Skip to content

ဖေဖေ၊ အဖေ၊ ပါပါး၊ အပါး စသည်ဖြင့် နေရာဒေသနှင့် လူမျိုးများကွဲပြားမတူညီခြင်းကြောင့် မိမိရဲ့ ဖခင်အား ဘာသာစကားမျိုးစုံဖြင့်မိတ်ဆွေတို့ ခေါ်ဝေါ်ဖူးကြပါလိမ့်မယ်။ ယနေ့မှာလည်း တဖန်ပြန်လည်ကျရောက်လာပြီဖြစ်သောဖခင်များနေ့အတွက်ဘုရားရှင်ရဲ့ကျေးဇူးတော်ကို ချီးမွမ်းရေတွက်ရင်း ကမ္ဘာပေါ်ရှိ ဖခင်များအားလုံးနှင့်တကွ ကောင်းကင်နိုင်ငံသို့ ပြန်နှင့်ပြီဖြစ်သော ဖခင်များအတွက် Happy Father’s Day လို့ စာရေးသူက နှုတ်ခွန်းဆက်လိုက်ပါတယ်။ ခရစ်နှစ် ၁၉၀၉ တွင် Mrs. Sonora Smart Dodd မှစတင်အဆိုပြုကာ ၁၉၁၀ ခုနှစ်မှတရားဝင်စတင်ဆင်နွှဲခဲ့သော ‘ဖခင်များနေ့’ တနည်း ‘Father’s Day’ ဟာဆိုရင် ယခုတွင် ၁၁၃ နှစ်တိုင်ရှိခဲ့ပြီပဲဖြစ်ပါတယ်။ ယခုတွင်လည်း ဒီကမိတ်ဆွေညီအစ်ကိုမောင်နှမတို့အနေဖြင့် မိမိတို့ရဲ့ဖခင်များနှင့်အတူ ဖခင်များနေ့ကိုဆင်နွှဲလာခဲ့သည်မှာ နှစ်အတော်အတန်ရှိပြီလို့ စာရေးသူအနေဖြင့်ယူဆမိပါတယ်။ ဒါကြောင့်မလို့ မိမိတို့ဖခင်များနှင့်အတူရှိနေသည်ဖြစ်စေ ဝေးကွာနေသည်ဖြစ်စေ မည်သို့ပင်ဖြစ်နေစေကာမူ ယနေ့မှာနှုတ်ကပတ်တော်အားဖြင့်ပြန်လည်ဆင်ခြင်ရင်း မိတ်ဆွေတို့ရဲ့ ဖခင်များအား ဂုဏ်ပြုနှုတ်ဆက်ကြရအောင်။

“ထာဝရဘုရားသည်သင့်ကိုဖြစ်ပွားစေသောအဖ၊ သင့်ကိုဖန်ဆင်း၍နေရာချသောသူဖြစ်တော်မူသည်မဟုတ်လော။” တရားဟောရာကျမ်း ၃:၂၆

ရှေးဦးစွာအနေဖြင့် သမ္မာကျမ်းစာတွင်ဖော်ပြသည်အတိုင်း “ထာဝရဘုရားသည် ကျွန်ုပ်တို့ကိုဖြစ်ပွားစေသောအဖ၊ ကျွန်ုပ်တို့ကိုဖန်ဆင်း၍နေရာချသောသူ“ဖြစ်ပါသည်။ ထိုနည်းလည်းကောင်းပင် ကျွန်ုပ်တို့ ပဌာနာတော်ရွတ်ဆို၍ဆုတောင်းလျှင်ပင် “ကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်ုပ်တို့​၏အဖ” ဟူ၍အစချီကာဆုတောင်းပဌာပြုသည်ကိုကြည့်ခြင်းအားဖြင့် ထာဝရဘုရားသခင်သည် ကျွန်ုပ်တို့အားလုံး​၏ဖခင်ဖြစ်သည်ဆိုသည့်အချက်ကိုတော့ ငြင်း၍မရပါ။

“သင်တို့​၏ အဘဖြစ်မည်။ သင်တို့သည်လည်းငါ​၏သားသမီးဖြစ်ကြလိမ့်မည်ဟု အနန္တတန်ခိုးနှင့်ပြည့်စုံသောထာဝရဘုရားမိန့်တော်မူ​၏။”

