နောင်ကာလဟာ ခဲယဉ်းတဲ့ကာလဖြစ်မယ်ဆိုတာကို တမန်တော်ကြီးရှင်ပေါလုက တိမောသေဩဝါဒစာမှာသတိပေးခဲ့ပါတယ်။ ခဲယဉ်းတယ်(difficult times)ဆိုတာ ဘယ်လိုမျိုးလဲ၊ ဘယ်လိုပုံစံလဲ၊ ဘာတွေကြောင့်လဲဆိုတာကိုပါ ဖော်ပြခဲ့ပါတယ်။ ထိုအထဲကမှ ပထမဆုံးအနေနှင့် “ကိုယ်ကို့ကိုချစ်သောသူ”များအကြောင်းကို အရင်ဆုံးလေ့လာဆင်ခြင်ကြည့်ကြရအောင်။
စာရေးသူမှာအတွေးတခုရှိပါတယ်။ အဲ့ဒါကတော့ ကိုယ့်ကိုကိုယ်ချစ်မြတ်နိုးတဲ့သူတိုင်းမှန်ကြည့်ကြတယ် ဆိုတဲ့အတွေးပါပဲ။ လူဆိုတာမျိုးက ဘယ်သူကဘယ်လောက်ပဲ လှပချောမောနေပါစေ၊ ရုပ်ဆိုးအကျဉ်းတန်နေပါစေ ကိုယ့်ကိုကိုယ်တော့ အချစ်ဆုံးပါပဲ။ ငါရုပ်ဆိုးတယ်၊ အသားမဲတယ်ဆိုပြီး ဘယ်သူမှ မှန်မကြည့်ဘဲ မနေသလို၊ ငါချောတယ်၊ ငါလှတယ်ဆိုပြီးတော့လည်း မှန်မကြည့်ဘဲမနေနိုင်ပါဘူး။ အရမ်းမကြည့်ဖြစ်ရင်တောင်မှ ဆံပင်ညှပ်ဆိုင်ရောက်လို့မှန်ရှေ့ထိုင်နေရရင် ကိုယ့်မျက်နှာကိုယ်ကြည့်ပြီး အတွေးတွေစုံစီနေတတ်တယ်မဟုတ်လား။ နောက်တခုက ဓာတ်ပုံရိုက်လိုက်ရင်တောင်မှ လူငါးယောက်ပါနေရင်တောင် ကိုယ့်ပုံကိုယ်ပဲဦးဆုံးကြည့်တတ်ကြတယ်မဟုတ်ပြန်ဘူးလား။ ဆိုရှယ်မီဒီယာ၊ လူမှုကွန်ယက်တွေမှာတောင် ကိုယ့်ရဲ့အလှဆုံးလို့ထင်ရတဲ့ပုံတွေ၊ သေချာရှယ်ပြုပြင်ထားတဲ့ပုံတွေကိုပဲ ရွေးတင်တတ်ကြပြန်ပါသေးတယ်။ သေချာစဉ်းစားကြည့်ရင် လူတိုင်းကကိုယ့်ကိုကိုယ်သာအချစ်ဆုံးတွေပါပဲ။ တနည်းပြောရရင် အလိုလိုက်လွန်းတယ်လို့ပြောရပါမယ်။ ကိုယ့်ကိုကိုယ်ချစ်တယ်ဆိုတာ မကောင်းတာမှမဟုတ်တာလို့ပြောလို့ရပေမယ့် တကယ်တမ်းကိုယ့်ကိုကိုယ်ဦးတည်ပြီးချစ်လာရင် မကောင်းတဲ့အချက်တွေလည်း မနည်းပါဘူး။ အပေါ်မှာပြောသွားခဲ့တဲ့ အချက်တွေက လူအများစုမှာဖြစ်ကောင်းဖြစ်နိုင်၊ ရှိကောင်းရှိနိုင်တဲ့အချက်တွေပါ။ ဒါပေမယ့် တိုးတက်ပြောင်းလဲလာတဲ့ခေတ်နဲ့အတူကိုယ့်ကိုကိုယ်ချစ်တယ် ဆိုတဲ့အရာက မသိမသာလေး အပြစ်ထဲသို့စီးမြောသွားနိုင်တဲ့အခြေအနေတွေရှိလို့ပါပဲ။
