Skip to content

ကိုယ်နှင့်ပတ်သက်ဖူးသည့်သူတွေထဲမှာ အနည်းနှင့်အများတော့ ကိုယ့်ကိုကျေးဇူးပြုဖူးသူ၊ ကိုယ်ကကျေးဇူးပြုဖူးသူတွေရှိမှာပါပဲ။ တခါတရံမှာ ကိုယ်ပြုလိုက်တဲ့အရာကိုမှတ်ထားတတ်တဲ့သူတွေရှိသလို၊ မမှတ်ထားဘဲ အခွင့်ရတိုင်းကျေးဇူးပြုကူညီတတ်သူတွေလည်းရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အပေါ်ကျေးဇူးပြုခဲ့ဖူးသူတွေကို ဘယ်သောအခါမျှကျေးဇူးကန်းကာ မမေ့လိုက်ဖို့အရေးကြီးပါတယ်။ အထူးသဖြင့် နောင်ကာလဆိုတဲ့နောက်ဆုံးသောကာလမှာ ဘုရားရဲ့ကျေးဇူးတွေကို မသိတတ်တဲ့သဘောမျိုးနဲ့ အသက်မရှင်မိဖို့ရာ သတိပြုပါလေ။ ဘုရားရှင်နဲ့လူတွေအပေါ် ကျေးဇူးတရားကင်းမဲ့စွာ အသက်ရှင်တတ်ခြင်းက ကိုယ်ကဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာကို ထင်ရှားပေါ်လွင်စေပါတယ်။

သုတ္တံကျမ်း ၃း၂၇
“ကျေး​ဇူး​ကို​ခံ​သင့်​သော​သူ​တို့​အား ကျေး​ဇူး​ပြု​ရ​သော​အ​ခွင့်​ရှိ​လျှင် မ​ပြု​ဘဲ​မ​နေ​နှင့်။”

ဘယ်သူမဆိုကတော့ အချောင်ရတဲ့အရာ၊ အလကားရတဲ့အရာဆိုရင် လိုချင်ကြတာပါပဲ။ အထူးသဖြင့် ကိုယ်ခက်ခဲနေချိန်မှာ တစုံတယောက်ဆီကနေ အကူအညီကိုရဖို့ဆိုရင် ပိုလို့တောင်မှလိုချင်ကြသည်မဟုတ်လား။ ကိုယ်ပဲအမြဲခက်ခဲနေတာ မဟုတ်သလို၊ အခြားသူတွေကလည်း အမြဲတမ်းအဆင်ပြေနေကြသူတွေ မဟုတ်ပါဘူး။ သို့သော်တခါတရံမှာ အခြားသောခက်ခဲနေသူတွေကို ကူညီကာကျေးဇူးပြုနိုင်ဖို့ရာ ကျေးဇူးပြုရသောအခွင့်(power)ကိုကျွန်ုပ်တို့ ရပါတယ်။ အဲ့လိုအခြေအနေမျိုးမှာ မတွန့်ဆုတ်လိုက်ပါနှင့်။ ကျေးဇူးမပြုဘဲမနေလိုက်ပါနှင့်။ အဲ့လိုသူတပါးကိုကူညီပေးနိုင်တဲ့အခြေအနေမှာတောင်မကူညီနိုင်ရင် အခြားအချိန််တွေမှာလည်းကူညီကာ ကျေးဇူးပြုခြင်သည့်စိတ်စေတနာလည်းရှိလာမည်မဟုတ်ပါ။ ကိုယ်တိုင်ကခက်ခဲလာသည့်အချိန်တွေမှာ “ပတ်ဝန်းကျင်နှင့်အသိုင်းအဝိုင်းက ကူညီနိုင်လျက်နဲ့မကူဘူးကွာ”ဆိုပြီး အပြစ်တင်လိုက်မည့်အစား၊ ကိုယ်တိုင်ကအခွင့်အရေးတွေရှိချိန်တုန်းက တပါးသူကိုကျေးဇူးပြုခြင်းငှါရှောင်ဖယ်လိုက်တဲ့ ခံစားချက်ကိုသာပြန်လည်အမှတ်ရသင့်ပေသည်။

