Skip to content

တိုးတက်လာပါတယ်ဆိုတဲ့ခေတ်ကြီးထဲမှာ ပွင့်လင်းမြင်သာမှုဆိုပြီး တဦးနှင့်တဦး မကျေနပ်တဲ့အခါဖြစ်ဖြစ်၊ ကိုယ့်အပေါ်မှာစော်ကားသွားလို့ပဲဖြစ်ဖြစ်၊ မခံမရပ်နိုင်ဖြစ်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ်၊ ပြောသင့်ပြောထိုက်တာထက်ကိုကျော်လွန်ပြီး တနည်းဆိုရသော် ဘောင်ကျော်ကာ ရင့်သီးရိုင်းစိုင်းတဲ့စကားလုံးတွေနဲ့ သူတပါးရဲ့အသရေကိုရှုံ့ချသလိုတွေဖြစ်သွားတာမျိုးတွေ ဒီခေတ်ကာလမှာပိုပြီးတွေ့လာနေရပါတယ်။ ကိုယ်မှားတဲ့အခါမျိုးမှာ စကားလုံးတွေနဲ့တိုက်ခိုက် ပြစ်တင်ပြောဆိုခံရမှာမျိုးကို မနှစ်သက်ကြပေမယ့်၊ သူတပါးကိုတော့ အသရေပျက်လောက်တဲ့အထိ ပြောပစ်လိုက်ချင်တဲ့စိတ်သဘောမျိုးဟာ မကောင်းပါဘူး။ စကားပြောနဲ့တင်သာမက တပါးသူအပေါ်မှာ ကြမ်းတမ်းစွာဆက်ဆံတတ်သူတွေမျိုးလည်း ရှိပြန်ပါသေးတယ်။ နောင်ကာလဆိုတဲ့ခဲယဉ်းတဲ့ကာလမှာ ဒီလိုလူတွေများစွာရှိလာမယ်ဆိုတာ သတိပြုဆင်ခြင်ရင်း ကိုယ့်ရဲ့နှုတ်လျှာ၊ အပြုအမူတွေကိုထိန်းသိမ်းသင့်ပေသည်။

သုတ္တံကျမ်း ၁၅း၁
“ဖြည်း​ညင်း​သော စ​ကား​သည် စိတ်​ကို​ဖြေ​တတ်၏။ ကြမ်း​တမ်း​သော​စ​ကား​မူ​ကား၊ အ​မျက်​ကို နှိုး​ဆော်​တတ်၏။”

ဖြည်းညင်းသောစကား(soft answer)ဆိုတာမျိုးက နှုတ်ခမ်းတွေထက်မှာ ရှားပါးစာရင်းထဲဝင်နေပြီလားလို့တောင်ထင်ရပါတယ်။ ငှက်ကလေးတွေတောင်မှ မာကြောတဲ့နှုတ်သီးရှိပေမယ့် ညင်သာလှပတဲ့ အသံလေးတွေကိုပြုတတ်ကြပါတယ်။ နူးညံ့ပျော့ပြောင်းတဲ့ နှုတ်ခမ်းရှိတဲ့ ကျွန်ုပ်တို့တတွေကတော့ သူတပါးကိုနာကျင်စေ ထိခိုက်စေမယ့် အသုံးအနှုန်းတွေနဲ့ မာမာထန်ထန်တုန့်ပြန်နေတတ်ကြတုန်းပါပဲ။ လူအချို့ပြောတတ်တာတွေကြားဖူးကြမှာပါ။ “သူကစကားသာ သေချာမပြောတတ်တာ၊ စိတ်ထားကတော့ကောင်းပါတယ်” ဆိုတာမျိုးပေါ့။ ဟုတ်ပါတယ် စိတ်ထားမကောင်းဘူးလို့တော့ မပြောလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ မမြင်ရဘူးလေ။ သို့ပေမယ့် စကားအပြောအဆိုမတတ်ခြင်းက စိတ်ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ကြားရသူအဖို့ ဆောက်နှင့်အထွင်းခံရသည်အလား ခံစားရကာ ဒေါသထောင်းမိသွားမှာတော့ အသေအချာပင်။ “မကြိုက်ရင်လည်းမတတ်နိုင်ဘူး၊ ငါကတော့ဒီလိုပဲပြောတတ်တယ်” ဆိုပြီးတော့လည်းမဖြစ်သင့်ပါ။ ဘာကြောင့်လဲဆိုရင် သင်ဟာခရစ်တော်၏နောက်တော်သို့လိုက်သောသူ၊ ခရစ်တော်၌အသစ်ဖြစ်သောသူဆိုလျှင် ဟောင်းသောအရာတို့သည်ပြောင်းလဲပြီဆိုတာကို မမေ့လျော့သင့်ပါ။ ထိုအထဲမှာ သခင့်ရဲ့သတင်းကောင်းနှုတ်ကပတ်တော်စကားကိုသုံးဆောင်ဟောပြောမည့် နှုတ်လျှာပါးစပ်ကိုလည်း ရင့်သီးကြမ်းတမ်းသော၊ သူတပါးအသရေကိုရှုံ့ချသောအသုံးအနှုန်းများဖြင့်မပြည့်စေဖို့ရာ သတိပြုသင့်ပါသည်။ အမှုတော်ဆောင်များနှင့်နှုတ်ကပတ်တရားတော်ကိုဝေငှသူများအနေနှင့်လည်း တည်ဆောက်စရာစကားကိုသာဦးစားပေးဟောပြောသင့်ပြီး၊ သူ့အသရေကိုရှုံ့ချသောစကားထက် အပြစ်ကိုဖော်ပြ၍နောင်တဖြစ်စေသော စကားကိုသာသုံးဆောင်သင့်သည်။ မဟုတ်ရင် နောင်တရခြင်းထက် ဒေါသအမျက်ထွက်ခြင်းသာ ရလဒ်ဖြစ်သွားပေမည်။

