နာကျင်နေရသည့် ကာလ၊ ငိုကြွေးနေရသည့် အချိန်၊ ခံစားနေရသည့် နာရီပေါင်းများစွာတို့သည် တရွေ့ရွေ့နှင့် ကြာရှည်လွန်းလှသည်မှာ ကျွန်ုပ်တို့အသိပင် … မတရားသဖြင့် ခံရခြင်း၊ အဓမ္မတရားအောက်၌ ခေါင်းငုံ့ခံနေရခြင်း စသဖြင့် အမျိုးမျိုးသော “Abusive” လက္ခဏာများနှင့် ရင်ဆိုင်နေရခြင်းတို့သည် နာကျင်လွန်းရသည်မှာလည်း အထူးပြောစရာတော့ လိုမည်မထင် …
မဖြစ်နိုင်တော့ဘူးလား၊ မတတ်နိုင်တော့ဘူးလား၊ ဘာမှထူးမလာတော့ဘူးလား ဟု မေးခွန်းများစွာနှင့် အဖြေမရှိသော မျှော်လင့်ချက်မဲ့သရောင် နေ့ရက်တို့သည် နောက်တစ်နေ့ နေထွက်လာမည်ကိုပင် ကြောက်နေမိတတ်ကြမည်မှာလည်း အမှန်ပင် … ဒါဝိဒ်မင်းကြီး မေးသကဲ့သို့ အဘယ်မျှကာလပတ်လုံး ကျွန်ုပ်တို့အား မေ့လျော့တော်မူနေမှာလဲ … အဘယ်မျှကာလပတ်လုံး မျက်နှာတော်ကို လွှဲထားတော်မူနေမှာလဲ …
“အကျွန်ုပ်၏ ရန်သူသည် အဘယ်မျှ ကာလပတ်လုံး အကျွန်ုပ်ကို အုပ်စိုးရပါမည်နည်း” ဟု ၁၃ ခုမြောက်သော ဆာလံအား ဖတ်ရွတ်တိုင်းလည်း မျက်ရည်စများနှင့်အတူ အော်ဟစ်မိကြကောင်း အော်ဟစ်မိကြပေဦးလိမ့်မည်။
ဒေသနာဆရာ၏ “ကောင်းစားသည်ကာလ၌ ဝမ်းမြောက်လော့။ ဆင်းရဲခံရသည်ကာလ၌ ဆင်ခြင်လော့။ လူသည် မိမိနောက်မှာ ဖြစ်လတ္တံသော အမှုအရာကို သိမည်အကြောင်း၊ ဘုရားသခင်သည် ကောင်းစားခြင်းနှင့် ဆင်းရဲခြင်းကိုလည်း အလှည့်လှည့် ပေးတော်မူ၏” ဟူသည့်စကားအားလည်း ဆင်ခြင်ရင်း ဂိဒေါင်၏ “အိုသခင်၊ ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်အတူ ရှိတော်မူသည်မှန်လျှင် အဘယ်ကြောင့် ဤအမှုကြီး ရောက်ရပါသနည်း” ဟူသည့် ဤပြောစကားအားလည်း ထပ်ခါ ထပ်ခါပြောနေမိသလို … ဤသို့ အနည်းနှင့်အများ ကျွန်ုပ်တို့အားလုံး နာကျင်စွာ ငိုကြွေးကာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖိနှပ်ခြင်းများစွာတို့ကြောင့် “ကိုယ်တော်ကယ်မပါ၊ ပြည်တော်ကြီးကို ချမ်းသာပေးပါ” ဟု ဟစ်ကြော်နေရင်း မေ့လျော့ထားတတ်ကြသည်မှာ သူတပါးတို့၏ နာကျင်မှု၊ ဆာလောင်ငတ်မွတ်ခြင်း၊ အခက်အခဲ၊ ဒုက္ခဆင်းရဲများနှင့် လိုအပ်ခြင်းများတို့ပင် …
ရှင်မဿဲခရစ်ဝင် ၂၅:၄၅
မင်းကြီးက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ဤသူတို့တွင် အငယ်ဆုံးသောသူတယောက်အား မပြုသမျှတို့ကို ငါ့အား မပြုကြပြီဟု ပြန်၍မိန့်တော်မူလတံ့။
ယနေ့ ရှင်မဿဲမှ အဖြစ်အပျက်အား ကျွန်ုပ်တို့အားလုံး ပြန်လည်ဆင်ခြင်အောက်မေ့ရင်း “ငါသည် မွတ်သိပ်သောအခါ သင်တို့သည်မကျွေး၊ ငါသည် ရေငတ်သောအခါ သင်တို့သည် သောက်ဘို့မပေး” ဟူသောစကားများအားလည်း ပြန်လည်ကြားရောင်ကာ မှောင်မိုက်ကာလ၌ ထွန်းလင်းသည့် သခင့်စေစားရာ လက်တစ်စုံအဖြစ် ဆက်လက်ရှင်သန်ကြပါစို့လား …
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။