ဆာလံကျမ်း ၁၃း၆
“အ​ကျွန်ုပ်၌ ကျေး​ဇူး​ပြု​တော်​မူ​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​ကို ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။”


အပြစ်ရှိစဉ်ပင် အပြစ်နှင့်ကင်းတဲ့သိုးသငယ်ရဲ့အသွေးတော်အားဖြင့် အပြစ်မှလွတ်ခြင်းကျေးဇူးကိုကျွန်ုပ်တို့ခံစားရပါတယ်။ အဖိုးအခပေးရွေးဝယ်ခဲ့ကာ ပြုတော်မူသော မဟာကျေးဇူးတော်ကား ကြီးလှပေသည်။ ဤအတွက် ကျွန်ုပ်တို့တတွေထောမနာသီချင်းတည်းဟူသော ချီးမွမ်းခြင်းသီချင်းကို နေ့ရက်တိုင်းသီဆိုနေပါရဲ့လား။ ဆာလံဆရာကတော့ သူ၌ဘုရားရှင်ပြုသောကျေးဇူးကြောင့် ချီးမွမ်းသီချင်းကိုသီဆိုနေပါတယ်။ တခါတရံအခြားသူထံမှကျေးဇူးပြုခြင်းကိုသာ ခံရဖို့မြော်လင့်နေချိန်မှာ ကျွန်ုပ်တို့တွေရဲ့အသက်တာထဲမှာ အစဉ်အမြဲကျေးဇူးပြုပေးနေသော ဘုရားရှင်ကိုကျေးဇူးတင်ဖို့မေ့လျော့နေတတ်ကြသည်။ မစခြင်းအကြောင်းပေါ်ထွက်ရာ ထာဝရဘုရားသာ မြော်လင့်ရာ၊ ကျေးဇူးချိီးမွမ်းရာ ဖြစ်သည်ကိုအစဉ်မျက်မှောက်ပြု နှလုံးသွင်းပါ။ ဘုရားရှင်က ကျေးဇူးပြုတတ်သောသဘောနှင့်ပြည့်သော ဘုရားဖြစ်ပါတယ်။ ထိုကျေးဇူးပြုတတ်သော ဘုရားရှင်၏သားသမီးတွေလို့ဆိုပြီး  ကျေးဇူးပြုတော်မူသောသခင်အား မချီးမွမ်း၊ ကျေးဇူးကိုခံအပ်သောသူတို့အား ကျေးဇူးပြုခြင်းအလျင်းမရှိခြင်းက ကျွန်ုပ်တို့ကို “ခရစ်ယာန်”လို့မခေါ်ထိုက်ဘဲ “ခရစ်ဟန်”တွေဟုသာ ခေါ်ထိုက်ပေသည်။

‭ရောမဩဝါဒစာ ၁း၂၁
“အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို သိ​လျက်​ပင်၊ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​သင့်​သည်​အ​တိုင်း မ​ချီး​မွမ်း၊ ကျေး​ဇူး​တော်​ကို​လည်း မ​သိ​မ​မှတ်၊ အ​ချည်း​နှီး​တွေး​ဆ​ခြင်း၊ သ​တိ​မ​ရှိ​သော​စိတ်​နှ​လုံး​မိုက်​မဲ​ခြင်း​သို့ ရောက်​ကြ၏။”