သုတ္တံကျမ်း ၁၅း၄
“ဖြည်း​ညင်း​သော​လျှာ​သည် အ​သက်​ဖြစ်၏။ ကြမ်း​တမ်း​သော​လျှာ​မူ​ကား စိတ်​နာ​စေ​တတ်၏။”

လွဲမှားနေတာကြီးကို လွဲမှားနေပါတယ်လို့ ပြောတာကမမှားပါဘူး။ ဒါပေမယ့် “ဖြည်းညင်းသောလျှာ”(gentle tongue) နဲ့မဟုတ်ရင်တော့ ကိုယ်ပါမှားသွားပြီဆိုတာ သတိပြုသင့်ပါတယ်။ “ဒီလောက်နှုတ်ကပတ်တော်ကို မှောက်လှန်နေတာကြီးမြင်နေတာတောင် မသိတာ မင်းရူးနေလို့လား”ဆိုတဲ့စကားကြီးက အတော်လေး ခံရခက်မှာပါ။ အသက်ဖြစ်တဲ့ဘုရားစကားကိုမှောက်လှန်နေတဲ့အခြေအနေမှာ၊ ကြမ်းတမ်းသောလျှာနှင့်ထောက်ပြဖို့က မဖြစ်သင့်ပါ။ ကြားရသူမှာ စိတ်နာသွားကာ (breaks spirit)ကိုယ်ကထောက်ပြမည့် အရာကိုတောင်နားထောင်ခြင်စိတ်ရှိတော့မည်တောင်မဟုတ်တော့ပါ။ ဆူညံသံတွေကို အတိုင်းအတာတခုအထိပဲ လက်ခံနိုင်တဲ့နားဟာ၊ ကိုယ့်ကိုစော်ကားသလိုခံစားရတဲ့စကားလုံးတွေကိုလည်း အကြာကြီးလက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဆုံးမခြင်း၊ အပြစ်ကိုဖော်ပြခြင်းအရာတွေမှာ မပြောခင် ပြင်ဆင်ဖို့အင်မတန်မှအရေးကြီးပါတယ်။ ရှည်သောစိတ်နှင့်စကားပြောခြင်းငှါနှေးစေခြင်းက သူတပါးအသရေကိုရှုံ့ချစေ၊ ပျက်စေမယ့် အခြေအနေတွေကို ဝေးစေတယ်ဆိုတာ မမေ့လိုက်ပါနှင့်။

သုတ္တံကျမ်း ၁၂း၁၈
“သန်လျက်နှင့်ထိုးသကဲ့သို့ စကားပြောတတ်သော လူတစ်ချို့ရှိ၏။ ပညာရှိတို့၏လျှာမူကား အနာကိုပင် ပျောက်စေတတ်၏။”

