Skip to content

မိဘစကားကိုနားမထောင်သောသူ – Disobedient to Parents

နောင်ကာလသည် ခဲယဉ်းသောကာလဖြစ်တယ်ဆိုတာ မိဘစကားကိုနားမထောင်တဲ့ သားသမီးတွေကိုမြင်တွေ့ရခြင်းဖြင့်နားလည်နိုင်ပါတယ်။ စကားနားမထောင်တဲ့သားသမီးတွေကို ထိန်းကျောင်းရတဲ့မိဘတွေဆိုတာ အတော်ကိုခက်ခဲတဲ့အခြေအနေကို ကြုံတွေ့ရသူတွေလို့ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုရင် မိဘစကားကိုနားမထောင်ဘူးလို့ပြောတဲ့အခါ စကားကိုနားမထောင်လိုက်ရုံပဲမဟုတ်ဘဲ အဲ့ဒီကနေမှ ကိုယ်ကြိုက်တာ၊ ကိုယ်မှန်တယ်ထင်တဲ့ဟာကိုလုပ်သွားတတ်လို့ပါပဲ။ မိဘဖြစ်သောကြောင့် သားသမီးကိုမဆုံးမဘဲနေမည်မဟုတ်သော်လည်း၊ သားသမီးများကတော့ ခေတ်အခြေအနေ၊ ကြီးပြင်းရသည့်ပတ်ဝန်းကျင်၊ မိတ်ဆွေအပေါင်းအသင်းများ အားဖြင့်မိဘရဲ့စကားထက် လောကရဲ့စကားကိုသာ လွှမ်းမိုးခံ၊ နာခံသွားတတ်ကြပေသည််။

ဧဖက်ဩဝါဒစာ ၆း၁
“သားသမီးတို့၊ သခင်ဘုရား၏ အလိုတော်နှင့်အညီ မိဘစကားကို နားထောင်ကြလော့။ မိဘစကား ကိုနားထောင်ခြင်းအမှုသည် တရားသောအမှု ဖြစ်၏။”

ဒီကနေ့ခေတ်လူငယ်တွေအနေနဲ့ မိဘတွေအပေါ်မှာ တဇွတ်ထိုးလုပ်တတ်ကြတဲ့ အမူအကျင့်တွေရှိလာကြပါတယ်။ ကိုယ်မှန်တယ်ဆိုပြီး မိဘတွေကို “ခေတ်မမှီ”၊ “ဒိတ်အောက်တယ်”၊ “နားမလည်ဘဲနဲ့မပြောပါနဲ့”၊ “ဒါကဒီလိုလုပ်ရတာ”၊ “မသိရင်အေးဆေးနေပါ” စသည်ဖြင့် ပြန်ခံပြောတတ်လာကြကာ မိဘတွေကို ကလန်ကဆန်ဖြင့် ဆရာကြီးလုပ်ကာ နာမခံတတ်ကြတော့ပေ။ အထူးသဖြင့် ခရစ်ယာန်လူငယ်တွေအနေနှင့် ကိုယ်ရဲ့မိဘကို ဆရာပြန်လုပ်ခြင်းကို ရှောင်သင့်ပေသည်။ မိဘတွေအနေဖြင့် သူတို့မသိနားမလည်သည့်အရာများ ရှိနိုင်ပေမည်။ တခါတရံ သားသမီးများကို ချစ်တဲ့စိတ်ကြောင့် မကောင်းဘူးလို့သံသယဝင်မိသည့်အရာများနှင့် ကျွမ်းဝင်နေမလားဆိုပြီး ဆုံးမတဲ့အခါ၊ သူတို့ကိုစိတ်ဆိုးလိုက်ခြင်းထက် ကိုယ်လုပ်ဆောင်ပတ်သက်နေသည်မှာ မကောင်းသောအရာများမဟုတ်ကြောင်းကို သေသေချာချာရှင်းပြသင့်သည်။ အကယ်၍ မကောင်းသောအမှုအရာတို့နှင့်ကိုယ်ကလုပ်ဆောင်ပတ်သက်နေမိပြီဆိုရင်လည်း ကိုယ့်ကိုချစ်သောမိဘဆီကနေ အကူအညီကို ရိုကျိုးစွာတောင်းခံသင့်ပါသည်။ သို့မဟုတ်ပါက သင်ဟာမိဘရဲ့စကားကိုနားမထောင်ခြင်းသည် သင့်ကိုဒုက္ခရောက်စေရုံတင်မကဘဲ၊ ချစ်သောမိဘတို့မှာလည်း စိတ်နှလုံးကြေကွဲလျက် ဝမ်းနည်းပူဆွေးရမည်သာ။ မိဘစကားကိုနားထောင်ခြင်း၊ နားမထောင်ခြင်းဆိုသည်မှာ မိဘကောင်းခြင်း၊ မကောင်းခြင်းနှင့်မသက်ဆိုင်ဘဲ သားသမီးဖြစ်တဲ့သင်နှင့်သာသက်ဆိုင်ပါသည်။ တနည်းအားဖြင့် သခင်ဘုရား၏အလိုတော်နှင့်အညီနားထောင်ခြင်း၊ သခင့်စကားကိုနာခံသကဲ့သို့နာခံခြင်းမျိုးလို့ဆိုပါရစေ။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဒါဟာမှန်ကန်တဲ့အမှုအရာ၊ တရားသောအမှုဖြစ်ပေသည်။

