ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၃ တွင် အမျိုးသမီးတစ်ဦးအကြောင်းကို တွေ့ရပေသည်။ သူမသည် တဆယ့်ရှစ်နှစ်ပတ်လုံး နတ်ဆိုးစွဲသဖြင့် နာမကျန်းခြင်းများစွာ၊ ရောဂါနှိပ်စက်မှုများစွာတို့ကို နှစ်ရှည်လများ ခံစားနေခဲ့ရသူပင် …
ထိုအဖြစ်ကြောင့်လည်း ကျောကုန်း၍ ကိုယ်ကိုအလျှင်းမဆန့်နိုင်ဟု မှတ်တမ်းတင်ထားသည်ကို မြင်တွေ့ရနိုင်သည်။ တနည်းအားဖြင့်ဆိုရလျှင် အရှေ့ကိုပင် တည့်တည့်ကြည့်ရန်ခက်ခဲသည့် အခြေအနေ၊ လမ်းပင် တည့်တည့်မတ်မတ် မလျှောက်နိုင်သည့် အဖြစ်ဟုသာ ဆိုရပေဦးတော့မည်။
လူအများကြားထဲမှာပင် အဖော်မဲ့နေသော သူမ၊ တရားစရပ်မှာပင်လျှင် လမ်းပျောက်နေသော သူမ … သေချာသည်မှာတော့ အထီးကျန်နေသော ခံစားချက်နှင့်အတူ “spiritual sickness, emotional pain” များကို ရင်ဝယ်ပိုက်ကာ “ဘာကြောင့်၊ ဘယ်လိုကြောင့်ဟူသော” လူအများ၏ လက်ညှိုးထိုးခြင်းများကို တဆယ့်ရှစ်နှစ်ပတ်လုံး ရင်ဆိုင်နေခဲ့ရရင်း “physical pain” ကိုလည်း နာကျင်စွာဖြင့် လည်စင်းခံနေရသူမှာလည်း သူမပင် …
ထိုဥပုသ်နေ့၌ လူအများ၏ ပစ်ပယ်ခြင်းသာမက တရားစရပ်မှူးသည်ပင်လျှင် လစ်လျူရှုထားသော သူမအား တစ်ယောက်သောသူ၏ ခေါ်သံမှာ ထူးဆန်းနေမည်လော … မမျှော်လင့်ထားသော ခေါ်သံ၏ လားရာသို့ မျှော်ကြည့်မည့် သူမ၏ မျက်နှာအား မြင်ယောင်ကြည့်လျှင် တောက်ပသော မျက်ဝန်းတစ်စုံကိုပင် အတိုင်းသားမြင်တွေ့ရပေဦးမည် မဟုတ်ပါလား။
ရှင်လုကာခရစ်ဝင် ၁၃:၁၂
ယေရှုသည် ထိုမိန်းမကို မြင်တော်မူလျှင် အထံတော်သို့ခေါ်၍၊ အချင်းမိန်းမ၊ သင်သည် အနာရောဂါနှင့် လွတ်၏ဟု မိန့်တော်မူလျက်၊
ယနေ့မိတ်ဆွေနှင့် ကျွန်ုပ်တို့၏ အခြေအနေများစွာတို့အားလည်း သခင်ယေရှု မသိဘဲနေပါမည်လော … မိတ်ဆွေ အထီးကျန်နေပါသလား၊ မတရားမှုများကြောင့် နာကျင်နေရပါသလား၊ ငိုကြွေးရင်း ကြေကွဲနေပါသလား၊ ရောဂါနှိပ်စက်ခြင်း … လူအများပစ်ပယ်ထားခြင်း … လက်ညှိုးထိုးခံရခြင်း စသဖြင့် အခြေအနေအမျိုးမျိုးတို့အား ကြုံတွေ့ရင်ဆိုင်နေရပါစေဦးတော့ သခင်ယေရှုမြင်ပါသည် သိပါသည်။ ထိုနည်းတူ လွတ်မြောက်ခြင်းအခွင့်ကိုလည်း ပေးပိုင်သည်ကို ဆင်ခြင်ရင်း “ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြပါစို့” …
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။