Skip to content

ကိုယ်ဣန္ဒြေကို မချုပ်တည်းနိုင်သောသူ

“ချုပ်တည်းခြင်း” ဆိုသည်မှာ ကိုယ်၊ နှုတ်၊ နှလုံးကို သိမ်းဆည်းစောင့်ထိန်းခြင်းလို့ နားလည်ရပါသည်။ အထူးသဖြင့် နောင်ကာလတည်းဟူသော ခဲယဉ်းသောကာလမှာ လူတွေဟာ ကိုယ့်ရဲ့ ကိုယ်၊ နှုတ်၊ နှလုံးတို့ကိုသိမ်းဆည်းစောင့်ထိန်းခြင်းများမရှိတော့ဘဲ၊ ထင်တိုင်းကြဲကာအခွင့်ပေးလျက်ဖြစ်လာကုန်ကြသည်။ ထိုသို့မချုပ်တည်းနိုင်ခြင်းများက ကိုယ့်အတွက်သာမကဘဲ၊ ကိုယ်နှင့်စပ်ဆိုင်သောသူများကိုလည်းထိခိုက်စေနိုင်သည်ကိုဂရုပြုသင့်ပေသည်။

ယုံကြည်သူတစ်ယောက်အနေနှင့် ဝိညာဉ်ပကတိရဲ့အကျိုး(အသီး)ထဲမှာ ကာမဂုဏ်ချုပ်တည်းခြင်း(self-control)လည်း ပါတယ်ဆိုတာကို သတိပြုမိပါလိမ့်မယ် (ဂလာတိ ၅း၂၃)။ ဒါကြောင့် ဝိညာဉ်ပကတိနှင့်အသက်ရှင်နေသူတွေဖြစ်တယ်ဆိုရင် ဝိညာဉ်ပကတိအတိုင်းအသက်ရှင်လိုက်လျောက်ဖို့ရာ သဘောပေါက်ဖို့လိုပါပြီ။ နှုတ်ကပတ်တော်တလျောက်လုံးကို ကြည့်ပါက ကိုယ့်ကိုကိုယ် မချုပ်တည်းနိုင်ခြင်းသည် မည်သို့အန္တရာယ်များပြီး၊ ကိုယ့်ကိုမည်သို့ဖြစ်သွားစေနိုင်သည်ကို ဖော်ပြထားချက်များ၊ သတိပေးထားချက်များရှိပါသည်။

သုတ္တံကျမ်း ၂၅း၂၈
“ကိုယ်စိတ်ကို မချုပ်တည်းနိုင်သောသူသည် မြို့ရိုးပြိုပျက်၍ ဟင်းလင်းရှိသောမြို့နှင့် တူ၏။”

ကိုယ့်ကိုကိုယ် မချုပ်တည်းနိုင်ခြင်းက မြို့ရိုးမရှိဘဲ တိုးလျှိုပေါက်ဖြစ်နေတဲ့ မြို့နဲ့တူတယ်လို့ သုတ္တံဆရာက ဆိုပါတယ်။

စဉ်းစားကြည့်ပါ မြို့ရိုးမရှိတဲ့မြို့ဆိုလျှင် ရန်သူများဝိုင်းရံလာတဲ့အခါ အလွယ်တကူသိမ်းယူသွားနိုင်သည်မဟုတ်လော။ ထိုနည်းတူ ဝိညာဉ်ပကတိနှင့်အသက်ရှင်တယ်ပြောပြီး ကိုယ့်ကိုကိုယ် မချုပ်တည်းနိုင်ခြင်းက လာသမျှစုံစမ်းခြင်းတွေကို သွတ်သွင်းလိုက်ခြင်း မဟုတ်ပေဘူးလား။ အဆီးအတားမရှိကို ဝင်လာနေမည်သာ။

တိမောသေဩဝါဒစာစောင်နှင့်တိတုဩဝါဒစာစောင် တို့ကို ဆင်ခြင်ကြည့်ပါက သင်းအုပ်၊ သင်းထောက်မှစ၍ အသက်ကြီးရင့်သူအမျိုးသား၊ အမျိုးသမီး၊ လူပျို၊ အပျို အသီးသီးတို့ကိုပင် ကိုယ်ဣန္ဒြေကိုစောင့်လျက် ချုပ်တည်းနိုင်ဖို့ရာ သတိပေးထားသည်ကိုတွေ့နိုင်သည်။ ခပ်သိမ်းသောအရာတွေဟာ အဆုံးသို့ရောက်လုနီးပြီဖြစ်လို့ သမ္မာသတိရှိလျက် ကိုယ့်ကိုကိုယ်ချုပ်တည်းတတ်ဖို့လည်း ရှင်ပေတရုက သတိပေးထားပြန်သေးသည်။

