မသန့်ရှင်းတဲ့အစားအသောက်၊ ညစ်ပေတဲ့အဝတ်အစား၊ ညစ်ညူးတဲ့ရေ စသည့်အရာတွေကို ကျွန်ုပ်တို့တတွေရှောင်တတ်ကြပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့တကိုယ်ရည်ကျန်းမာရေးအတွက် မသန့်ရှင်းမစင်ကြယ်သည့်အရာတွေကို ကျွန်ုပ်တို့ ရှောင်ကြခြင်းပါ။ ကျန်းမာရေးအတွက်တော့ ကျွန်ုပ်တို့တတွေ သိသိသာသာ သတိထားဂရုပြုကြပေမယ့်၊ နောင်ကာလတည်းဟူသော ခဲယဉ်းတဲ့ကာလမှာ ဝိညာဉ်ရေးရာအသက်တာ၌သန့်ရှင်းခြင်းရှိဖို့ရာကိုတော့ အလေးမပေး မေ့လျော့ကာ အသက်ရှင်နေမိသည်ကို သတိထားဖို့လိုပါတယ်။ ယုံကြည်သူ ဘုရားသားသမီး၊ လွတ်မြောက်ခြင်း၌ အသက်ရှင်နေသူမှန်ပေမယ့် မသန့်ရှင်းခြင်း၌ မမွေ့လျော်ဖို့ကို သတိပြုပါ။ ကျွန်ုပ်တို့ကို လွတ်မြောက်စေသော၊ လွတ်မြောက်ခြင်းကို ပေးသော ဘုရားရှင်သည် သန့်ရှင်းသောဘုရားဖြစ်ပေသည်။
ရှင်ပေတရုသြဝါဒစာပထမစောင် ၁း၁၅
“သင်တို့ကိုခေါ်တော်မူသော သူသည် သန့်ရှင်းတော်မူသည်နည်းတူ၊ ကျင့်ကြံပြုမူသမျှတို့၌ သန့်ရှင်းခြင်း ရှိကြလော့။”
ကျင့်ကြံပြုမူသမျှတို့မှာ သန့်ရှင်းခြင်းရှိဖို့ဆိုတာ မလွယ်ကူပါဘူး။ မလွယ်ကူသောကြောင့် မလုပ်ရတော့ဘူးလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ အကြောင်းကတော့ ခေါ်တော်မူသောသူသည် သန့်ရှင်းသောကြောင့်ပေတည်း။ သန့်ရှင်းသောဘုရား၏ကယ်တင်ခြင်း၊ ခေါ်ခြင်းကို ခံရသူတွေဖြစ်သောကြောင့် သန့်ရှင်းသောအသက်တာနှင့်အတူ သန့်ရှင်းသောလုပ်ဆောင်ခြင်းတွေက အင်မတန်မှအရေးကြီးပါသည်။ ဓမ္မဟောင်းကာလမှာ အပြစ်ဖြေရာအတွက်တင်လှူပူဇော်ရသော ယဇ်ကောင်မှာ သန့်ရှင်းရပါသည်။ ကယ်တင်တော်မူသော သခင်ယေရှုခရစ်တော်၏အသွေးတော်သည် ကျွန်ုပ်တို့အပြစ်ရှိသမျှကို ဆေးကြောပေးသော သန့်ရှင်းသောယဇ်ဖြစ်ပေသည်။ လုံလောက်သောယဇ်၊ တကြိမ်တခါတည်းနှင့် ပြီးပြည့်စုံကာ အမှုပြီးစေသောယဇ်၊ အသေခံအသွေးသွန်းခဲ့ပေးခြင်းဖြင့် ပူဇော်ခဲ့သောယဇ်ဖြစ်ပေသည်။ ထိုသို့ပူဇော်ခံခဲ့သောယဇ်ဖြစ်သော ထမြောက်တော်မူသောသခင်ယေရှုခရစ်အားဖြင့်သော်လည်းကောင်း၊ အဖို့အလို့ငှါလည်းကောင်း ကျွန်ုပ်တို့တတွေအသက်ရှင်နေရသည်ကို မမေ့လျော့ဘဲ အသက်ရှင်ခြင်းယဇ်ကိုတင်လှူပူဇော်ခြင်းအရာမှာ သန့်ရှင်းဖို့ရာအင်မတန်မှအရေးကြီးပါသည်။ “ကျွန်တော်/ကျွန်မဟာ ခရစ်ယာန်ပါ” ဆိုပြီးလောကီပုံသဏ္ဍာန်ဆောင်ကာ အသက်ရှင်လို့ မရပါ။