ကောရိန္သုဩဝါဒစာဒုတိယစောင် ၆:၁၈ နှုတ်ကပတ်တော်တွင်တော့သခင်ဘုရားသည် ကျွန်ုပ်တို့​၏ဖခင် ဖြစ်ခြင်း အကြောင်းအရာကို အတိအလင်း မိန့်တော်မူကာ ဖြောင့်မတ်ခြင်းနှင့် သမ္မာတရားတို့အားဖြင့်အစဉ်သဖြင့်သွန်သင်ဆုံးမနေပါသည်။ သို့ရာတွင်တော့ ကျွန်တော်ကျွန်မတို့ ယုံကြည်သူသားသမီးများအနေဖြင့် လည်း အမှန်တကယ်ပင်သခင့်ကိုချစ်ကာ နာခံလိုက်လျှောက်နေသော သားသမီးများဖြစ်နေသလား ဆိုတာကိုတော့ မိမိကိုယ်တိုင်ပြန်လည်ဆန်းစစ်ဆင်ခြင်သင့်ပါတယ်။ ထိုသို့မဟုတ်ဘဲ မိမိအသက်ရှင်လိုသည့်အတိုင်းရှင်သန်ကာ ဇာတိပကတိအတိုင်းနေထိုင်မည်ဆိုလျှင်တော့ ကောင်းကင်တွင်ရှိသည့် ကျွန်ုပ်တို့ အဖအား စိတ်နှလုံးသားနှင့်မဟုတ်ဘဲ အပြောနှင့်ပင်ချစ်ခင်သောသူများဖြစ်နေသလားဆိုတာကိုတော့ သတိပြုဆင်ခြင်သင့်ပါတယ်။

“ချစ်သားတို့၊ ငါတို့သည်စကားပြောကာမျှအားဖြင့်သာမချစ်ဘဲ၊ စိတ်ပါကိုယ်ရောက် ဧကန်အမှန်ချစ်ကြကုန်အံ့။” ရှင်ယောဟန်ဩဝါဒစာပဌမစောင် ၃:၁၈

ထို့နောက် ယနေ့သည် ဖခင်များနေ့ဖြစ်သည့်အလျောက် ကျွန်တော်ကျွန်မတို့အား ကျေးဇူးတော်အားဖြင့်သခင်ဘုရားပေးသနားတော်မူသည့် မိတ်ဆွေတို့ရဲ့ ‘လောကဖခင်များ‘ ကိုလည်း ‘Happy Father’s Day‘ လို့ ဂုဏ်ပြုနှုတ်ဆက်ကာ ချစ်ခင်သတိရကြောင်းကိုလည်း ပြသရမည် ဖြစ်ပါတယ်။ ဘုရားသခင်က အိမ်ထောင်မိသားစုတွင်ဖခင်များကိုပေးထားခြင်းက အကြောင်းမဲ့မဟုတ်ဘူးဆိုတာကိုတော့ စာရေးသူအနေဖြင့် ယုံကြည်ထင်မှတ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ဖခင်တို့သည် အိမ်ထောင်ရဲ့ဦးစီးသူများဖြစ်သလို ကြီးမားသော ထောက်တိုင်များလည်း ဖြစ်သည်ဆိုသည်ကတော့ ငြင်း၍မရပါ။

အိမ်တအိမ်တွင် ခိုင်ခံ့သောထောက်တိုင်မရှိပါက ထိုအိမ်သည် ယိုင်နဲ့ပြိုလဲနိုင်သည်ဆိုတာကတော့ မိတ်ဆွေတို့အနေဖြင့် သိရှိပြီးဖြစ်ပါတယ်။ ထို့ကြောင့် ကိုယ်တိုင်က ဖခင်တယောက်ဖြစ်လာလျှင် အထူးသဖြင့် ယုံကြည်သူဖခင် အိမ်ထောင်ဦးစီး တယောက်ဖြစ်လျှင်တော့ ပုံသက်သေကောင်းဖြစ်ခြင်းနှင့်တကွ ခိုင်မာသောထောက်တိုင် လုံခြုံကာကွယ်မှုပေးနိုင်သောသူဖြစ်ခြင်းကတော့ အလွန်အရေးကြီးပါတယ်။