လုပ်သင့်တာကိုသိလျက်နဲ့မလုပ်ခြင်း၊ မလုပ်သင့်တာကိုသိလျက်နှင့်လုပ်လိုက်ခြင်းက သတိမရှိသောစိတ်နှလုံးမိုက်မဲခြင်းလို့သာပြောလိုပါတယ်။ ဒီကနေ့ကိုယ့်ကိုယ်ကို ခရစ်ယာန်လို့ခေါ်တဲ့သူအများစုက လောကသားဆန်ဆန်ဘုရားကို “သိခြင်း”၌သာကိုးကွယ်နေကြသည်။ ဆိုလိုသည်မှာ ဘုရားကျောင်းပုံမှန်သွားကာ၊ နှုတ်ကပတ်တော်တရားကိုကြားနေရလျက်ပင် ဘုရားသခင်ကိုချီးမွမ်းသင့်သည်အတိုင်းမချီးမွမ်း၊ ကျေးဇူးတော်ကိုလည်းသိမှတ်ခြင်းမရှိဘဲ ဖြစ်ချင်သလို၊ နေချင်သလို အသက်ရှင်ပြီး မိမိကိုယ်ကိုခရစ်ယာန်ဟု ဂုဏ်ယူနေတတ်ကြသည်။ နောင်ကာလဆိုတဲ့ဤခဲယဉ်းတဲ့ကာလမှာ ဘုရားရှင်ကျေးဇူးပြုနေသည်၊ အလုပ်လုပ်နေသည်ကို မသိမှတ်ဘဲ ကိုယ်သာလျှင်ကိုယ့်ဘဝရဲ့ပဲ့ကိုင်ရာဆိုပြီး စိတ်ကြိုက်အသက်ရှင်ကာ ကျေးဇူးကန်းသောအသက်တာမျိုးနှင့်ပျော်မွှေ့နေမည်ဆိုပါက အသက်တာထဲမှာဘုရားရှင်ပြုပေးတဲ့အရာကို အခြားသူတွေမြင်နိုင်ဖို့ရာဖုံးကွယ်ထားသည်မျိုးဖြစ်နေမည်သာ။ ထိုသို့ မဖြစ်သင့်ပါ။ အသက်မရှင်သင့်ပါ။ ကိုယ့်ကိုယ်ကို ပြန်လည်စစ်ဆေးပါ။

ရောမဩဝါဒစာ ၂း၄
“ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သည် သင့်​ကို နောင်​တ​လမ်း​သို့ သွေး​ဆောင်​သည်​ကို မ​သိ​မ​မှတ်​ဘဲ၊ ကြွယ်​ဝ​စွာ ကျေး​ဇူး​ပြု​တော်​မူ​ခြင်း၊ သည်း​ခံ​တော်​မူ​ခြင်း၊ စိတ်​ရှည်​တော်​မူ​ခြင်း​တို့​ကို မ​ထီ​မဲ့​မြင်​ပြု​သ​လော။-”

“ကျေးဇူးတော်ပဲ”လို့နှုတ်ကနေမြွက်ဆိုလိုက်ပေမယ့် လစာကောင်းတဲ့အလုပ်ရလို့၊ စာမေးပွဲအောင်သွားလို့၊ ကားစီးနိုင်သွားလို့၊ ကျန်းမာသွားလို့ စတဲ့အရာတွေမှာ အားပါးတရကြွေးကြော်ကြပေမယ့်။ တကယ်တမ်း စုတ်ပြတ်သတ်၊ ညစ်ညမ်းပေရေနေတဲ့ အသက်တာကို နေ့စဉ်နောင်တလမ်းထဲသို့သွေးဆောင်၍ကျေးဇူးပြုနေသော ဘုရားရှင်ရဲ့ကျေးဇူးတော်ကိုကြတော့ အသိအမှတ်ပြုစိတ်ထဲမှာတနေရာစာတောင်မှရှိမနေဘူးဆိုရင်ဘယ်လိုလုပ်မလဲ။ ဘုရားရှင်ကကျွန်ုပ်တို့ကို ကြွယ်ဝစွာကျေးဇူးပြုတာနော်။ သာမန်ကာလျှံကာ ပြီးပြီးရော ပြုတဲ့ဘုရားသခင်မဟုတ်ပါ။ ဒီလိုမျိုးကျေးဇူးပြုခြင်းနှင့်အတူ ကျွန်ုပ်တို့ကို သည်းခံပေး၊ စိတ်ရှည်ပေးနေတာ တကယ်ကိုအံ့ဩစရာပါ။ ဒါတောင်မှကျွန်ုပ်တို့တတွေက မထီမဲ့မြင်ပြုနေဦးမည်ဆိုရင် ကျွန်ုပ်တို့လောက်မိုက်မဲမည့်သူတွေမရှိတော့ပါဘူး။ ကျေးဇူးကန်းဖို့၊ ကျေးဇူးကိုမသိမှတ်တတ်တဲ့သူဖြစ်ဖို့ မခက်ပါဘူး။ သို့သော် ဤမျှလောက်ကျေးဇူးပြုပေးတဲ့ဘုရားရဲ့ ကျေးဇူးတော်ကိုခံရနေပါလျက် ရုပ်ဝတ္တုပစ္စည်းကောင်းကြီးခံစားချိန်မှသာ ကြွားဝါချီးမွမ်းတတ်သူဆိုရင်တော့ ဘုရားနာမကိုစကားထဲ၌ပင်ထည့်မနေပါနှင့်တော့။ သခင်ယေရှုခရစ်တော်ကို ယုံကြည်သောအချိန်မှစ၍ လူသစ်အသက်တာသစ်ကိုစတင်ပြီဆိုသည်နှင့် လူဟောင်းရဲ့အကျင့်တို့ကိုချွတ်ပယ်ခြင်း၊ ဆိုးညစ်သောစွဲကပ်ရာတို့မှနောင်တဖြင့်လွတ်မြောက်ခြင်းတို့မှာ ဘုရားရှင်၏ကျေးဇူးတော်နှင့်မစခြင်းမပါဘဲ မဖြစ်နိုင်ပါ။ ထိုသို့မဖြစ်နိုင်သည်ကို ဖြစ်စေနိုင်ခြင်းငှါ ကျေးဇူးပြုတော်မူသော သခင့်ကိုကျေးဇူးတင်ဖို့ရာ၊ ချီးမွမ်းဖို့ရာ စိတ်နှလုံးကိုအမြဲပြင်ဆင်စောင့်ရှောက်ဖို့ရာ သတိပြုပါလေ။


