Skip to content

ထွက်ပေါက်

သူ့အတိုင်း သူ့အထွာအလျောက် စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနွယ်မှုတို့သည် ကျွန်ုပ်တို့အားလုံး၌ ရှိတတ်ကြသည်မှာ ငြင်းဆိုရန်အကြောင်းတော့ ရှိမည်မထင် … ထိုအမှုအရာများထဲမှ တခါတရံတွင် အားမသန် မာန်လျှော့ရသည့် အခိုက်အတန့်တို့သည် ကျွန်ုပ်တို့၏ “Emotion” ကို များစွာ လှုပ်နှိုးစေတတ်သေး၏။ ထိုစိတ်ခံစားချက်သည် သိမ်ငယ်စိတ်လည်း ဖြစ်နိုင်သလို၊ အားငယ်စိတ်၊ စိတ်ဓါတ်ကျစိတ်များလည်း ဖြစ်နိုင်သေးသည်။ ထိုနည်းတူ ၎င်းစိတ်ခံစားချက်များမှ အခြေခံ၍ အလိုမကျဖြစ်ကာ ဒေါသစိတ်တို့သည်လည်း ပွင့်အံထွက်လျှင်ထွက် မထွက်လျှင်လည်း မြိုသိပ်ကြိတ်မှိတ်ရလွန်းသဖြင့် ခန္ဓာ၏ အတွင်းတနေရာ၌ “Physical Pain” အသွင်ဖြင့် နေရာယူထားတတ်သည် မဟုတ်ပါလား … ထိုအရာများမှ လွတ်မြောက်ရန် ထွက်ပေါက်တစ်ခု ရှာကြစမြဲဖြစ်သော်လည်း စစ်မှန်သော ထွက်ပေါက်ဖြင့် ထွက်နိုင်ရန်သည် အင်မတန်အရေးကြီးပေသည်။

 ယာကုပ်သည်လည်း ထိုအခြေအနေတို့အား ဖြတ်သန်းခဲ့ရဖူးသူတစ်ဦးဖြစ်သည်။ သူသည် ရာခေလအား မေတ္တာရှိ၍ ခုနစ်နှစ်ကျွန်ခံခဲ့သော်လည်း လှည်းစားခံခဲ့ရသဖြင့် နောက်တကြိမ် ကျွန်ခံခဲ့ရသည်။ နောက်တဖန် သိုးဆိတ်များအတွက် ခြောက်နှစ် ကျွန်ခံခဲ့သော်လည်း ရသင့်ရထိုက်သမျှတို့သည် မရခဲ့သည့်နည်းတူ လုပ်သမျှအတွက်လည်း တန်ရာတန်ကြေးမရခဲ့ချေ။ ကြိမ်ဖန်များစွာ လှည့်စားခံရခြင်းတို့သည် စိတ်ဒဏ်ရာများရစေခဲ့မည်လား … သူ၏ စိတ်အခြေအနေတို့သည် အချိန်ကြာလာသည်နှင့်အမျှ ပင်ပန်းနွမ်းလျနေဦးလိမ့်မည်။ ဒီပုံစံအတိုင်းသာ ရှေ့ဆက်ရမည်ဆိုလျှင်ဟူသည့် မေးခွန်းများစွာနှင့် စိုးရိမ်မှုနှင့် ဖိစီးမှုများသည် တနေ့ထက်တနေ့ တိုး၍များလာနေမလား … ထိုမှတဆင့် မိုးလင်းလျှင် အသိမှတ်မပြုသည့် ရသင့်သည့် အခမရသည့် အလုပ်ကို သွားနေရဦးမည်ကိုပင်လျှင် တွေးကြောက်နေမည်လား … နောက်တဖန် ယောက္ခမဖြစ်သူ၏ ခြားနားသော မျက်နှာကို မြင်တွေ့ရခြင်းသည် ဝမ်းနည်းစိတ်နှင့် ဒေါသစိတ်တို့အပြင် အသိအမှတ်ပြုမခံရသည့် သိမ်ငယ်စိတ်များလည်း ရှိခဲ့လေမလားဟုပင် …

 ယာကုပ်သည် လာဗန်ထံမှ “I’m sorry, Thank you for your help, Appreciated” ဟူသည့်စကားများကို ကြားရမှသာ သက်သာစေမည်လား … ဒေါသစိတ်များနှင့်သာ အော်ဟစ်ပေါက်ကွဲရမှ စိတ်ချမ်းသာမည်လား … အသိအမှတ်ပြုခံရကာ ရသင့်သည်များကို ရယူမှသာ ကျေနပ်မည်လား … ဤသည်များမှာလည်း သူ့အတွက်တော့ မျှော်လင့်စရာလည်းဖြစ်နိုင်သကဲ့သို့ ရွေးချယ်စရာ ထွက်ပေါက်များလည်း ဖြစ်နိုင်ပေလိမ့်မည်။