စကားပြောလိုက်ရင် ဓားနဲ့ထိုးခံရသလိုခံစားရအောင် ပြောတတ်တဲ့သူတွေရှိတယ်လို့ ကျမ်းစာကပြောပါတယ်။ အဲ့လိုလူတွေက တဖက်လူက ကောင်းတဲ့သူဖြစ်နေရင်တောင် နာကျင်စေတဲ့စကား၊ အသေရေကိုရှုံ့ချထိခိုက်စေတဲ့စကားတွေကို ပြောမည့်သူတွေပါ။ သို့သော်ပညာရှိသောသူရဲ့လျှာက ကတော့ အနာကိုပင်ပျောက်စေတယ် (brings healing)လို့ဖော်ပြထားပါတယ်။ စာရေးသူကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်တခုကိုပြောပြချင်ပါတယ်။ အမျိုးသမီးတဦးက သူကျူးလွန်လိုက်မိတဲ့အရာကြောင့် ဒုက္ခရောက်နေခဲ့တယ်။ အဲ့လိုဒုက္ခရောက်နေချိန်မှာ သူ့နဲ့အနီးစပ်ဆုံးဖြစ်တဲ့ ခင်ပွန်းသည်နှင့်သားသမီးထံကနေ တကယ့်ကိုကြမ်းတမ်းနာကျင်စေတဲ့စကား၊ သူ့ရဲ့အရှက်နဲ့ယှဉ်တဲ့စကားတွေကို နေ့တိုင်းလိုလိုသူကြုံတွေ့ရတယ်။ သူကိုယ်တိုင်ကျူးလွန်လိုက်တဲ့ အပြစ်ကြောင့် သူဝမ်းနည်းသလို၊ ဒီလိုဝမ်းနည်းနေချိန်မှာ အားဖြစ်စေတဲ့စကားထက် မိသားစုနဲ့ပတ်ဝန်းကျင်ရဲ့ ရင့်သီးခက်ထန်တဲ့စကားတွေကြောင့် စိတ်ဓာတ်ပါကျလာပါတော့တယ်။ နေ့တိုင်းသူမဟာ မျက်ရည်နဲ့ဝမ်းနည်းကြေကွဲလျက်ရှိနေတာကို စာရေးသူ သတိထားမိလိုက်ပါတယ်။ ဒါနဲ့ တနေ့မှာတော့ ဘုရားရှင်နှိုးဆော်မှုနှင့်အတူ သူစျေးရောင်းရင်း ကျမ်းစာဖတ်နေချိန်မှာ စကားပြောဖြစ်ပါတော့တယ်။ သူခက်ခဲဝမ်းနည်းပင်ပန်းနေတာကို မြင်တဲ့အကြောင်း စသည်ဖြင့်ပြောပြပြီး၊ နှုတ်ကပတ်တော်အားဖြင့် ခွန်အားပေးဆုတောင်းပေးခဲ့ပါတယ်။ အဲ့ဒီအမျိုးသမီးကိုနောက်နေ့တွေအခါမှာတွေ့တော့ အရင်ကလိုဝမ်းနည်းစိတ်ပျက်တဲ့ပုံစံမျိုးတွေမတွေ့ရတော့ပါဘူး။ အားငယ်မှုတွေတော့ရှိကောင်းရှိနိုင်ပေမယ့် အားနည်းတဲ့သဏ္ဍာန်ကိုတော့ မမြင်တော့ပါ။ နောက်မှကြားလိုက်ရတဲ့ စကားက စာရေးသူ ခွန်အားပေးဆုတောင်းပေးလိုက်တာ သူငြိမ်သက်ခြင်းကိုခံစားရလိုက်တယ်ဆိုတာပါပဲ။ အဲ့ဒီအတွက်ဘုရားရှင်၏ဂုဏ်တော််ကိုချီးမွမ်းပါတယ်။ စကားတွေက လူကိုသတ်နိုင်သလို၊ ရှင်စေနိုင်တယ်ဆိုတာကို ပိုပြီးသတိပြုမိသွားခဲ့ပါတယ်။ ကိုယ့်ကိုကိုယ် ပညာရှိတယ်လို့မပြောလို၊ မခံယူလိုပေမယ့် ခဲယဉ်းတဲ့ကာလမှာ ခက်ခဲနေသူတွေကို ခက်ထန်တဲ့စကားတွေနဲ့ ပြစ်တင်ဆုံးမခြင်းထက် ဖြေးညင်းတဲ့လျှာနှင့်နှုတ်ကပတ်တော်စကားကို ပြောကာ ကြားစေလိုက်တာက ပညာနှင့်လုပ်ဆောင်ခြင်းဖြစ်သည်လို့ဆိုပါရစေ။

ဒါကြောင့်နောင်ကာလဆိုတဲ့ ဤခဲယဉ်းသောကာလမှာ ယုံကြည်သူများအနေဖြင့် သူတပါးကိုနာကျင်စေ၊ ထိခိုက်စေ၊ အသရေကိုရှုံ့ချစေတဲ့ စကားတွေကို ကြဉ်ရှောင်ကာ ကောင်းသောစကားတို့ကို သုံးဆောင်လျက် ဒဏ်ရာတွေကို ပျောက်စေ၊ သက်သာစေတဲ့ သူတွေအဖြစ်ပြင်ဆင်နိုင်ကြဖို့ တိုက်တွန်းပါရစေ။ အမှုတော်ဆောင်များအနေဖြင့်လည်း တရားဟောခြင်းအရာမှာ စောင်းမြောင်းပြောဆိုသောစကားတွေထက်၊ ကိုယ့်ပြစ်ကိုယ်မြင်ကာ တည်ဆောက်လျက် တရားလမ်းထဲသို့ပြန်ရောက်စေမည့် စကားတွေကိုသာသုံးဆောင် ကျွေးမွေးနေပါမည်အကြောင်း နှိုးဆော်ရင်း

ဆာလံကျမ်း ၁၁၉း၁၇၂
“အလုံးစုံသောပညတ်တော်တို့သည် ဖြောင့်မတ်ပါသည်ဖြစ်၍၊ အကျွန်ုပ်လျှာသည် ဗျာဒိတ်တော်ကို သီချင်းဆိုပါမည်။”

မေတ္တာဖြင့်