Skip to content

သူတပါးရဲ့အသရေကိုပျက်အောင် မဟုတ်မမှန်လုပ်ကြံပြောဆိုတာမျိုးဟာ အင်မတန်မှစက်ဆုပ်ဖွယ်အမှုအရာပါ။ နောင်ကာလတည်းဟူသော ခဲယဉ်းသောကာလမှာ သူတပါးကိုထိခိုက်နစ်နာစေနိုင်သော အခြေအနေမျိုးတွေ လုပ်ကြံဖန်တီး စကားလုပ်ဖောင်ဖွဲ့ ခြင်းမျိုး​တွေက ယုံကြည်သူတွေ အထူးသတိပြုရှောင်ကြဉ်သင့်တယ်ဆိုတာဂရုပြုသင့်ပါတယ်။ ရှင်မာကုခရစ်ဝင် အခန်းကြီး၇ အခန်းငယ်၂၀ မှာ သခင်ခရစ်တော်က လူအတွင်းမှထွက်လာတတ်သော ဆိုးညစ်သောအရာများက လူကိုညစ်ညူးစေတယ်လို့ ဆုံးမခဲ့ပါတယ်။ အဲ့အထဲမှာ “သူ့အသရေကိုဖျက်ခြင်း”သည်လည်းတခုအပါဝင်ပါပဲ။ ဒီကနေ့ကာလမှာ သူတပါးရဲ့အကြောင်းအရာတခုကို ဂဃနဏ မသိဘဲ၊ တစိတ်ကိုတအိတ်လုပ်လိုက်တာမျိုးတွေက အင်မတန်မှအန္တရာယ်များလှပါတယ်။ ခံရသူအဖို့ သိက္ခာနှင့်ယှဉ်၍ထိခိုက်သွားနိုင်သလို၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးရာ စသည်တို့မှာလည်း သေးသိမ်မှုကိုခံစားရသွားစေနိုင်ပါသည်။ ထိုသို့သူတပါးအသရေပျက်စေတဲ့စကားတွေကို ပါးစပ်မှာအရသာအရမ်းရှိတဲ့အစားအစာလိုနှစ်ခြိုက်စွာသုံးစွဲတတ်သူတွေကိုလည်း အံ့ဩမိပါတယ်။ ဆိုရှယ်မီဒီယာခေတ်မှာပိုလို့တောင် သတိထားရပါတယ်။ ဥပမာပြောရရင် အဆိပ်အတောက်ဖြစ်စေတဲ့အရေးအသား၊ အပြောအဆိုတွေကို ယုံကြည်သူတွေတချို့ဟာ ကျော်မသွားဘဲ၊ ပါဝင်လိုက်တာမျိုးပါပဲ။

တိမောသေဩဝါဒစာဒုတိယစောင် ၂း၁၆
“တရားမဲ့ဖြစ်သော အချည်းနှီးစကားကို ရှောင်လော့။ အကြောင်းမူကား၊ ထိုစကားသည် မတရားသော အမှုတို့ကို ပွားများစေလိမ့်မည်။”

ကိုယ်နှင့်မဆိုင်၊ ကိုယ်နှင့်လည်းမသိ၊ ဝင်ပါလိုက်လို့လည်း ထူးမခြားလာနိုင်တာကိုသိလျက်နဲ့ ပါးစပ်သရမ်းအရသာခံဖို့၊ စိတ်ပျော်ဖို့ဆိုပြီးတော့ မလုပ်လိုက်ပါနှင့်။ ညစ်ညူးခြင်းကို အစပြုပေးနေတဲ့အရာမှာ သွားပြီးတော့ ညစ်ညူးခံရဖို့ မလုပ်လိုက်ပါနှင့်။ ဘုရားဘုန်းတော်ထင်ရှားစရာအကြောင်းမရှိသလို၊ ကိုယ့်ဝိညာဉ်ရေးရာလည်းဘာမှထူးခြားတိုးတက်လာစရာအကြောင်းလည်းမရှိပါဘူး။ မတရားသောအမှုအရာတွေတိုးပွါးများပြားလာတာကို စိတ်ပျက်နေမည့်အစား၊ ထိုအမှုတွေတိုးပွါးခြင်းဟာကိုယ့်ရဲ့မဆင်ခြင် ရမ်းသမ်းပြောဆိုခြင်း၊ ယနေ့ကာလရဲ့ဆိုရှယ်မီဒီယာပေါ်မှာ ကိုယ်ကပိုပြီးသိသလိုအထာနဲ့ဆရာကြီးလုပ်ကာအာချောင်ခြင်းများကြောင့်ဆိုတာကိုလည်း ပြန်လည်သတိပြုသင့်ပါတယ်။