သုတ္တံကျမ်း ၂၃း၂၂
“သင့်ကို ဖြစ်ဖွားစေသောအဘ၏စကားကို နားထောင်လော့။ အသက်ကြီးသော အမိကို မထီမဲ့မြင်မပြုနှင့်။”

တခါတရံမိသားစုထဲမှာ ဘာတွေတွေ့ရသေးလဲဆိုရင် တချို့ကအဖေရဲ့စကားဆိုနားထောင်ပြီး၊ အမေပြောသမျှဆိုရင်တော့ ငြင်းပယ်တတ်ကြပါတယ်။ အချို့ကျပြန်တော့လည်း အမေကိုပဲပိုချစ်၊ ပိုနာခံပြီး အဖေကိုလုံးဝမကြိုက်မနှစ်သက်တဲ့သဘောမျိုးတွေတောင်ရှိကြပါသေးတယ်။ အထက်ကနှုတ်ကပတ်တော်မှာတော့ “ကိုယ့်ကိုဖြစ်ဖွားစေသောအဘ”(who gave you life) လို့ဆိုထားပါတယ်။ အသက်အရွယ်ပြည့်စုံလူလားမြောက်တဲ့ အထိပျိုးထောင် ကြီးထွားလာစေတဲ့သူ လို့စာရေးသူမြင်မိပါတယ်။ ဒါကြောင့် သူ့ရဲ့စကားကိုနားထောင်သင့်ပါတယ်။ နောက်ပြီး “အသက်ကြီးသောအမိကို မထီမဲ့မြင်မပြုနှင့်” ဆိုတဲ့အခါမှာ အထူးသဖြင့် မိခင်တော်တော်များများက အိမ်တွင်းမှာပဲ မိသားစုအတွက် အကောင်းဆုံးပေးဆပ်ကြသူတွေပါ။ အပြင်လောက ဗဟုသုတများကိုလည်း မနှံ့စပ်ကြတဲ့အခြေအနေများလည်းရှိနိုင်ပါတယ်။ ဒါကြောင့် သူတို့တတွေအသက်ကြီးရင့်လာတဲ့အခါမှာ သူတို့ကို မလေးမစား၊ မထီမဲ့မြင်သဘောတွေနဲ့ အခြားသူတွေရှေ့မှာ မပြုမိဖို့သတိပြုစေလိုပါတယ်။

သုတ္တံကျမ်း ၁း၈
“ငါ့သား၊ အဘ၏နည်းဥပဒေသကိုနားထောင်လော့။ အမိ၏တရားကိုလည်း မပယ်နှင့်။”

ဖခင်ကပေးတဲ့ နည်းလမ်းနည်းနာတွေကို နားထောင်တတ်ဖို့၊ မိခင်ရဲ့သွန်သင်ခြင်းတွေကို မပယ်ဖို့ ဆိုတာအင်မတန်မှအရေးကြီးပါတယ်။ မိဘဆိုတာ ကိုယ့်ကိုမမွေးဖွားပေးခင်ကတည်း ကိုယ့်အတွက်အကောင်းဆုံးတွေကိုစဉ်းစားထားကာ ပေးချင်ကြသူတွေပါ။ ထိုအကောင်းဆုံးအရာတွေထဲမှာ သွန်သင်လမ်းပြပဲ့ပြင်မှုတွေကလည်း တခုအပါအဝင်ပါပဲ။ ထို့ကြောင့် ထိုအရာတွေကိုပေးတဲ့ မိဘတွေရဲ့စကားကိုနားထောင်တတ်ကာ ဘယ်တော့မှမပယ်လိုက်ဖို့ သတိပြုပါလေ။