ပထမဆုံးတချက်ကတော့ ယုံကြည်သူဖခင်များအနေဖြင့် မိမိတို့​၏ ယုံကြည်ခြင်းသည် ခိုင်ခံ့မြဲမြံကာ ဇနီးနှင့်သားသမီးတို့အတွက်ပုံသက်သေကောင်းဖြစ်ရန်လိုအပ်ပါသည်။ ရှေးဦးစွာ ခရစ်ယာန်အိမ်ထောင်တခုအား ဦးဆောင်နေသည့်ဖခင်ဖြစ်သည့်အလျောက် “ငါနှင့်ငါ့အိမ်သားဖြစ်လျှင်၊ ထာဝရဘုရားကိုသာ ကိုးကွယ်မည်” ဆိုသည့်နှုတ်ကပတ်တော်အချက်အား ခိုင်မြဲစွာ ဆွဲကိုင်လျက် လိုက်လျှောက်ကျင့်ဆောင်သောသူဖြစ်ရပါမည်။ မိမိရဲ့အပြုအမူ လုပ်ဆောင်ချက် တခုချင်းစီတိုင်းက အိမ်ထောင်မိသားစု အပေါ်မှာထင်ဟပ်နေမည် ဖြစ်တဲ့အတွက် သေသေချာချာ လိုက်နာမကျင့်ဆောင်နိုင်လျှင် အလွန်ပင်စိုးရိမ်ဖွယ်ဖြစ်ကာ အိမ်ထောင်အတွက် ကောင်းမွန်သော ထောက်တိုင်တခုမဖြစ်နိုင်တော့ပါ။ ထို့ကြောင့် နှုတ်ကပတ်တော်အားဖြင့်ဆင်ခြင်လျက် ယုံကြည်ခြင်းတည်မြဲသော ဖခင်များဖြစ်ရန် အလွန်အရေးကြီးပါသည်။

ဒုတိယအချက်အနေဖြင့်ကတော့ ယုံကြည်သူဖခင်တယောက်ဖြစ်လာလျှင် မှန်ကန်သောနည်းလမ်းများဖြင့် တရားတော်နှင့်အညီဆုံးမသွန်သင်ရန်လိုအပ်ပါသည်။

“မိမိအိမ်ကိုကောင်းမွန်စွာအုပ်စိုး၍ သမ္မာသတိရှိသည်နှင့်၊ မိမိသားသမီးကိုဆုံးမနိုင်သောသူဖြစ်ရမည်။ မိမိအိမ်ကိုမအုပ်စိုးတတ်လျှင်၊ ဘုရားသခင်​၏ အသင်းတော်ကို အဘယ်သို့ပြုစုလိမ့်မည်နည်း။” တိမောသေဩဝါဒစာပဌမစောင် ၃:၄-၅

“အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးခြင်းငှါမပြုကြနှင့်။ သခင်ဘုရား​၏ အလိုတော်နှင့် ညီသော ဆုံးမသွန်သင်ခြင်းကို ပြုလျက်ကျွေးမွေးကြလော့။” ဧဖက်ဩဝါဒစာ ၆:၄

ထိုကဲ့သို့ ကောင်းမွန်စွာ အုပ်စိုးလမ်းပြကာ သွန်သင်ဆုံးမခြင်းမရှိပါက မိမိရဲ့သားသမီးများသည်လည်း လောကတွင်ကောင်းမွန်သောသူများဖြစ်ရန် အခွင့်အရေးနည်းပါးသလို မိမိအားလည်း သူတို့သည် ချစ်ခင်လေးစားမှုမှေးမှိန်လာမည်ပဲဖြစ်ပါတယ်။ ထို့ကြောင့် ဖခင်တာဝန်ကို အကြောင်းအမျိုးမျိုးကြောင့်လစ်ဟင်းကာ ပျက်ကွက်နေသူများအဖို့ နှုတ်ကပတ်တော်နှင့်တကွဆင်ခြင်ရင်း အိမ်ထောင်အတွက် ဦးဆောင်လမ်းပြနိုင်သူဖြစ်ရန်လိုအပ်ပါတယ်။

