သိုးထိန်းနှင့် သိုးတို့၏ ဆက်နွယ်မှု ဆက်ဆံရေးသည် အင်မတန်နက်ရှိုင်းလှသည်။ သိုးသည် သခင်၏ အသံကိုသာ နားထောင်တတ်သကဲ့သို့ သိုးထိန်းသည်လည်း သူ၏ သိုးအတွက် အသက်ကိုပင် ပေးတတ်သူဖြစ်သည်။ ဆာလံဆရာ၏ ပြောင်မြောက်လှသော လက်ရာတစ်ခုဖြစ်သည့် “ဆာလံ-၂၃” သည် သိုးတစ်ကောင်၏ ရှုထောင့်နှင့် သိုးထိန်းတစ်ယောက်၏ ရှုထောင့် အပြန်အလှန်ဆက်နွယ်နေသည်ကိုလည်း အထင်းသား မြင်တွေ့ခံစားရပေသည်။ စိမ်းလန်းသော ကျက်စားရာအရပ်၊ သာယာသော မြစ်နား၊ ထို့အတူ သေမင်း၏ အရိပ်လွှမ်းမိုးသော ချိုင့် စသဖြင့်တို့သည် ထာဝရဘုရား၏ ထောက်မမှု၊ ကွယ်ကာမှုတို့အပေါ် စိတ်ချခြင်း၊ ယုံကြည်ခြင်း၊ ကိုးစားခြင်းပင်မဟုတ်ပါလား …
ထိုကြောင့် ဤဆာလံတွင် ထာဝရဘုရား၏ ထောက်မမှုနှင့် ကွယ်ကာမှုတို့ကို ထင်ရှားစွာမြင်တွေ့ရသည်နည်းတူ သိုးတစ်ကောင်၏ သိုးထိန်းအပေါ် စိတ်ချယုံကြည်ကိုးစားမှုတို့ကိုလည်း ထင်ရှားစွာမြင်တွေ့ရသည်ကို ငြင်းဆန်စရာအကြောင်းရှိမည်ဟု ကျွန်ုပ် မထင်ပါ။ ဆာလံဆရာသည် ဆင်းရဲဒုက္ခအမျိုးမျိုး၊ ဘေးအမျိုးမျိုးတို့ကို များစွာကြုံတွေ့ရသော်လည်း ထိုအထဲမှ ဆာလံသီချင်းများစွာ ထွက်ပေါ်လာခဲ့သည်ကို ကျွန်ုပ်တို့သိကြသည်။ ထို့အတူ ဆာလံအများစုသည် နာကျင်နေခြင်းထဲမှပင်လျှင် ထာဝရဘုရား၌သာ မျှော်လင့်ခြင်း၊ ယုံကြည်ခြင်း၊ စိတ်ချခြင်း၊ ကိုးစားခြင်းများကိုလည်း မြင်တွေ့ရသည်မှာလည်း အမှန်ပင် …
ယနေ့ မြင်တွေ့ရသည့် ၂၃ ခုမြောက်သော ဆာလံသည်လည်း ထာဝရဘုရားထံမှ ထောက်မခြင်းသာမကဘဲ ကွယ်ကာမှုကိုပါ ဖော်ကျူးနေသည်မှာ “သေမင်း၏အရိပ်လွှမ်းမိုးသောချိုင့်ထဲသို့ လျှောက်သွားရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါ” ဟူသော စကားရပ်သည် သက်သေဖြစ်ပေဦးလိမ့်မည်။ အဘယ့်ကြောင့် ထိုသို့စိတ်ချနေပါသနည်း … သူ၏သိုးထိန်းဖြစ်သောကြောင့်ပင်။ သိုးအနေဖြင့် ထိုသိုးထိန်းအပေါ်၌ ယုံကြည်စိတ်ချခြင်းဟုဆိုရလျှင် မှားမည်မထင်။ ယနေ့ မိတ်ဆွေနှင့် ကျွန်တော်တို့သည် မည်သည့် ဘေးအမျိုးမျိုးကျရောက်နေသည် သို့တည်းမဟုတ် ကျရောက်လိမ့်မည်ကို မခန့်မှန်းနိုင်ပါ။ သို့သော် မည်သို့သော သေမင်း၏ အရိပ်ဖြစ်နေပါစေဦးတော့ ဆာလံဆရာကဲ့သို့ ကျွန်ုပ်တို့သည်လည်း ယုံကြည်စိတ်ချရမည့် သိုးထိန်းကြီး သခင်ယေရှုကို သတိရကြပါစို့။
ဆာလံကျမ်း ၂၃:၁
ထာဝရဘုရားသည် ငါ၏သိုးထိန်း ဖြစ်တော်မူ၏။
အချုပ်အားဖြင့်ဆိုရသော် ဆာလံဆရာဆိုထားသကဲ့သို့ ကျေးဇူးနှင့် ကရုဏာတော်ကို တစ်သက်လုံးခံစားရခြင်း၊ အိမ်တော်၌ အစဥ်အမြဲနေရခြင်းတိုင်အောင် ကျွန်ုပ်တို့၏ ယုံကြည်ကိုးစားခြင်းသည် မည်သို့ပင် သေမင်း၏ အရိပ်လွှမ်းမိုးနေပါစေဦးတော့ ထိုချိုင့်ဝှမ်းထဲမှပင် “ထာဝရဘုရားသည် ငါ၏သိုးထိန်း” ဟုသာ အော်ဟစ်ကာ ဝန်ခံကြွေးကြော်ရင်း …
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။