ရှင်ပေတရုသြဝါဒစာပထမစောင် ၁း၁၆
“အကြောင်းမူကား၊ ငါသည် သန့်ရှင်းတော်မူသောကြောင့်၊ သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့ဟု ကျမ်းစာလာသတည်း။”
“ငါသည်သန့်ရှင်းတဲ့ဘုရား၊ မင်းတို့လည်းသန့်ရှင်းကြ”လို့ဘုရားရှင်ပြောခဲ့တာပါ။ ဆိုလိုချင်တာက ဒီနေရာမှာ ရင်းနှီးဆက်ဆံပေါင်းသင်းချင်တဲ့သဘောကိုတွေ့ရပါတယ်။ စဉ်းစားကြည့်ပါ ဘုရားနဲ့စကားပြောဖို့ မပြောနဲ့၊ မျက်နှာခြင်းဆိုင်ရင်တောင် သေခြင်းပဲရှိတယ် ဆိုလောက်အောင်ဘုရားက သန့်ရှင်းပါတယ်။ ဘုရားသခင်ရဲ့ဘုန်းတော်ကို ညစ်ညူးခြင်းဖြင့် မမြင်တွေ့နိုင်ပါ၊ မခံစားရနိုင်ပါ။ တနေ့မှာဘုန်းတန်ခိုးနှင့်ပြန်ကြွလာချိန်မှာ လူသားအားလုံးက ထိုသန့်ရှင်းသောဘုရားရဲ့ဘုန်းတန်ခိုးတော်ကို မြင်တွေ့ရပေမယ့် သန့်ရှင်းသူ(ယုံကြည်သူ)တို့သာ မြင်ကာရှင်ရပြီး၊ ညစ်ညူးသောသူ(မယုံကြည်သောသူ)တို့မှာတော့ မြင်သာမြင် မကြင်ရဘဲ ထာဝရဘုန်းတော်နှင့်ဝေးကွာသော သေခြင်း၌သာလျင်အဆုံးသတ်ပေလိမ့်မည်။ ဒီကနေ့ယုံကြည်သူတွေအနေနဲ့ အသက်ရှင်ခြင်းအရာမှာ သန့်ရှင်းခြင်းရှိသောအသက်တာကို အထူးသဖြင့်ဂရုပြုသင့်ပေသည်။ ဘုရားရှင်က ကျွန်ုပ်တို့ကို “သန့်ရှင်းသူ”လို့ခေါ်ခြင်းအရာမှာ ကျွန်ုပ်တို့တတွေကိုယ့်ကိုယ်ကို သန့်ရှင်းနိုင်အောင်လုပ်နိုင်သောကြောင့် မဟုတ်ဘဲ၊ သခင်ယေရှုခရစ်တော်၏အသေခံအသွေးသွန်းကယ်တင်ခြင်းကို ယုံကြည်သောကြောင့်သာဖြစ်သည်။ သို့သော် သန့်ရှင်းခြင်းသို့ရောက်သောအသက်တာဖြစ်သောကြောင့် သန့်ရှင်းသောဘုရား သန့်ရှင်းသည်အတိုင်း အသက်တာကိုတည်ဆောက်ဖို့ အရေးကြီးပါသည်။ ယုံကြည်သောကြောင့်သန့်ရှင်းခြင်းသို့ရောက်သလို၊ သန့်ရှင်းခြင်းသို့ရောက်တယ်ဆိုတာကိုလည်းနေ့စဉ်အသက်တာမှာ အကျင့်အားဖြင့်သက်သေထူနိုင်ပါစေ။ သို့မဟုတ် ဝိညာဉ်တော်ကိုစိတ်နာစေကာ၊ အရှိန်ငြိမ်းစေမည်သာ။ ကလေးမွေးလာတဲ့အခါမှာ အမိဝမ်းထဲကထွက်လာတဲ့ကလေးကို ဆေးကြောသန့်စင်ပေးရသလို၊ ခရစ်တော်၌လူသစ်ဖြစ်တဲ့ ကျွန်ုပ်တို့ကိုလည်း သန့်ရှင်းသောဝိညာဉ်တော်က ဆေးကြောသန့်စင်ပေးတယ်ဆိုသောကြောင့်ပင်။
ဟေဗြဲဩဝါဒစာ ၁၂း၁၄
“လူအပေါင်းတို့နှင့် အသင့်အတင့်နေ၍ ငြိမ်သက်ခြင်းကိုလည်းကောင်း၊ သန့်ရှင်းခြင်း ပါရမီကိုလည်းကောင်း မီအောင်လိုက်ကြလော့။ သန့်ရှင်းခြင်းပါရမီ မရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။”
