ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းခြင်းဆိုတာ ပင်ကိုသဘောကိုက သနားချစ်ခင်ခြင်းနှင့်ကင်းတယ်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ အရှင်းလင်းဆုံးပြောရရင်တော့ နှလုံသားမရှိခြင်း(heartless)ပါပဲ။ အသက်ရှိနေသောကြောင့် ခုန်တတ်တဲ့နှလုံးသားရှိပေမယ့်၊ ကိုယ်ချင်းစာကြင်နာသနားတတ်တဲ့နှလုံးသားမျိုးကတော့ ဖြစ်မနေခြင်းပါပဲ။ နောင်ကာလဆိုတဲ့ဤခဲယဉ်းတဲ့ကာလမှာ နှလုံးသားမရှိ၊ ကြင်နာစုံမက်ခြင်းမရှိသည့်အသက်တာနှင့်အသက်မရှင်မိဖို့ရာ သတိပြုပါ။
သုတ္တံကျမ်း ၂၁း၂
“လူတို့သည် မိမိတို့ကျင့်သမျှသော အကျင့်တို့ကို နှစ်သက်တတ်၏။ ထာဝရဘုရားမူကား၊ စိတ်နှလုံးတို့ကို ချိန်တော်မူ၏။”
လူဆိုတာ ကိုယ်လုပ်သမျှအရာတွေကိုနှစ်သက်သဘောကျတတ်သူတွေပါ။ ကိုယ့်ရဲ့ကြံစည်ရည်ရွယ်လုပ်ဆောင်မယ့်အရာတွေက အမြဲတမ်းကောင်းတယ်လို့ထင်တတ်ကြပါသေးတယ်။ ဒီနေ့လောကကြီးရဲ့စကားကတော့ “follow your heart” လို့ပြောပေမယ့်၊ ဘုရားရှင်ကတော့ အဲ့နှလုံးသားကိုအမြဲ ချိန်တွယ်စစ်ဆေးနေသည်ကိုတော့မေ့လျော့နေတတ်ကြသည်။ “ဘုရားကနှလုံးသားကိုပဲကြည့်တာ” ဆိုပြီး ကိုယ့်နှလုံးသားကို မစစ်ဆေး၊ မစောင့်ရှောက်ဘဲ လူတွေကကိုယ့်ရဲ့လွဲမှားနေတာတွေကိုမေးငေါ့လာရင် ပြန်ဖြေကာချေပဖို့ စကားအဖြစ်သာ သိမ်းထားတတ်ကြသည်။ အကျင့်ပျက်ကာမှားနေပြီဆိုမှတော့ နှလုံးသားကိုတော့ ပြေးကြည့်စရာတောင်လိုပါဦးမလား။ ဘုရားကိုဦးထိပ်မထား၊ ချီးမြောက်ခြင်းမရှိ၊ နေရာမပေးတဲ့ နှလုံးသားနောက်ကိုကောက်ကောက်ပါအောင်လိုက်နေခြင်းက တကယ့်ကိုပြဿနာပါ။ ဘာဖြစ်လို့လဲဆိုရင် ယုံကြည်သူလို့တော့ပြောပေမယ့် နှလုံးသားက ဘုရားရှင်ရဲ့ဘုန်းတော်ထက်၊ ကိုယ့်အကျိုးအတွက်၊ ငါမှန်တယ်ဆိုတဲ့အတ္တအတွက်သာရှေ့တန်းတင်မိသွားတတ်ခြင်းကြောင့်ပါပဲ။ ပါးစပ်ကမပြောပေမယ့် နှလုံးကတော့ ယိုယွင်းနေသည်ကို ဘုရားရှင်မှလွဲ၍ မည်သူမြင်မည်နည်း။ ဘယ်သူမှမတွေ့ဘူးဆိုပြီး လူတွေရှေ့မှာ နှလုံးသားကျယ်ဝန်းသယောင် လုပ်ပြ၊ ဟန်ဆောင်ပြနေခြင်းက ပင်ပန်းပါတယ်။ ဘုရားရှေ့မှာနှလုံးသားမှန်ကန်နေခြင်းက အခြားဘယ်အရာမှမရှိရင်တောင် ရွှင်လန်းခြင်းအမှန်ပါ။ ထိုနှလုံးကိုအထူးသဖြင့်စောင့်ရှောက်ပါလေ။
ယေရမိအနာဂတ္တိကျမ်း ၁၇း၉
“စိတ်နှလုံးသည် ခပ်သိမ်းသော အရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသော သဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင်သနည်း။”