ကိုယ့်ကိုယ်ကိုချစ်တဲ့သူတွေရဲ့ပြဿနာတခုက ကိုယ်လုပ်လိုက်တဲ့အရာတွေ၊ ကိုယ်ပြောလိုက်တဲ့အရာတွေက မှားနေရင်တောင်မှ “ငါမှန်တယ်” ဆိုပြီးဇွတ်တိုးတတ်ကြပါတယ်။ ကိုယ့်ကြောင့် နာကျင်သွားတဲ့သူတွေကိုလည်းမတောင်းပန်တတ်တော့ပါဘူး။ ကိုယ့်ကြောင့် စိတ်ထိခိုက်သွားတဲ့သူတွေကိုလည်း ကရုဏာမသက်ပေးတတ်ကြပါဘူး။ “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်”ဆိုတဲ့အခါမှာ ကိုယ့်ကိုကိုယ်ချစ်သလိုမျိုး ချစ်ခိုင်းနေတာပါ။ ဘုရားရှင်သိတာပေါ့ ကျွန်ုပ်တို့တတွေက ကိုယ့်ကိုကိုယ်သာအချစ်ဆုံးပဲဆိုတာ။ ကိုယ့်ကိုကိုယ်သာချစ်တတ်တဲ့ကျွန်ုပ်တို့အတွက် ဘုရားကသူ့ရဲ့အချစ်ဆုံးသားကိုပေးခဲ့တာပါ။ ဒါတောင်မှကျွန်ုပ်တို့တတွေက ပါးစပ်သက်သက်နဲ့လက်တွေ့မပါဘဲ ချစ်ပြနေတတ်ကြတုန်းပါပဲ။ ကိုယ့်ကိုကိုယ်ချစ်တဲ့သူတွေက ဟန်ဆောင်လည်း ကောင်းတယ်ဆိုတဲ့သဘောကိုလည်းတွေ့ရပြန်ပါတယ်။ ဘုရားကျောင်းထဲမှာ၊ ဝတ်ပြုကိုးကွယ်ခြင်းတွေထဲမှာ ကျွန်ုပ်တို့တွေ ဘုရားရှင်ကိုရော၊ အင်္ဂါချင်းတွေကိုပါ ဟန်ဆောင်ချစ်ပြနေခဲ့တာ (သို့မဟုတ်) ကိုယ့်ကိုကိုယ်သာချစ်ပြီး ရှင်သန်နေခဲ့တာမည်မျှလောက်ကြာနေခဲ့ပြီလဲ။ နောင်ကာလက ခက်ခဲတဲ့အချိန်တွေရှိမယ်ဆိုတာသိပ်မှန်တာပေါ့။ တယောက်နဲ့မချစ်တတ်ကြတော့ဘဲ ကိုယ့်ကိုကိုယ်သာချစ်တတ်ကုန်တာက ခက်ခဲတာ အသေအချာပါပဲ။ ကိုယ့်အကျိုးအတွက် ဟန်ဆောင်ချစ်ပြတတ်တာမျိုးကလည်း လုံးဝမဖြစ်သင့်ပါ။ လောကကြီးထဲမှာတော့ ရှိနေမှာပါ။ ဒါပေမယ့် အသင်းတော်ထဲမှာတော့ လုံးဝမရှိသင့်ပါဘူး။ ကောင်းသောရှမာရိဟာ ဒုက္ခရောက်နေတဲ့သူကို သူမြင်တဲ့အခါမှာ သူ့စိတ်မှာ”ငါသာဒီလိုကြုံတွေ့ရရင်/ဖြစ်ခဲ့ရင်” ဆိုတဲ့အတွေးကသေချာပေါက်ရှိမယ်လို့ စာရေးသူမြင်မိပါတယ်။ နှုတ်ကပတ်တော်ထဲမှာတော့ “ကရုဏာစိတ်ရှိသည်နှင့်”လို့တွေ့ရပါတယ်။ ယဇ်ပုရောဟိတ်နဲ့လေဝိလူကတော့ တွေ့မြင်ပေမယ့် ရှောင်သွားတယ်ဆိုတာတွေ့ရတယ်။ သေချာတာကတော့ထိုလူအတွက် သူတို့မှာ “ကရုဏာစိတ်မရှိ”ဘူးဆိုတာသိနိုင်ပါတယ်။ တနည်းအားဖြင့် သူတို့ကိုယ်သာသူတို့အချစ်ဆုံးပါပဲဆိုတာနားလည်ရပါတယ်။ ဒီကနေ့ အသင်းတော်ထဲမှာလည်း ဆရာ့ဆရာကြီးတွေအလွန်များလာပြီး၊ နေကောင်းနေတဲ့သူတွေကိုကျ ချစ်ပြပြီး၊ လဲကျကာ မကျန်းမာသူတွေကိုကျတော့ ရှောင်ထွက်သွားတဲ့အဖြစ် ဒီကနေ့ထိရှိနေတုန်းပါပဲ။ မျက်မှောက်တော်လို့ပြောနေပေမယ့် နာကျင်နေသူတွေအတွက် မျက်စိတွေမှောက်နေကြတုန်းပါပဲ။ ဘာကြောင့်လဲဆိုရင် လောဘဖက်၊ ကျော်ကြားမှုဖက် ကိုသာ မျက်စိတွေရောက်နေလို့ပဲဆိုပါရစေ။
