိုးစရာတွေကလည်း ဖြစ်လာနိုင်ပါသေးတယ်။ တချို့ မိခင်ဖြစ်ကာစ အမျိုးသမီးတွေ ကလေးတွေကို ဆုံးမတာနဲ့ပက်သက်ပြီး နားနဲ့ကြားဖူးတာက “ဒီကလေးရမှပဲ ငါလည်းလူကြမ်းမကြီးဖြစ်လို့”ဆိုပြီး ဟာသ သဘောနဲ့ပြောလိုက်ပေမယ့် တကယ်တမ်းမှာ သူကြုံတွေရတဲ့အတွေ့အကြုံများက သူ့ကိုတဖြည်းဖြည်းပြောင်းလဲလာနေစေတာကတော့ အမှန်ပင်။ ပြောပြစရာဥပမာတွေရှိပါလိမ့်မယ်။ သို့သော် အဓိကအချက်ကတော့ နေ့စဉ်ကြုံတွေ့ဖြတ်သန်းရတဲ့အရာတွေက ကျွန်ုပ်တို့ကို စိတ်ဖိစီးပင်ပန်းစေကာ ကြမ်းတမ်းသောသဘောနဲ့တုန့်ပြန် အသက်ရှင်သွားတတ်ဖို့ လမ်းကြောင်းပေးနေသည်ကတော့ လက်ခတ်မလွဲပါ။ ဒါကြောင့် ဘုရားရှင်၏စကားတော်နှင့် ကိုယ့်အသက်တာကို ကိုယ်တိုင်ဆင်ခြင် ပြင်ဆင်သတိပြုဆင်ခြင်နေဖို့ အင်မတန်မှအရေးကြီးပါတယ်။

ကျွန်ုပ်တို့ရဲ့အသက်တာကို ကြမ်းကြုတ်ပြင်းထန်ပြီးလူမဆန်သွားစေဖို့ ဤခဲယဉ်းသောကာလမှာ အခက်အခဲတွေ၊ စုံစမ်းနှောင့်ယှက်ခြင်းတွေက ဒုနဲ့ဒေးရှိနေသလို၊ ရှေ့ဆက်ရှိနေဦးမှာပါပဲ။ ထို့ကြောင့် ကိုယ်တိုင်က ထိုအရာတွေနဲ့ ကိုယ့်ရဲ့လူသစ်ဖြစ်ခြင်းကျေးဇူးတော်ကို မလဲမိစေဖို့၊ အပေးအယူမလုပ်မိစေဖို့ သတိပြုဆင်ခြင်နိုင်ပါမည်အကြောင်း တိုက်တွန်းရင်း

မေတ္တာဖြင့်