Skip to content

“ဘယ်ကောင်မှဂရုမစိုက်ဘူး”ဆိုပြီးလမ်းထဲက အမူးသမားတယောက်ရဲ့အသံကြားလိုက်တာနဲ့ ရုတ်တရက်လူတွေ လန့်သွားမှာအသေအချာပါပဲ။ ကြားလိုက်တဲ့အချိန်လေး လန့်သွားပေမယ့် ၁၀စက္ကန့်လောက်ကြာရင် ဘယ်သူ့ကိုမှသူဂရုမစိုက်သလိုမျိုး သူ့ကိုလည်း ဘယ်သူကမှအာရုံပြုဂရုစိုက်နေမှာမဟုတ်ပါဘူး။ ဒါကမူးလာမှ ထောင်လွှားတတ်တဲ့သူတွေအပေါ်ထားတတ်တဲ့ လူတွေရဲ့သဘောပါ။ ဒါပေမယ့် မူးယစ်သေစာသောက်စားခြင်းမပါတဲ့ ထောင်လွှာစော်ကားခြင်းမျိုးကျတော့ မသိလိုက်မသိဖာသာ ကျွန်ုပ်တို့တတွေ ဒီလိုခဲယဉ်းတဲ့နောက််ဆုံးသောကာလမှာ ကျင့်သုံးနေမိလားဆိုတာကိုတော့ သတိပြုဖို့လိုပါတယ်။

သုတ္တံကျမ်း ၁၆း၁၈
“မာ​န​သည် ပျက်​စီး​ခြင်း​အ​ရင်၊ ထောင်​လွှား​သော​သ​ဘော​သည် ရှုတ်​ချ​ခြင်း​အ​ရင်၌ နေ​ရာ​ကျ​တတ်၏။”

အရက်သေစာ၊ မူးယစ်ဆေးဝါးတွေသုံးစွဲမှသာ ဘဝပျက်နိုင်တာ မဟုတ်ပါဘူး။ ဒီလိုပြောလို့ သုံးလို့ရတယ်ဆိုပြီး အတည်ပြုပေးနေခြင်းလည်း မဟုတ်ပါ။ အဲ့ဒါတွေက ခန္ဓာ၊ ဘဏ္ဠာနှင့် မိသားစု အရေးမှာတော့ တမြည့်မြည့်နဲ့သိသိသာသာပျက်စီးဆုံးရှုံးစေနိုင်တာကိုတော့ စာဖတ်သူများသဘောပေါက်သင့်ပေသည်။ စိတ်နှင့်ဝိညာဉ်အရေး မှာတော့ မာနနှင့်ထောင်လွှားခြင်းသဘောကတော့ ပျက်စီးခြင်းကိုဖြစ်စေတယ်ဆိုတာကိုတော့ နားလည်သင့်ပါတယ်။ ထိုပျက်စီးခြင်းက ကိုယ်တိုင်သာမက၊ ကိုယ့်ရဲ့အပေါင်းအသင်းမိတ်ဆွေကောင်းများစွာကိုပင်လျှင် လက်လွတ်ဆုံးရှုံးနိုင်လောက်သည့် အခြေအနေတခုအထိပင်ရောက်သွားနိုင်ပေသည်။ လူဆိုတာမာနရှိရတယ် ဆိုတဲ့စကားကိုလက်ကိုင်ထားသူတွေအနေနဲ့ ထိုမာနက သင့်ကိုအပေါ်သို့မြင့်တင်ပေးတာထက် အောက်သို့ဆွဲချသွားနိုင်တဲ့ရာခိုင်နှုန်းပိုများပြီး အလေးသာတယ်ဆိုတာကိုမမေ့သင့်ပါ။ မှားသည့်အရာကို မှားတယ်၊ မှန်သည့်အရာကို မှန်တယ် လို့ရိုးရှင်းစွာပြောပြအသက်ရှင်နေခြင်းမျိုးကိုသာလိုလားတောင့်တသင့်သည်။ တခါတရံအချို့သော ချမ်းသာတဲ့အိမ်ထောင်တွေ နေ့ချင်းညချင်းပြောင်းလဲသွားကြခြင်းမှာ အရက်သေစာမူးယစ်ဆေးဝါးတွေကြောင့်ဆိုတာကို မြင်ဖူး၊ ကြားဖူးကြပါလိမ့်မယ်။ သို့သော်လည်းပိုပြီးထူးဆန်းတာက အရက်သေစာမူးယစ်ဆေးဝါးတွေနဲ့ပျော်မွှေ့ခြင်းမရှိဘဲ ပျက်စီးဆုံးရှုံးသွားကြတဲ့ အသက်တာတွေ၊ အိမ်ထောင်တွေ၊ မိသားစုတွေလည်းရှိနေတယ်ဆိုတာပါပဲ။ ငွေကြေးနဲ့ပက်သက်လို့ အရှုပ်အရှင်းမရှိ၊ ပညာရေးနဲ့ပက်သက်လို့လူတွေ အားကျရသည့် အခြေအနေမျိုးကိုပိုင်ဆိုင်ထားသည့် မိသားစုတွေမှာ၊ အသိုင်းအဝိုင်းတွေမှာ ဘာလို့ဒီလိုအဖြစ်တွေများဖြစ်သွားရတာလဲ ဆိုပြီးစဉ်စားဖူးပါလိမ့်မည်။ အချို့တွေကိုတော့မသိပေမယ့်၊ အတော်များများကတော့ ထောင်လွှားစော်ကားမာန စိတ်သဘောထားများကြောင့်ဖြစ်ရတယ်ဆိုတာ နားလည်ရပါတယ်။ ကိုယ့်ရဲ့မာနက(ထောင်လွှာတတ်တဲ့သဘော)ကိုယ့်ဘဝကိုပျက်စီး၊ လဲပြိုစေတယ်ဆိုတာကို သတိပြုဖို့တိုက်တွန်းပါရစေ။