ကိုယ့်နှလုံးသားကို အထူးသဖြင့်စောင့်ရှောက်ရခြင်းအကြောင်းကလည်း စိတ်နှလုံးကခပ်သိမ်းသောအရာထက်စဉ်းလဲတတ်ကာ အလွန်ယိုယွင်းသောသဘောရှိလို့ပါပဲ။ ဒါကြောင့် ဒီလိုယိုယွင်းစဉ်းလဲနေတဲ့ နှလုံးသားနောက်ကို လောကသားတွေလိုက်နေကြသလိုမျိုး လိုက်နေမယ်ဆိုရင် ရလဒ်ကိုစဉ်းစားကြည့်ပါလေ။ ကိုယ့်စိတ်နှလုံးရဲ့သဘောကိုတောင် ကိုယ်ကို၌ကမသိဘဲ လိုက်နေမယ်၊ ဦးစားပေးမယ်ဆိုရင် အကျိုးဆက်ကအတော်လေးဆိုးရွားမှာပါ။ ရှင်ဘုရင်ဒါဝိဒ်ရဲ့ ၅၁ခုမြောက်ဆာလံကို အားလုံးကြားဖူးကြမှာပါ။ အဲ့ဒီဆာလံက ဗာသရှေဘကိုပြစ်မှားပြီးနောက် ပရောဖက်နာသန်ရဲ့ဆုံးမခြင်းကိုခံရပြီးတဲ့အခါမှာ စပ်ဆိုတဲ့ဆာလံလို့နားလည်ရပါတယ်။ အခန်ငယ် ၆မှာ ဘုရားရှင်က ဟုတ်မှန်ဖြောင့်မတ်သောစိတ်နှလုံးကိုနှစ်သက်သောကြောင့် သူရဲ့စိတ်နှလုံးထဲမှ ပညာကိုသွန်သင််ပါလို့ပြောခဲ့ပါတယ်။ အခန်းငယ် ၁၀ရောက်လာတဲ့အခါမှာတော့ သူရဲ့အထဲ၌ မြဲမြံတည်ကြည်သောသဘောနှင့်ပြုပြင်တတ်သောစင်ကြယ်တဲ့နှလုံးကိုဖန်းဆင်းပေးဖို့ တောင်းဆိုလာပါတယ်။ တဒင်္ဂခဏမှာ ဒါဝိဒ်နှလုံးသားဟာ စဉ်းလဲယိုယွင်းခဲ့သလို၊ အဲ့ဒီတဒင်္ဂခဏလေးကနေပဲ အကျိုးဆက်တွေကိုသူကြုံတွေ့ခံစားခဲ့ရပါတယ်။ နှလုံးသားမမှန်ယိုယွင်းခြင်းနှင့်အတူ ဆုံးရှုံးလိုက်ရသည့်အရာတွေကို နှလုံးသားမှန်နှင့်ပဲပြန်လည်ရယူနိုင်တာကို မီးမောင်းထိုးပြသွားခဲ့သည်။ သူပြုလိုက်တဲ့အမှားကြီးသလို သူဆုံးရှုံးရသည့်အရာလည်းကြီးပါတယ်။ လူ့ရဲ့နှလုံးသားဟာ ဘုရားနဲ့ဝေးလိုက်တိုင်း ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသွားတတ်ပါတယ်။ တနည်းအားဖြင့် နှလုံးသားမဲ့သွားတတ်ကြပါတယ်။
ယေရမိအနာဂတ္တိကျမ်း ၁၇း၁၀
“ငါထာဝရဘုရားသည် လူအသီးအသီးတို့အား မိမိတို့အကျင့်အတိုင်း၊ မိမိတို့ခံထိုက်သော အကျိုးအပြစ်ကိုပေးခြင်းငှာ၊ နှလုံးကျောက်ကပ်တို့ကို စေ့စေ့စစ်ကြောတတ်၏။”
ဒါကြောင့်လည်းထာဝရဘုရားက သူ့ရဲ့ဖြောင့်မတ်ခြင်း၊ တရားမျှတခြင်းရှိသည်အတိုင်း ကျွန်ုပ်တို့လုပ်ဆောင်ပြုမူသမျှတို့မှာ ခံထိုက်သည်အတိုင်း အကျိုးအပြစ်ကိုပေးတော်မူပါတယ်။ နောက်ပြီး ထိုအကျိုးအပြစ်တို့ကို စေ့စေ့စစ်ကြော(examine)တဲ့ဘုရားပါ။ ဒါကြောင့်ဒီကနေ့လိုကာလမှာ လူသားတွေဟာသာ၍ အကြင်နာတရားကင်းမဲ့လာခြင်းဟာ ဘာကြောင့်လဲလို့မေးရင်အကျိုးအပြစ်တို့ကို စစ်ကြောတတ်တဲ့ဘုရားကိုမသိခြင်းကြောင့်လို့သာ ဖြေပါရစေ။ အရာခပ်သိမ်းထက်စဉ်းလဲကာယိုယွင်းတဲ့ ကိုယ့်နှလုံးသားလိုအင်မှန်သမျှကို ကိုယ်တိုင်ကနှစ်သက်ကာ လုပ်ဆောင်ပြုမူ အသက်ရှင်နေခြင်းက ထိုနှလုံးသားကို ကိုးကွယ်နေမိတယ်ဆိုတဲ့သဘောပါပဲ။