ယုံကြည်ခြင်း၊ မြော်လင့်ခြင်း၊ ချစ်ခြင်းမေတ္တာဆိုတဲ့ သုံးပါးတည်လျက်ရှိတဲ့အထဲမှာမှ ချစ်ခြင်းမေတ္တာကအမြတ်ဆုံးတဲ့။ ထိုမေတ္တာက စိတ်ရှည်တယ်၊ ကျေးဇူးပြုတတ်တယ်၊ ဂုဏ်ပြိုင်ခြင်းမရှိဘူး၊ မလျောက်ပတ်စွာမကျင့်၊ ကိုယ့်အကျိုးကိုမရှာ၊ ဒေါသအမျက်မထွက်၊ အပြစ်ရှိတယ်လို့မထင်တတ်၊ မတရားသောအမှု၌ဝမ်းမြောက်ခြင်းမရှိ၊ သမ္မာတရား၌ဝမ်းမြောက်တတ်၊ ခပ်သိမ်းသောအရာတို့ကို ဖုံးအုပ်တတ်၊ ယုံတတ်၊ မျှော်လင့်တတ်၊ သည်းခံတတ်ကာ၊ ဖောက်ပြန်ခြင်းသဘောနှင့်အစဉ်ကင်းလွတ်တယ်တဲ့။ ထိုချစ်ခြင်းမေတ္တာကိုမှီအောင်လိုက်တဲ့ ဘာကြောင့်လဲဆိုရင် ထိုမေတ္တာက ခပ်သိမ်းသောအပြစ်တို့ကိုဖုံးအုပ်တတ်လို့တဲ့။ ဒါတွေအားလုံးက ကျမ်းစာဖတ်တဲ့သူတိုင်းသိပြီးသားတွေပါပဲ။ တရားဟောချက်များမှာလည်း နားမဆံ့အောင်ကြိမ်ဖန်များစွာကြားခဲ့မှာပါပဲ။ ဒါပေမယ့် နောင်ကာလဆိုတဲ့ခဲယဉ်းတဲ့အချိန်မှာ ဒါတွေကနည်းပါးလာတာ အတော်လေးအံ့ဩစရာပါ။ ချစ်ခြင်းမေတ္တာက အသင်းတော်ထဲကနေလောကထဲသို့စီးဆင်းသွားရမည့်အစား၊ လောကသားတွေလို ကိုယ့်ကိုကိုယ်ပဲချစ်တတ်တဲ့စိတ်ကအသင်းတော်ထဲစီးဝင်လာနေပြီဆိုကတည်းက အတော်ကိုဆိုးဝါးတဲ့အခြေအနေပါ။ ဝိညာဉ်ပကတိရဲ့အကျိုး(ဝိညာဉ်အသီး) မှာ ချစ်ခြင်းကနေစပါတယ်။ ချစ်ခြင်းမေတ္တာကင်းမဲ့ခြင်းက ဝိညာဉ်သဘောမရှိခြင်းလို့တောင်ဆိုရမည်ပင်။ ဝိညာဉ်ရေးရာမှာသော်လည်းကောင်း၊ ဝိညာဉ်တော်ကိုအမှီပြုခြင်းအရာတွေမှာသော်လည်းကောင်း ချစ်ခြင်းမေတ္တာကင်းမဲ့နေမည်ဆိုပါက တီးမှသာအသံထွက်တဲ့တံပိုးခရာတွေလိုပါပဲ၊ မတီးရင်ဘာသံမှမထွက်လာတော့ပါဘူး။
ချစ်သောဓမ္မမိတ်ဆွေတို့ ချစ်ခြင်းမေတ္တာခေါင်းပါးခြင်းက အလွန်ကိုဆိုးတဲ့အမှုအရာပါ။ အထူးသဖြင့် ကိုယ့်ကိုပဲချစ်ပြီး တပါးသူမချစ်နိုင်ခြင်းဆိုတဲ့ တကိုယ်ကောင်းဆန်ခြင်းမျိုးကပိုပြီးဆိုးဝါးပါတယ်။ အလွန်ကိုမှခဲယဉ်းတဲ့အခြေအနေတရပ်ဖြစ်ပါတယ်။ နောက်ဆုံးသောကာလမှာကိုယ့်ကိုယ်ချစ်ဖို့ထက် (တနည်း) ကိုယ့်အတွက်ပဲကြည့်နေဖို့ထက် ဘုရားရှင်ရဲ့ချစ်ခြင်းကိုခံစားရပြီး၊ တပါးသူအပေါ်မှာ အထူးသဖြင့် အသင်းတော်အပေါ်မှာခရစ်တော်ရဲ့မေတ္တာနှင့်ချစ်နိုင်မည်အကြောင်း သတိပေးနှိုးဆော်ရင်း
မေတ္တာဖြင့်
ယခုဆောင်းပါးသည် မူရင်းစာရေးသူဖြစ်သော ဆရာ Broshay နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူများ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။