ကောလောသဲဩဝါဒစာ ၃း၂၀
“သား​သ​မီး​တို့၊ မိ​ဘ​စ​ကား​ကို အ​ရာ​ရာ၌ နား​ထောင်​ကြ​လော့။ မိ​ဘ​စ​ကား​ကို နား​ထောင်​ခြင်း​အ​မှု​သည် သ​ခင်​ဘု​ရား နှစ်​သက်​တော်​မူ​သော အ​မှု​ဖြစ်၏။”

မိဘစကားကိုနားထောင်လိုက်တာ ခက်ခဲတဲ့အရာမဟုတ်မှန်းအသက်အရွယ်ကြီးရင့်လာမှနားလည်ခဲ့ပါတယ်။ လာဆိုရင် လာလိုက်၊ သွားဆိုရင် သွားလိုက်၊ မလုပ်နဲ့ဆိုရင် မလုပ်လိုက်နဲ့ စသည်ဖြင့်အရာလေးတွေက မခက်ခဲပါဘူး။ ဒါပေမယ့် မခက်ခဲတဲ့အရာလေးတွေက ကိုယ့်အတွက်ကြီးမားတဲ့ အနှောင့်အယှက်သဖွယ်ဖြစ်နေမိခဲ့ဖူးကြတယ်မဟုတ်လော။ မိဘစကားကိုအရာရာ၌နားထောင်ဖို့ဆိုတာ မလွယ်ကူတာမဟုတ်ပေမယ့်၊ တကယ်တမ်းခက်ခဲတာက အဲ့စကားတွေကိုနားထောင်လက်ခံဖို့ခက်တဲ့ နှလုံးသားတစုံပါ။ နားကကြားပေမယ့် နှလုံးသားက နားမထောင်ချင်တဲ့ ပုန်ကန်တတ်တဲ့သဘောလေးတွေက ကိုယ့်အတွက်အကျိုးမရှိစေဘူးဆိုတာ သင်ယူရပါတယ်။ ဘုရားရှင်နှစ်သက်သော မိဘစကားကိုနားထောင်ခြင်းအရာကို ဘယ်တော့မှ မစွန့်ပစ်လိုက်ပါနဲ့။ အမြဲတမ်းစိတ်ထဲမှာ “မိဘစကားနားထောင်ခြင်းက ဝိညာဉ်ရေးရာနှင့်သက်ဆိုင်ပါလား” ဆိုပြီးကိုယ့်ကိုကိုယ်အသိပေးနေသင့်ပါတယ်။ ဘုရားရှင်နှစ်သက်သောအမှုအရာကို သင်အဦးစွာပြုနိုင်သည့်နေရာမှာ မိမိအိမ်ထောင်မှမိဘစကားကိုနားထောင်ခြင်းမှ စတင်သည်ကို သတိပြုသင့်သည်။

နောင်ကာလဆိုတဲ့ ခဲယဉ်းတဲ့ကာလမှာ မိဘတွေ၊ မိဘကဲ့သို့သောဆွေမျိုး၊ ဆရာသမားတွေရဲ့ဆိုဆုံးမမှုတွေကို အနီးကပ်သော်လည်းကောင်း၊ အဝေးမှသော်လည်းကောင်း ရနေပါလျက်နှင့် နားမထောင်၊ နာမခံခြင်းကိုသာရွေးချယ်လိုက်မည်ဆိုပါက မိုက်မဲတဲ့ရွေးချယ်မှုလို့ဆိုပါရစေ။ ကိုယ့်ကိုကိုယ်ဘယ်လောက်ပဲထိန်းနိုင်ပါတယ်ဆိုပြီး အသက်တာကိုစိတ်ကြိုက်အသက်ရှင်နေပါစေ၊ မိဘတွေရဲ့ဆိုဆုံးမမှုကို နားမထောင်ခြင်း၊ ပစ်ပယ်ထားလိုက်ခြင်းက ကိုယ်ကြိုက်နှစ်သက်နေသည့်အရာတွေကိုစိတ်ကြိုက်ထိန်းချုပ်ခွင့်ပေးလိုက်သည့်သဘောမျိုးပါပဲ။ ဒါကြောင့် ကိုယ်ကမိဘစကားကိုနားထောင်ခြင်းငှါ ပျက်ကွက်ရွေ့လျော့နေသူတယောက်ဆိုရင်တော့ အလျင်အမြန်ပြန်လှည့်လာခဲ့ဖို့ မေတ္တာရပ်ခံပါရစေ။ မိဘစကားကိုနားထောင်ပါလို့ တိုက်တွန်းနှိုးဆော်ရင်း

မေတ္တာဖြင့်