ဧဖက်ဩဝါဒစာ ၄း၃၁
“ခပ်သိမ်းသော စိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသရေ ပျက်အောင်ပြောဆိုခြင်း တို့ကိုလည်းကောင်း၊ ခပ်သိမ်းသော မနာလိုခြင်းကိုလည်းကောင်း၊ သင်တို့မှ ပယ်ရှားကြလော့။”

ကိုယ့်ကိုကိုယ်သူတော်စင်ကြီးလို့လည်းမမှတ်ယူကြပါနှင့်။ ပယ်ရှားသင့်တာတွေကိုအရင် ရှင်းထုတ်ပါ။ ဘာကြောင့်လဲဆိုရင်

သုတ္တံကျမ်း ၁ဝး၁၈
“အငြိုးဖွဲ့သောသဘောကို မုသားနှုတ်ခမ်းဖြင့် ဖုံးထားသောသူ၊ သူ့အသရေပျက်အောင် ပြောတတ်သောသူသည် မိုက်သောသဘောရှိ၏။”

သူ့အသရေပျက်အောင်ပြောဆိုသူတွေဟာ ဂုဏ်အသရေတွေ၊ ဘွဲ့ထူးတွေ၊ အလိမ်အညာ၊ ဟန်ဆောင်ခြင်းတွေနဲ့ဖုံးအုပ်ထားတဲ့ မိုက်သောသဘောသာရှိသောပညာမဲ့​သူဖြစ်လို့ပါပဲ။ အသရေပျက်စရာအကြောင်းရှိနေသူကို ကူညီမစပေးရမည့်အစားထပ်ပြီး အသရေပျက်စေမည့်စကားတွေနဲ့ ထိုးနှက်ဦးမယ်ဆိုတာ မဖြစ်သင့်ပါဘူး။ ထိုနည်းတူပဲ အကြောင်းမဲ့အသရေဖျက်ခံရသူကို အကြောင်းမသိထပ်ပြီးအသရေဖျက်ဖို့ရာ မီးကူထိုးဖို့ တာစူနေဦးမယ်ဆိုလျှင် စိတ်ပျက်စရာကောင်းတဲ့လူသားတယောက်ထက် မပိုတော့ပါဘူး။ နောင်ကာလဆိုတဲ့ကာလဟာ ခဲယဉ်းတဲ့ကာလပါ။ ထိုသို့သောကာလမှာ သူတပါးအသရေကိုညှိုးနွမ်းပျက်ပါးစေဖို့ရာဝန်မလေးသူတွေအများကြီးထဲ၌ ကိုယ်မပါဖို့သတိပြုနိုင်ရုံတင်မကဘဲ၊ ထိုသို့သောသဘောက ကိုယ့်အထဲမှာရှိနေရင်လည်း ရှင်းထုတ်ပယ်ရှားပစ်ဖို့ရာ အသက်တာကို နှုတ်ကပတ်တော်ရေဖြင့် အစဉ်ဆေးကြောသန့်စင်ပေးနေသော ဘုရားရှင်၏ကရုဏာတော်ကိုငံ့လင့်တောင့်တနေပါမည်အကြောင်း နှိုးဆော်ရင်း

မေတ္တာဖြင့်