‭‭ရှင်ပေတရုသြဝါဒစာပထမစောင် ၅း၅
“ထို​နည်း​တူ၊ အ​သက်​ပျို​သော​သူ​တို့၊ အ​သက်​ကြီး​သော သူ​တို့၏ စ​ကား​ကို နား​ထောင်​ကြ​လော့။ ထို​မျှ​မ​က၊ အ​ချင်း​ချင်း တစ်​ယောက်​အောက်​တစ်​ယောက် နှိမ့်​ချ​လျက်​နေ၍၊ နှိမ့်​ချ​ခြင်း​တန်​ဆာ​ကို ဆင်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ထောင်​လွှား​စော်​ကား​သော သူ​တို့​ကို ဘု​ရား​သ​ခင် ဆီး​တား​တော်​မူ၏။ စိတ်​နှိမ့်​ချ​သော သူ​တို့​အား ကျေး​ဇူး​ပြု​တော်​မူ၏။”

ဒီနှုတ်ကပတ်တော်အားဖြင့်လည်း အသင်းတော်ထဲရှိ လူကြီးနှင့်လူငယ်များ ဘုရားရဲ့ကျေးဇူးပြုတော်မူခြင်းကို နှိမ့်ချခြင်းအားဖြင့်ပဲ ရနိုင်တယ်ဆိုတာကိုနှိုးဆော်လိုပါတယ်။ အထူးသဖြင့် ခဲယဉ်းတဲ့ဤနောင်ကာလအခါမှာ ပိုပြီးသတိပြုစေလိုပါတယ်။ အသင်းတော်တွေထဲမှာ လူကြီးတွေရှိတတ်ပါတယ်။ လူကြီးဆိုတဲ့အခါမှာလည်း ပညာအရာ၊ နှုတ်သတ္တိအရာ၊ အတွေ့အကြုံအရာမှာ နှံ့စပ်သူတွေရှိသလို၊ ဘာမျှမရှိ၊ မသိတဲ့သူတွေလည်းရှိပြန်ပါတယ်။ အထူးသဖြင့် အသင်းတော်မှာ အထက်ကလူကြီးတွေနဲ့ခေတ်လူငယ်တွေ ဘဝတကွေ့မှာတွေ့ကြတဲ့အချိန် ငါမှန်တယ်၊ သူမှားတယ် ဆိုပြီးလက်ညိိုးထိုးပြစ်တင်ကြတာထက် ဘုရားရှင်ရှေ့မှာနှိမ့်ချလျက်အဖြေရှာတာက ပိုပြီးဖြစ်သင့်ပါတယ်။ အသက်ကြီးလို့ ငါလူကြီးကွဆိုပြီးအထက်စီးကနေပါဝါမပြပါနှင့်။ အသက်ငယ်လို့ လူငယ်ကွဆိုပြီး အတတ်ကြွယ်မပြလိုက်ပါနှင့်။ လူကြီးများက အတိတ်ကဖြစ်ခဲ့တဲ့အရာတွေကနေသင်ခန်းစာယူတတ်ပြီး၊ လူငယ်များကလည်းရှေ့လာမည့်အနာဂတ်သာသနာအရေးအတွက် ပစ္စုပ္ပန်မှာပြင်ဆင်ကာအတူတူ လက်တွဲလျက်နှိမ့်ချစွာလုပ်ဆောင်သင့်ပေသည်။ နှုတ်ကပတ်တော်သမ္မာတရားနို့စစ်နှင့်တဦးကိုတဦး တည်ဆောက်ခိုင်ခန့်စေကာ နှိမ့်ချလျက်အစေခံနေမည်ဆိုပါက ဘုရားဘုန်းတော်မထင်ရှားဘဲမနေပါ။ ဘုရားရှင်၏ချီးမြောက်ခြင်း၊ ကျေးဇူးပြုခြင်းကိုလည်း မခံရနိုင်စရာအကြောင်းလည်းမရှိပါ။ ဘုရားရှင်ရှေ့တော်မှောက်မှာ ဂုဏ်ပြိုင်ကာမောက်မာနေခြင်းထက်၊ နှိမ့်ချ၍ဖေးမခြင်းကသာ ဦးစားပေးနေရာယူသင့်သည်။