ကျေးဇူးမသိတတ်ခြင်း၊ ကျေးဇူးမတင်တတ်ခြင်းကို မည်သူကမျှ မနှစ်သက်ပါ။ ထိုသို့သောလူတွေကို မည်သူမဆိုဝေးဝေးရှောင်ကြမည်မှာအမှန်ပါပဲ။ ဤနောင်ကာလတည်းဟူသော ခဲယဉ်းသောကာလမှာ ကျေးဇူးတော်ပဲလို့ နှုတ်ကနေတဖွဖွ ပြောတတ်ပြီး ကျေးဇူးပြုဖို့၊ ကျေးဇူးတင်ဖို့ပျက်ကွက်နေတတ်တဲ့ ယုံကြည်သူတွေဖြစ်ကုန်ပြီး လူတွေရဲ့ ဝေးဝေးရှောင်သွားခြင်းကိုခံနေရပြီလား။ ဘုရားရှင်တောင်စိတ်ပျက်လောက်အောင် ကျေးဇူးတရားကိုမေ့လျော့သူတွေဖြစ်ကုန်နေကြပြီးလား။ ဘာကျေးဇူးမှ မခံရသောကြောင့် ဘာကျေးဇူးမှတင်စရာ၊ ပြုစရာမရှိသည့်အသက်တာမျိုးနှင့် အသက်မရှင်မိဖို့သတိပြုပါလေ။ “ငါသည်ထာဝရဘုရားထံမှကျေးဇူးတော်ကို မထိုက်တန်သော်လည်းခံစားရသူဖြစ်တယ်၊ ထိုကျေးဇူးတော်အားဖြင့်ငါသည် ကျေးဇူးတော်ကိုချီးမွမ်းနိုင်သူဖြစ်ရုံတင်မက တပါးသူကိုလည်းကျေးဇူးပြုနိုင်သူဖြစ်တယ်” ဆိုတာကိုသဘောပေါက်လျက်အသက်ရှင်နိုင်ပါမည်အကြောင်း ခွန်အားပေးတိုက်တွန်းနှိုးဆော်ရင်း

ရှင်မဿဲခရစ်ဝင် ၁ဝး၈
“နာသောသူတို့အား ချမ်းသာပေးကြလော့။ သေသောသူတို့ကို ထမြောက်စေကြလော့။ နူသောသူတို့ကို သန့်ရှင်းစေကြလော့။ နတ်ဆိုးတို့ကိုလည်း နှင်ထုတ်ကြလော့။ သင်တို့သည် အဖိုးမပေးဘဲ ကျေးဇူးတော်ကို ခံရကြပြီဖြစ်၍ အဖိုးမခံဘဲ ပေးကမ်းကြလော့။”

မေတ္တာဖြင့်