Skip to content

ထာဝရဘုရားအား ချီးမွမ်းလော့

ဘုရားသခင်အား ချီးမွမ်းကိုးကွယ်ခြင်းသည် ကျွန်ုပ်တို့၏ အရှိအတိုင်း၊ အဖြစ်အတိုင်း၊ အတွင်းနှလုံးသားထဲမှ ကိုးကွယ်ခြင်းဖြစ်စေရန် အလွန်အရေးကြီးသည်။ ချီးမွမ်းထိုက်သည့် ဘုရားရှင်ဖြစ်သောကြောင့် ချီးမွမ်းကြသည်ကို မမေ့သင့်သကဲ့သို့ ကိုးကွယ်ထိုက်သည့် ဘုရားရှင်ဖြစ်သောကြောင့် ကိုးကွယ်ကြသည်ကိုလည်း သတိချပ်ရပေမည်။

ကျွန်တော်တို့သည် လူဖြစ်သည့်အားလျော်စွာ လူ့သဘာဝအတိုင်း တွေးမိ မြင်မိ ခံစားမိတတ်ကြသည်။ “ငါအရမ်းတီးခတ်တတ်လို့ ဘုရားသခင်နှစ်သက်တယ် သို့မဟုတ် ငါ မတီးခတ်တတ်လို့ ဘုရားသခင် မကြိုက်ဘူး” စသဖြင့် လုပ်ဆောင်တတ်ခြင်းအပေါ်၌ အခြေခံကာ ဘုရားသခင် လက်ခံခြင်း၊ မခံခြင်းကိုလည်း ဆုံးဖြတ်တတ်ကြသည်။

အချို့ကလည်း အဆင်ပြေ၍၊ ဆုတောင်းပြည့်၍၊ အောင်မြင်ခြင်း ကြီးပွားခြင်း၊ နေကောင်းကျန်းမာခြင်း စသည့် ရုပ်ပိုင်းဆိုင်ရာများအပေါ်၌ အခြေခံကာ ချီးမွမ်းကိုးကွယ်ကြပြန်သည်။

သို့သော် ကျွန်ုပ်တို့၏ အရှိအတိုင်း ကိုးကွယ် ဆည်းကပ် ချီးမွမ်းခြင်းတို့အား လက်ခံပေးသော ဘုရားရှင်ဖြစ်သကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ အဆင်ပြေခြင်း အဆင်မပြေခြင်းတို့နှင့် မဆိုင်ဘဲ ချီးမွမ်းထိုက်သူ ကိုးကွယ်ထိုက်သူ မဟုတ်ပါလား …

ဆာလံကျမ်း ၁၄၆:၁-၂
အိုငါ့ဝိညာဉ်၊ ထာဝရဘုရားကို ချီးမွမ်းလော့။
ငါသည် အသက်ရှင်စဉ်အခါ၊ ထာဝရဘုရားကို ချီးမွမ်းမည်။ ငါဖြစ်စဉ် ကာလပတ်လုံး၊ ငါ၏ဘုရားသခင်ကို ထောမနာသီချင်းဆိုမည်။

ထို့ကြောင့် “အိုငါ့ဝိညာဥ် ထာဝရဘုရားကို ချီးမွမ်းပါလော့” … 

မည်သည့် အခြေအနေ၊ မည်သည့်အခက်အခဲ၊ မည်သည့် ခံစားချက် …

မျက်ရည်စများ၊ အဆင်မပြေခြင်းများ၊ မျှော်လင့်ခြင်းများ ကြာလှပြီဆိုချေဦးတော့ …

ခံစားချက်များနှင့် ချီးမွမ်းခြင်း မဟုတ်ပါ။
အဆင်ပြေ၍သာ ကိုးကွယ်ခြင်း မဟုတ်ပါ။
ဆုတောင်းပြည့်သဖြင့် ချီးမွမ်းခြင်း မဟုတ်ပါ။

“We will Praise the LORD all our life”

ကျွန်တော်၊ ကျွန်မ အယောက်စီတိုင်းသည် “I am that I am” ငါဖြစ်သည်အတိုင်း ငါဖြစ်သည်ဟူသော ဘုရားသခင်အား ချီးမွမ်းထိုက်သောကြောင့် ကိုးကွယ်ထိုက်သောကြောင့်သာ ချီးမွမ်းကိုးကွယ်ခြင်းဖြစ်သည်ဟု ထပ်လောင်း ဝန်ခံ ကြွေးကြော်ကြရင်း “အိုငါ့ဝိညာဥ် ထာဝရဘုရားအား ချီးမွမ်းလော့”

ဘုရားရှင်ဆက်လက်စကားပြောပါစေ။