ကောင်းသောရှမာရိ ပုံဥပမာအား ကျွန်ုပ်တို့အားလုံး သိကြသကဲ့သို့ ထားပြနှင့်တွေ့ကြုံရသော ဒဏ်ရာများနှင့်ခရီးသွား၊ ယဇ်ပရောဟိတ်၊ လေဝိလူ၊ ရှမာရိလူ စသဖြင့် ပြန်၍လည်း ပြောပြနိုင်သည်ဟုပင် ဆိုရပေဦးမည်။
ကောင်းသောရှမာရိ ကောင်းသောရှမာရိဟု တသသပြောဆိုကာ ခွန်အားယူလျက် ထိုကျမ်းချက်အား ခဏခဏ ဖတ်ခဲ့ကြသည့် နေ့ရက်များသည် မည်မျှများပေလိမ့်မည်နည်း … သို့သော်လည်း ကျွန်ုပ်တို့သည် တခါတရံတွင် ဖြစ်ချင်တော့ မင်းသား၊ ဖြစ်နေတာက ဗီလိန် ဟုသာ ဆိုရမည်လား … ယဇ်ပရောဟိတ်တဖြစ်လဲ လေဝိလူသည် သင်နှင့်ကျွန်ုပ်များဖြစ်နေပြီလား … ယနေ့ ပြန်လည်ဆန်းစစ်ဖို့ရန် လိုအပ်ပေသည် မဟုတ်ပါတကား။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၃ တွင် မြင်တွေ့ရသော ခါးကုန်းကုန်းနှင့် မိမိအရှေ့ကိုပင် ကောင်းစွာမော်မကြည့်နိုင်သည့် နာကျင်စွာခံစားနေရသော အမျိုးသမီးသည် လူအုပ်ထဲ၌ ကွယ်ပျောက်ကာ လစ်လျှူရှုခံထားရသည်မှာ ပုံဥပမာထဲမှ ထားပြတိုက်ခံထားရသော သူတစ်ဦးကဲ့သို့ပင်ဖြစ်နေပေဦးလိမ့်မည်။
သူမအား လူအုပ်ကြီးမှ ဘေးဖယ်ထားသယောင်၊ တရားဇရပ်မှူးမှ ပစ်ပယ်သယောင်နှင့် လူကြားထဲ၌ပင်လျှင် တဦးတည်းဖြစ်လျက် အဖော်မဲ့ကာ သူမ၏ ရင်ထဲတွင်မည်မျှ ဗလောင်ဆူနေမည်နည်း။
သို့သော် သခင်ယေရှုသည် သူမအား လူကြားထဲ၌ပင်လျှင် ကွက်ကွက်ကွင်းကွင်း ထင်ရှားစွာမြင်ခဲ့ပေသည်။ အားနည်းသူ သူမအား ဖေးမကာ၊ သူမအတွက် ထိုသခင်သည် နှုတ်ကိုဖွင့်ကာ ပြောပေးခဲ့ချေသည်။ သူမအတွက်တော့ “Physical Help, Emotional Help, and Spiritual Help” ဟုပင် ဆိုရပေအံ့ … ကျွန်ုပ်တို့၏ သခင်ယေရှုသည် မြင်ရုံနှင့်သာ ရပ်မနေခဲ့ချေ။
ယနေ့တွင်လည်း မိတ်ဆွေနှင့် ကျွန်ုပ်တို့သည် ပုံဥပမာထဲမှ ယဇ်ပရောဟိတ်လား၊ လေဝိလူလား သို့တည်းမဟုတ် တရားဇရပ်မှူးများဖြစ်နေသလား …
သုတ္တံကျမ်း ၃၁:၉
စကားပြောလျက်၊ တရားသဖြင့် စီရင်လျက်၊ ဆင်းရဲငတ်မွတ်သော သူတို့၏အမှုကို စောင့်လော့။
“ကိုးကွယ်ရာမရှိသော သူအပေါင်းတို့၏အမှုကို စောင့်ခြင်းငှာ၊ စကားအသောသူတို့ဘက်မှာ နေ၍ပြောလော့” ဟုဆိုသည့်အတိုင်း အားနည်းလျက် ဒဏ်ရာများနှင့်လဲကျနေသော ခရီးသွားအား ဖေးမပေးသူ ရှမာရိလူကဲ့သို့လည်းကောင်း ကိုယ်တိုင်သက်သေနှင့်တကွ ပြသပေးခဲ့သူ သခင်ယေရှုကဲ့သို့သော်လည်းကောင်း “နှုတ်ကိုဖွင့်ခြင်း၊ တရားသဖြင့်စီရင်ခြင်း၊ ထိုသူတို့၏ အမှုကိုစောင့်ခြင်း” တို့သည် ကျွန်ုပ်တို့၏ တာဝန်တစ်ရပ်ဟုလည်း ဆိုနိုင်ပေသည်။
ထို့ကြောင့် ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်၌ နာကျင်နေရသူများ၊ ငိုကြွေးနေရသူများ၊ အားနည်းသူများ၊ မတရားသဖြင့် ခံစားနေရသူများအား “မြင်ရဲ့လား၊ မြင်ရုံနှင့်သာ ရပ်မနေနဲ့” ဟု သခင်ယေရှု တီးတိုးရွတ်ဆိုနေပါမည်လော …
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။