 ကမ္ဘာဦးကျမ်း ၃၁:၄၁
ထိုသို့၊ ကျွန်ုပ်သည်အနှစ်နှစ်ဆယ်ပတ်လုံး သင်၏အိမ်၌နေ၍၊ သင်၏သားသမီးနှစ်ယောက်အတွက်ကြောင့် ဆယ်လေးနှစ်၊ သိုးဆိတ်တို့အတွက်ကြောင့် ခြောက်နှစ်အစေခံရပြီ။ သို့ရာတွင်သင်သည်၊ ကျွန်ုပ်အခကို ဆယ်ကြိမ်လဲပြီတကား။

 ထိုအခြေအနေအရပ်ရပ်တို့အား ခံစားခဲ့ရသော်လည်း “ငါသည် သင်ဘက်၌ ရှိနေမည်” ဟူသော “Truth” သမ္မာတရားစကားသည် ယာကုပ်အတွက်တော့ အားဆေးတစ်ခွက် မျှော်လင့်ရာနှင့် ထွက်ပေါက်တစ်ခုပင် … ထိုနည်းတူ “ငါ့အဘ၏ ဘုရားသခင်သည် ငါ့ဘက်၌ ရှိတော်မူ၏” ဟူသော သူ၏အသက်တာ၌ လျှောက်လှမ်းသော “Application” သည် “Life Changing Process” တစ်ခုဟုပင် ဆိုပေအံ့ … ယာကုပ်၏ အခြေအနေတို့သည့် ယနေ့ ကျွန်ုပ်တို့ကြုံတွေ့ရင်ဆိုင်နေရသော အခြေအနေတို့နှင့်များတူနေမည်လား … ရသင့်ရထိုက်သည်ကို မရခြင်း၊ အသိအမှတ်ပြုမခံရခြင်း၊ သိမ်ငယ်ခြင်း၊ စိတ်ပျက်အားငယ်ကာ စိတ်ဓါတ်ကျခြင်း၊ ဒေါသများနှင့် အိပ်စက်ရခြင်း၊ မတရားသဖြင့် ခံစားနေရသော ခံစားချက်၊ လုပ်ငန်းခွင်၏ အလွဲသုံးစားလုပ်ခြင်း စသဖြင့် အမျိုးမျိုးသော “Abuse” တို့ကြောင့် “Emotional Pain, Physical Pain” တို့သည် သင်နှင့်ကျွန်ုပ်တို့အတွက် ကြီးမားသည့် ဝန်ထုပ်ပင် မဟုတ်ပါလား … သို့သော် “သင်၌လာဗန်ပြုသမျှတို့ကိုငါမြင်၏” ဟူသည့် ဘုရားသည် ယာကုပ်အပေါ်၌ လာဗန်ပြုသမျှကို မြင်သကဲ့သို့ သင်နှင့် ကျွန်တော်တို့အပေါ်၌ မည်သူသည် မည်သို့ပြုနေသည်ကိုလည်း မြင်ပါသည်။ ထို့အတူ “ငါသည် သင့်ဘက်၌ ရှိမည်” ဟူသော သမ္မာတရားကို မျှော်လင့်ခြင်းသည် မပြောင်းလဲသော “Central Truth” ဖြစ်သဖြင့် ရှေးယခင်လည်း မပြောင်းလဲခဲ့သကဲ့သို့ ယခုကာလ နောင်ကာလလည်း မပြောင်းလဲပါချေ။

 ဤစိတ်ခံစားချက်များစွာတို့နှင့်အတူ ထွက်ပေါက်များစွာကို မြင်ကြည့်ခြင်း မျှော်လင့်ခြင်းနှင့် ရွေးချယ်လုပ်ဆောင်တတ်ကြသည့်နည်းတူ … ယာကုပ်၏ “Emotional Pain” အမျိုးမျိုးတို့နှင့် “Physical Pain” များစွာတို့အား လွတ်မြောက်စေခဲ့သည့် ဘုရားသခင်သည် “ငါတို့ဘက်၌ ရှိတော်မူသော ဘုရားသခင်” ဟုဆက်လက် မျှော်ကြည့်ခြင်းသည် စစ်မှန်သော ထွက်ပေါက်ဟုပင် ဆင်ခြင်ရင်း ခွန်အားပေးရင်း

 ဘုရားရှင်ဆက်လက်စကားပြောပါစေ။