Skip to content

ပြတ်တောက်ခြင်းများထဲမှ မပြတ်တောက်ခြင်း

အာခန်၏ တပ်မက်ခြင်းကြောင့် ယောရှုတို့၏ အောင်မြင်ခြင်း ပြတ်တောက်ခဲ့ရသည်။ သို့သော် ဘုရားသခင်နှင့် မပြတ်တောက်ခဲ့ကြ …

ရှမာရိမြို့အား ရှုရိစစ်တပ်၏ ကြာမြင့်စွာ ဝိုင်းထားခြင်းကြောင့် ရှမာရိမြို့၌ အစာရေစာ ပျက်တောက်ခဲ့ရသည်။ သို့သော် …

ရှင်ပေါလုအား ဧဝံဂေလိတရားကြောင့် ဖမ်းဆီးထောင်ချရာတွင်လည်း သူ၏ လွတ်လပ်ခွင့်များ ပြတ်တောက်ခဲ့ရသည်။ သို့သော် …

ထိုနည်းတူ ခေတ်အဆက်ဆက်မှ အသင်းတော်သမိုင်းတောက်လျှောက်တွင် ရှေးဘိုးဘေးများ၊ ရှေးယုံကြည်သူများ၊ အသင်းတော်ဖခင်ကြီးများနှင့် တမန်တော်ကြီးများသည် ယုံကြည်ခြင်းကြောင့်၊ ယေရှုခရစ်တော်ကြောင့်၊ စစ်မှန်သော ဧဝံဂေလိတရားကြောင့်ပင် ဘေးအမျိုးမျိုးကြုံတွေ့ခံစားခဲ့ရကာ လူ့အခွင့်အရေးများစွာ ပြတ်တောက်ဆုံးရှုံးခဲ့ရသည်။ သို့သော် …

ဆာလံဆရာ၏ အခြေအနေများအား လေ့လာကြည့်လျှင်လည်း ပြတ်တောက်ခြင်းများစွာတို့အား အကြိမ်ကြိမ်ကြုံတွေ့ခံစားခဲ့ရသည်။ သို့သော် … ဆာလံဆရာကတော့ “တန်တိုင်းတော်တို့အတွင်း၌ နေသောတစ်ရက်သည် အခြားအရပ်၌နေသော အရက်တစ်ထောင်ထက် သာ၍ကောင်းပါ၏။ မတရားသောသူ၏ နေရာ၌ နေရသောအခွင့်ထက်၊ အကျွန်ုပ်၏ ဘုရားသခင့် အိမ်တော်၌ တံခါးစောင့်အရာကို အကျွန်ုပ်သာ၍ နှစ်သက်ပါ၏” ဟုဆိုသည်။

ယနေ့ ကျွန်ုပ်တို့၏ ဘဝတွင်လည်း အခြေအနေများစွာတို့ကြောင့် ပြတ်တောက်ခြင်းများစွာကို ရင်ဆိုင်ရနိုင်ပေသည်။ ငွေကြေးပြတ်တောက်ခြင်း၊ လွတ်လပ်မှု ပြတ်တောက်ခြင်း၊ လူ့အခွင့်အရေး ပြတ်တောက်ခြင်း၊ နိုင်ငံသားအခွင့်အရေး ပြတ်တောက်ခြင်း၊ ကျန်းမာရေး ပြတ်တောက်ခြင်း စသဖြင့် ကြုံတွေ့ရနိုင်သည် မဟုတ်ပါလား … ဤသို့ဖြင့် မိတ်ဆွေနှင့် ကျွန်ုပ်တို့၏ဘဝတွင် ပြတ်တောက်မှုပေါင်းများစွာတို့ကို ရင်ဆိုင်ရနိုင်သည်ဖြစ်သော်လည်း အဓိကအရင်းအမြစ်ဖြစ်သော ဘုရားနှင့် မပြတ်တောက်စေရန် အရေးကြီးသည်။

ဆာလံကျမ်း ၉၁:၂
ထာဝရဘုရားသည် ငါခိုလှုံရာ၊ ငါ၏ရဲတိုက်၊ ငါကိုးစားသော ဘုရားသခင် ဖြစ်တော်မူသည်ဟု ငါပြောဆို၏။

ပြတ်တောက်ခြင်းများစွာထဲမှ ဆာလံဆရာကဲ့သို့ ထာဝရဘုရားအား ကိုးစားတတ်သောသူ၊ ခိုလှုံတတ်သောသူသည် ပြတ်တောက်ခြင်းများ၏ ကြားထဲမှပင်လျှင် မပြတ်တောက်ခြင်းဟုပင် ဆိုရပေဦးတော့မည်။

ဘုရားရှင်ဆက်လက်စကားပြောပါစေ။