ထို့အပြင်အမှုတော်ဆောင်များ၊ တရားဟောဆရာများအနေဖြင့်လည်း မာနထောင်လွှားသူများအဖြစ်သို့ရောက်မသွားဖို့ရာအထူးသတိပြုသင့်သည်။ နေဗုခဒ်နေဇာမင်းကြီးလိုမျိုး (ဒံယေလ ၅း၂၀) မာန်မာနစိတ်နှင့်ထောင်လွှားစော်ကားခြင်း ရှိတဲ့အခါ ဘုန်းတန်ခိုးကွယ်ပျောက်ပြီး နန်းတော်မှကျကာ၊ လူသားစုထဲကနှင်ထုတ်ခြင်းကိုခံရ၍ တိရစ္ဆာန်သဘောနှင့်ပြည့်စုံသွားခဲ့ပါတယ်။ တနည်းအားဖြင့်ဆိုရလျင် အမြင့်ဆုံးနေရာကနေ၊ အနှိမ့်ဆုံးနေရာကိုရောက်သွားတာပါ။ နှိမ့်တာမှအတော်ကိုနှိမ့်တာပါ။ တိရစ္ဆာန်သဘောမျိုး၊ တိရစ္ဆာန်တကောင်ကဲ့သို့အဆင်းမျိုးအဖြစ်ကိုရောက်သွားခဲ့တာပါ။ နွားလိုမျိုးမြက်ကိုတောင် စားရတဲ့အဖြစ်ထိပါပဲ။ ဒီကနေ့အမှုတော်မြတ်ထဲမှာရှိနေသူများအနေဖြင့်လည်း ဘုရားဘယ်လိုကောင်းကြီးပေးထားပါတယ်ဆိုပြီး ကြွားလုံးတွေထုတ်၊ ထောင်လွှားကာကျေနပ်ပီတိမဖြာမိဖို့ သတိချပ်စေလိုပါတယ်။ ကျေးဇူးတော်သာသနာမှာ ကြွားစရာအကြောင်းမရှိသလို၊ ထောင်လွှားစရာအကြောင်းလဲမရှိပါ။ ဂုဏ်ယူပါ သို့သော် ဂုဏ်မဖော်မိပါစေနှင့်။ မည်သူမဆိုကတော့ ထင်ပေါ်လာတဲ့အခါ လုပ်သမျှကို ဂုဏ်ဖော်လိုကြတာပါပဲ။ သို့ပေမယ့် ကိုယ့်နာမည်တပ်သာသနာဆိုပြီး ထောင်လွှားလာမည်ဆိုပါက၊ သခင်ဆုတ်ယုတ်ပြီး ကိုယ်တိုးပွါးခြင်း ပဲဖြစ်နေမှာပါပဲ။ ဘယ်လောက်ပဲ ဘုရားရှင်ကောင်းကြီးပေးတာဆိုပြီး ခေါင်းစဉ်တပ်ကြွေးကြော်ပြနေပါစေ၊ သခင့်ကိုဆက်ပြီးဆုတ်ယုတ်နေစေကာ ကိုယ့်ကိုပျက်စီးစေမယ့် ထောင်လွှားခြင်းရှိနေပြီဆိုရင်တော့ နောင်တရဖို့သာအသိပေးပါရစေ။
နောက်ဆုံးသောကာလ ခဲယဉ်းသောကာလဖြစ်ပါတယ်။ ဒီလိုခဲယဉ်းတဲ့အထဲမှာ ထောင်လွှားစော်ကားမာနထားသူတွေများလာတာကို သတိပြုရင်း အသက်တာကိုပြင်ဆင်သင့်ပါတယ်။ အသင်းတော်ထဲ၊ မိသားစုထဲ မှာအထူးသဖြင့် ထောင်လွှားစော်ကားတတ်တဲ့ စိတ်နေသဘောထားတွေကို ခါချသင့်ပါတယ်။ ထိုသို့မခါချရင် လောကသားတွေနဲ ထူးမခြားနားဖြစ်နေမှာပါပဲ။ ထိုသို့ခါချနိုင်ဖို့ကလည်း နှိမ့်ချခြင်းကိုနှစ်သက်ပြီး၊ ချီးမြှောက်တတ်တဲ့ ဘုရားရှင်ထံမှာအစဉ်အမြဲ နှိမ့်ချကာနည်းခံနေမှပဲဖြစ်နိုင်မှာပါ။ ဒါကြောင့် စိတ်နှလုံးကိုနှိမ့်ချပြီး၊ မာနထောင်လွှားခြင်းနဲ့အမြဲတမ်း မကင်းမိန်ိုင်ရင်တောင်မှ ထိုနွံထဲနှစ်မသွားဖို့၊ အထူးသဖြင့်နောင်ကာလတည်းဟူသော ခဲယဉ်းသော ဤနေ့ရက်ကာလတွေမှာဆင်ခြင်နိုင်ပါမည်အကြောင်း နှိုးဆော်ရင်း …

ဧဖက်ဩဝါဒစာ ၅း၂၁
“ခရစ်တော်ကိုခန့်ညားသောအားဖြင့်၊ အချင်းချင်းတယောက်အောက်တယောက်ကိုယ်ကိုနှိမ့်ချလျက်နေကြလော့။”

မေတ္တာဖြင့်