ဒီကနေ့ သင်းအုပ်များ ငွေကြောင့်၊ နာမည်ကြောင့်၊ ကိုယ်ဣန္ဒြေမချုပ်တည်းနိုင်ဘဲ လောဘလွန်ကျူးခြင်း၊ တက်မက်ခြင်း၊ သူတပါးကိုကျော်နင်းခြင်းအမှုအရာတွေပြုမိကာ အပြစ်တင်ခွင့်ရှိနေပြီလား။ ရှိနေပါက နောင်တရဖို့တိုက်တွန်းပါရစေ။ ဒီ့အပြင် မစင်ကြယ်သော စီးပွါးကိုမလုပ်ရမနေနိုင်အောင် မချုပ်တည်းနိုင်ဘဲဖြစ်နေပါက ဘုရားဝတ်၌မွှေ့လျော်သူတဦးအား အားမနာတမ်းဖွင့်ပြောကာ ဘုရားရှင်၏ဆုံးမလမ်းပြခြင်းကိုခံယူပါ။

သင်းအုပ်ကိုယ်တိုင်မှ ကိုယ်ဣန္ဒြေမချုပ်တည်းနိုင်လျှင် အသင်းသားများ နောက်လိုက်များအသက်တာများကို မည်သို့ ပုံသက်သေဖြစ်စေနိုင်မည်နည်း။

ထိုနည်းတူ အသက်ရွယ်ကြီးရင့်သူ အမျိုးသား၊ အမျိုးသမီးများအနေဖြင့်လည်း မိဘနေရာမှာသော်လည်းကောင်း၊ ဆရာသမားနေရာမှာသော်လည်းကောင်း၊ အုပ်ထိန်းကြီးကြပ်သူနေရာမှာသော်လည်းကောင်း ရှိနေမည်ဆိုပါက ငယ်ရွယ်သောသူတို့ကို အထူးသဖြင့်ကိုယ့်အသက်တာဖြင့် လမ်းပြဆုံးမကာ နည်းလမ်းကောင်းတွေကိုညွှန်ပြသင့်ပေသည်။ ထိုသို့ညွှန်ပြသော အသက်တာသည် ကိုယ်ဣန္ဒြေကိုချုပ်တည်းခြင်းဖြစ်စေလျက် မကောင်းမသင့်သည့်အရာများကို ကိုယ်တိုင်က မလုပ်မိဖို့ရာချုပ်တည်းသလို၊ မိမိ၏သားသမီး၊ တပည့်များမှလည်း နှုတ်ကပတ်တော်အတိုင်းသတိပြု၍ ချုပ်တည်းတတ်ဖို့ရာ သွန်သင်လမ်းပြပေးဖို့လိုအပ်လှပါသည်။

လူငယ်မောင်မယ်များအနေဖြင့်လည်း သွေးဆောင်ခြင်းများလှသည့် လောကထဲမှာ သတိလက်လွတ်ဖြစ်ကာ ချုပ်တည်းဖို့ ခက်ခဲခြင်းတွေကြုံတွေ့တတ်ကြပါလိမ့်မည်။ ဒါကြောင့် နှုတ်ကပတ်တော်ဖြင့် အစဉ်သတိပြုကာသန့်ရှင်းစေဖို့လိုပါတယ်။ တခါတလေ ဆဲရေးတိုင်းထွာမိနိုင်ပါတယ်၊ မလုပ်သင့်တာကို လွန်ကျုးမိနိုင်ပါတယ်၊ မကြည့်သင့်တာကိုလည်း ကြည့်မိနိုင်ပါတယ်၊ နာခံသင့်သည်ကို အာခံမိသည်လည်းရှိနိုင်ပါတယ်။ ထိုသို့ဖြစ်သွားမိတိုင်း ဘေးကရွယ်တူသူငယ်ချင်းတွေရဲ့ သွေးဆောင်စကားတွေထက် ဘုရားရှင်ရဲ့နှုတ်ကပတ်တော်အားဖြင့် ပြန်လည်သတိပြုဆင်ခြင်ကာ နောင်အခါတွေမှာ ကိုယ်ဣန္ဒြေကိုချုပ်တည်းနိုင်လျက် မိမိအသက်အရွယ်နုပျိုခြင်းအရာကို တစုံတယောက်မျှမထီမဲ့မြင်ပြုခြင်းငှါ အခွင့်မပေးနိုင်ဖို့ ပြင်ဆင်နိုင်ပါစေ။

နောင်ကာတည်းဟူသော ဤခဲယဉ်းသောကာလမှာ ကိုယ်ဣန္ဒြေကို မချုပ်တည်းလိုသူတွေသာ များပြားလာပြီး၊ စိတ်ရှိသည်အတိုင်း သွားလာပြောဆိုအသက်ရှင်ဖို့ ဝန်မလေးတဲ့အချိန်ပါ။ ထိုအထဲမှာမှ ယုံကြည်သူများအနေဖြင့် ကိုယ့်ရဲ့အသက်အရွယ်အပိုင်းအခြားအလိုက်၊ အမှုတော်မြတ်၌ရှိနေသည့်ကဏ္ဍ  အလိုက် ကိုယ်ဣန္ဒြေကိုချုပ်တည်းလျက် စားသော်လည်းကောင်း၊ သောက်သော်လည်းကောင်း၊ မည်သည့်အမှုအမျိုးမျိုးကိုပြုလေရာ၌ ထာဝရဘုရား၏ဘုန်းတော်ကိုထောက်ရှုနေပါမည်အကြောင်း တိုက်တွန်းရင်း

မေတ္တာဖြင့်