ဒီနေ့လူသားတွေ အထူးသဖြင့်ယုံကြည်သူတွေ ဘာကြောင့် ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းလာကြပါသလဲ။ ဘာကြောင့်ဘုရားရှင်အလိုရှိတဲ့နှလုံးသားနှင့်ဝေးကွာကာ အသက်ရှင်လာနေကြတာလဲ။ ဘုရားရှင်ကနှလုံးသားကိုကြည့်ပြီး စစ်ကြောမှာကိုသိရက်နဲ့ဘာကြောင့် ထိုနှလုံးသားကို ပြုပြင်ဖို့မမြင်လာကြတာလဲ။ ကျွန်ုပ်တို့အထဲကနေ ကျောက်နှလုံးသားကိုထုတ်ပြီး အသားနှလုံးသားကိုပေးထားပါလျက်နဲ့ ဘာကြောင့်မာကြောနေကြသေးတာလဲ။ ဒီကနေ့ ဘုရားရှင်ပေးတဲ့ နှလုံးသားအသစ်က လွဲမှားတဲ့နေရာ၊ လွဲမှားတဲ့ဩဝါဒ၊ လွဲမှားတဲ့မိဿဟာယတွေအတွက်ကြတော့ ရှိနေတတ်ကြတယ်။ မှန်ကန်တဲ့နေရာ၊ မှန်ကန်ဩဝါဒ၊ မှန်ကန်တဲ့မိဿဟာရတွေအတွက်ကြတော့ ဘာကြောင့်ရှိမနေကြတာလဲ။
အထက်မှာတော့ ဘုရားရှင်က နှလုံးသားကိုကြည့်သလို၊ စိတ်နှလုံးသဘောရှိသည်အတိုင်းစစ်ကြောတဲ့ဘုရားဆိုတာကို လေ့လာခဲ့ကြပြီးပါပြီ။ ဒါကို ကျွန်ုပ်တို့အားလုံးသိကြပြီးသားပါပဲ။ သို့ပေမယ့် ကျွန်ုပ်တို့တတွေ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် စိတ်နှလုံးထဲမှာဘုရားရှင်ရဲ့မေတ္တာတော်ကို ညွှန်းလောင်းခြင်းကိုခံနေရပါလျက် ဘာကြောင့်များ ယုံကြည်အားနည်းသူတွေအပေါ်၊ စိတ်ကောင်းသူတွေအပေါ်မှာ ပကတိကြင်နာစိတ်ကင်းစွာ ဆက်ဆံပြုမူနေကြတာလဲ။ လောကကြီးထဲမှာတော့ လူတိုင်းက ကိုယ့်အကြောင်းပြချက်နဲ့ကိုယ် ဘာကြောင့်ပကတိကြင်နာစိတ်တွေမရှိတော့လဲဆိုတာကို ပြောပြအသက်ရှင်နေတဲ့အချိန်မှာ၊ ယုံကြည်သူတွေကလည်း နှလုံးသားကိုချိန်ပြီး ပြုပြင်စစ်ကြောပေးတဲ့သခင့်ကို ဥပေက္ခာပြုကာ ပကတိကြင်နာခြင်းကင်းခြင်းက ဖြစ်တန်ရာသလော။ နောင်ကာလဆိုတဲ့ခဲယဉ်းတဲ့ကာလမှာ ပကတိကြင်နာခြင်းကင်းနေပြီဆိုကတည်းက ဘုရားရှင်ကို ယူတင်ဝတ်ဆောင်ထားတဲ့အသက်တာထက်၊ သိုးရေခြုံထားတယ်ဆိုတာကပိုမှန်ပါလိမ့်မယ်။ ချစ်သောညီကိုမောင်နှမတို့ နှလုံးသားကိုအေးစက်မာကြောစွာဖြင့် အသက်ရှင်ဖို့ရာမခက်ပါဘူး။ နှလုံးသားမှာဘုရားရှင်ရဲ့မေတ္တာနှင့်အသက်ရှင်ဖို့ရာတော့ခက်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဟန်ဆောင်ခြင်း၊ အပေါ်ယံသက်သက်၊ သာမန်ကာလျှံကာ လုပ်ဆောင်ပြလို့မဖြစ်နိုင်လို့ပါပဲ။ နှုတ်ခမ်းကနေချိုမြိန်ခြင်းတွေဝေဆာနေပေမယ့် နှလုံးသားမှာပကတိအကြင်နာတွေလှစ်ဟာနေသူများမဖြစ်ဖို့ တိုက်တွန်းနှိုးဆော်ရင်း
မေတ္တာဖြင့်
ယခုဆောင်းပါးသည် မူရင်းစာရေးသူဖြစ်သော ဆရာ Broshay နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူများ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။