လောကမှာ လူတွေနဲ့ပေါင်းသင်းဆက်ဆံဖို့ ခက်တယ်ဆိုတာ မရှိပါဘူး။ ဘယ််လောက်ပဲ ခေါင်းမာပါတယ်၊ ပေါင်းသင်းဆက်ဆံဖို့ မလွယ်ဘူးထင်ရပါစေ ကိုယ့်ဘက်က ငြိမ်သက်ခြင်း(peace)ရဖို့ အသင့်အတင့်(effort)နေကြည့်ပါ။ ငမူးတင်မက အရူးနဲ့ပါ ဘော်ဒါတွေဖြစ်သွားနိုင်ပါတယ်။ သို့သော်လည်း ဘုရားရှင်ကိုဖူးတွေ့ဖို့ရာ(ကျွမ်းဝင်)မှာတော့ လူတွေကိို ပြုသလိုမျိုးဖြင့်မရနိုင်ပါ။ သန့်ရှင်းခြင်းပါရမီ(holiness) အားဖြင့်ပဲဖူးမြင်နိုင်ပါတယ်။ အထူးသဖြင့်နောင်ကာလဆိုတဲ့ ခဲယဉ်းတဲ့ကာလမှာ ဘုရားကို မလိုအပ်ဖူးဆိုတဲ့ နည်းပညာတိုးတက်လာတဲ့ခေတ်ထဲ ကိုယ့်ကိုညစ်ညူးစေမယ့်အရာ၊ မသန့်ရှင်းစေမယ့်အရာတွေ အများကြီးပါပဲ။ သန့်ရှင်းသောဘုရားနှင့်သက်ဆိုင်သောသူဟာ သန့်ရှင်းခြင်းနဲ့သက်ဆိုင်ရပါမယ်။ ဝေးကွာနေလို့မဖြစ်ပါဘူး။ ဝေးကွာခြင်းကဘုရားရှင်ရဲ့လှပသန့်ရှင်းသောဘုန်းတန်ခိုးတော်ကို ဖူးတွေ့လိုစိတ်ဖြစ်မလာနိုင်စေသလို၊ ဖူးတွေ့ဖို့ရာလည်းမဖြစ်နိုင်ပါဘူး။ လောကနဲ့မဆိုင်သော ဘုရားသားသမီးတွေအဖြစ် လောကရဲ့အညစ်အကြေးနဲ့ကင်းစင်ကာ သန့်ရှင်းလျက် အပြစ်တင်ခွင့်နှင့်ကင်းလွတ်နေပါမည်အကြောင်း သတိပေးပါရစေ။ သခင်ခရစ်တော်၏အသင်းတော်သည် သန့်ရှင်းလျက်အပြစ်နှင့်ကင်းစင်လျက်ရှိပါသည်။ ထိုအရာကို သိမှတ်စွဲလမ်းပါလေ။
ကျွန်ုပ်တို့၏ခန္ဒာဟာ ဘုရားရှင်ပေးသနားတော်မူသော သန့်ရှင်းသောဝိညာဉ်တော် ကျိန်းဝပ်တော်မူရာ ဗိမာန်ဖြစ်ပါတယ်။ ထိုဗိမာန်ကို သင်မပိုင်ပါ။ “My body my Choice”ဆိုပြီး သင့်စိတ်ကြိုက်ခြယ်မှုန်းကာ သန့်ရှင်းခြင်းမရှိသောအသက်တာနှင့်လောကမှာ အလင်း မပျောက်ပါစေနှင့်။ သန့်ရှင်းသောဘုရားကို ကိုယ်တိုင်သိကျွမ်းခြင်းဖြင့်၊ သမ္မာတရားအားဖြင့်သန့်ရှင်းစေကာ သန့်ရှင်းခြင်းကိုနှစ်သက်လျက် သန့်ရှင်းသောအသက်တာဖြင့် ထာဝရကာလတိုင် အပြစ်တင်ခွင့်နှင့်ကင်းလွတ်ပါမည်အကြောင်း တိုက်တွန်းနှိုးဆော်ရင်း
ဗျာဒိတ်ကျမ်း ၂၂း၁၁
“မတရားသောသူသည် မတရားသဖြင့် ပြုစေဦး။ ညစ်ညူးသောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ် သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။”
မေတ္တာဖြင့်
ယခုဆောင်းပါးသည် မူရင်းစာရေးသူဖြစ်သော ဆရာ Broshay နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူများ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။