Skip to content

အလိုတော်နှင့်ညီသော ဆုတောင်း

ကျွန်တော်တို့ခရစ်ယာန်များသည် ဆုတောင်းတတ်ကြသူများဖြစ်ကြသည်မှာ အားလုံးအသိပင်ဖြစ်သည်။ ဆုတောင်းခြင်းဆိုသည်မှာ ဘုရားသခင်နှင့် စကားပြောခြင်းလည်းဖြစ်သည်။ ခရစ်ယာန်တိုင်း ခရစ်ယာန်တိုင်း ဆုတောင်းဖူးကြပေလိမ့်မည်ဖြစ်သကဲ့သို့ ဆုမတောင်းဖူးသည့် ခရစ်ယာန်ဟူ၍လည်း ရှိမည်မထင်ပါ …
တခါတရံတွင် ဆုတောင်းခြင်းအား အစပြုရန် စာတတန် ပေတတန်နှင့် ခေါ်ဆိုအစပြုနေခြင်းသည် လူရွှင်တော်များ၏ အငြိမ့်မင်းသမီးအား ရှေ့ထွက်လာရန် ခေါ်ဆိုနေကြခြင်းအလား …

တခါတရံတွင်လည်း ဆုတောင်းရန် နေရာထိုင်ခင်းအား ဗဟိုပြုမိတတ်ကြပြန်သည်။ အဆင်ပြေမည့် အရပ်ဖြစ်မှသာ ဆုတောင်းခြင်းသည် တန်ခိုးပါသည့်နှယ် … နေရာအရပ်အား ဗဟိုပြုလွန်းသည့်နောက်တွင်လည်း ဤမည်သော ဆုတောင်းနေရာ၊ ဆုတောင်းတောင် စသဖြင့်သော အရပ်ဒေသများ၌သာ ဆုတောင်းခြင်းသည် ပြည့်သယောင် … ဘုရားသခင်ရှိသယောင်နှင့် အဖြေရသယောင် …

တခါတခါကျပြန်တော့လည်း ကျွန်ပ်တို့ခရစ်ယာန်များက အိုးထိန်း ဘုရားသခင်သည် အိုးမြေဖြစ်သည့်နှယ် စေခိုင်းနေကြခြင်းများသည် တရစက် … “ယေရှုနာမ၌ ပျောက်စေ၊ ယေရှုနာမ၌ သိမ်းပိုက်တယ်” စသဖြင့် လုပ်ကြပြန်သေး၏။ ကျွန်ုပ်တို့၏ အနာကို ကျွန်ုပ်တို့ပျောက်ချင်သည်မှာ မမှားချေ။ သို့သော် ဘုရားသခင်အလိုတော်ကိုသာ အဓိကထားကာ ဝန်ခံ၍ ဆုတောင်းခြင်းသာလျှင် အဓိပ္ပါယ်ရှိမည်ဟု ကျွန်ုပ်ကတော့ ခံစားရမိသည်။

ရှင်မဿဲခရစ်ဝင် ၆:၇
သင်တို့သည် ဆုတောင်းသောအခါ သာသနာပလူနည်းတူ အချည်းနှီးသောစကားဖြင့် အထပ်ထပ် မမြွက်ကြနှင့်။ ထိုသူတို့သည် များစွာသောစကားအားဖြင့် မိမိတို့အလိုပြည့်စုံမည်ဟု ထင်မှတ်ကြ၏။

အချုပ်အားဖြင့်ဆိုရသော် … ဆုတောင်းခြင်းဆိုသည်မှာ ကျွန်ုပ်တို့နှင့် ဘုရားသခင် စကားပြောခြင်းဟုဆိုလျှင်လည်း မမှားပါ။ အဖေနှင့် သားသမီးများ၏ စကားဝိုင်းသည် စာတတန် ပေတတန်နှင့် တကူးတကလုပ်ယူရန်လည်း မလိုအပ်ဘူးမဟုတ်ပါလား … ထိုနည်းတူ မည်သည့်နေရာ မည်သည့်အချိန် မည်သည့်အလုပ်များကိုပင် မအားမလပ်ဖြစ်ကာ အလုပ်ကို လုပ်နေရပါစေ ယုတ်စွအဆုံး အိမ်သာပင်တက်နေစေဦးတော့ ဆုတောင်းနိုင်ပေသည်။ ဟိုနေရာမှ ဒီနေရာမှတော့ မဟုတ်ချေ။ ဆိတ်ညိမ်ရာသို့ အားလပ်သဖြင့်သွားရောက် ဆုတောင်းချင်လျှင် သွားနိုင်သော်လည်း ထိုနေရာမှသာ ဆုတောင်းပြည့်သည်ရယ်တော့ မဟုတ်။

ထို့ကြောင့် သခင်သင်ကြားခဲ့သည့် ဆုတောင်းခြင်းသည် ယနေ့ ကျွန်ုပ်တို့အတွက်တော့ လုံလောက်သော ဆုတောင်းချက်ပင်ဖြစ်သည်ဟု ဝန်ခံကာ 

“နိုင်ငံတော်တည်ထောင်ပါစေသော .. အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော”

ကျွန်ုပ်တို့၏ ဆုတောင်းများသည် ကျွန်ုပ်တို့၏ အလိုဆန္ဒများစွာထက် အိုးထိန်းရှင် ကိုယ်တော်ဘုရား၏ အလိုတော်နှင့် အညီသာဖြစ်စေပါဟုဆင်ခြင်ရင်း … “ဒါတွေ ဒါတွေ ဒီလိုတွေ ဖြစ်ချင်ပါတယ် သို့သော်လည်း အလိုတော်အတိုင်းသာဖြစ်စေပါ” ဟုသာ …

ဘုရားရှင်ဆက်လက်စကားပြောပါစေ။