​တတိယအချက်အနေဖြင့်ကတော့ ဖခင်များသည်မည်သည့်အရာပင် လုပ်ဆောင်စေကာမူ ချစ်ခြင်းမေတ္တာအားဖြင့် ဆောင်ရွက်ခြင်းပြုရန် အထူးပင်လိုအပ်ပါသည်။ ချစ်ခြင်းမေတ္တာမရှိ သောအိမ်ထောင်မိသားစု တခုအားကြည့်မည်ဆိုလျှင် အမြဲပင်ရန်ဆောင်၍ နွေးထွေးမှုမရှိသလို ငြိမ်သက်ခြင်းသည်လည်း ထိုအိမ်ထောင်မိသားစုအပေါ်၌မှေးမှိန်နေမည်ပဲဖြစ်ပါသည်။ ထို့ကြောင့် အိမ်ထောင့်​၏ထောက်တိုင်များဖြစ်သည့် ဖခင်များသည် ချစ်ခြင်းမေတ္တာကို ဦးဆောင်သင်ကြားပြသရမှာဖြစ်သလို လုပ်ဆောင်တဲ့အမှုအရာတိုင်းသည်လည်း သခင်အလိုရှိသည့်အတိုင်း ဇနီးနှင့်သားသမီးများအပေါ်မေတ္တာဖြင့်ဖော်ပြရမည်ပဲဖြစ်ပါသည်။

“အခြားသောအမှုအရာထက် မက၊ အချင်းချင်းအားကြီးသော ချစ်ခြင်းမေတ္တာရှိကြလော့။ ချစ်ခြင်းမေတ္တာသည် များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ်​၏။” ရှင်ပေတရုဩဝါဒစာပဌမစောင် ၄:၈

“In the same way, you husbands must give honor to your wives. Treat your wife with understanding as you live together.” 1 Peter 3:7

​ယနေ့ ‘ဖခင်များနေ့‘အတွက် နောက်ဆုံးအချက်ဖြင့်သတိပြုလိုက်နာရမည့်အရာကတော့ သားသမီးများအတွက်ဖြစ်ပါတယ်။ Mrs. Sonora Smart Dodd သည်သူမ​၏ ချစ်လှစွာသော ဖခင်အတွက် ကျေးဇူးပြုလိုသောအားဖြင့် ယခုကဲ့သို့ ဖခင်များနေ့အား စီစဉ်ဆောင်ရွက်ခဲ့သလို ကျွန်တော်ကျွန်မတို့သည်လည်း ချစ်သောဖခင်များအတွက် နာခံလိုက်လျှောက်သော သားသမီးများဖြစ်ခြင်းနှင့်အတူ ချစ်ခြင်းမေတ္တာနှင့် နွေးထွေးကြင်နာမှုကိုဖော်ပြသော သားသမီးများဖြစ်ရန် အလွန်အရေးကြီးပါသည်။ တခါတရံမှာ ဖခင်တို့နှင့်အဆင်မပြေသည့်အချိန်များ တချို့ တာဝန်မကျေသော ဖခင်တို့ကြောင့် ခံစားရသည့်အချိန်များ ရှိနိုင်သော်လည်း သားသမီးတို့အ နေဖြင့်ကောင်းမွန်သောအရာလေးများအား ပြန်လည်ရေတွက်အောက်မေ့ကာသခင်အလိုရှိသည်အတိုင်း လိုက်နာ လိုက်လျှောက်ဖို့လိုအပ်ပါသည်။

သမ္မာကျမ်းစာတွင် “ငါ့သားတို့၊ အဘ၏နည်းဥပဒေသကို နားထောင်၍၊ ဥာဏ်သဘောကို နားလည်ခြင်းငှါ စေ့စေ့မှတ် ကြလော့။” သုတ္တံကျမ်း ၄:၁

“သားသမီးတို့၊ သခင်ဘုရား​၏အလိုတော်နှင့်အညီ မိဘစကားကိုနားထောင်လော့။ မိဘစကားကို နားထောင်ခြင်းအမှုသည် တရားသောအမှုဖြစ်​၏။ မိဘကိုရိုသေစွာပြုလော့။ ဤပညတ်တော်သည်ကား၊ သင်သည်ပြည်တော်၌ကောင်းစား၍ အသက်တာရှည်မည်အကြောင်း ဟူ၍ ဂတိတော်နှင့်ဆိုင်သော ပဌမပညတ်ဖြစ်​၏။” ဧဖက်ဩဝါဒစာ ၆:၁-၃

ထိုသို့သမ္မာတရားအားဖြင့်အတိအလင်းဖော်ပြထားကာ ပညတ်ထားသည့်အတွက် သားသမီးတို့သည်လည်း မိမိတို့ရဲ့ မိဘများ တနည်း ဖခင်များအားရိုသေလေးစား၍ ကောင်းမွန်စွာပြုစုခြင်းနှင့်အတူ သခင့်ရဲ့အလိုတော်နှင့်အညီ လိုက်လျှောက်နာခံသော ဖခင်နှင့်သားသမီးများ၏ အသက်တာဖြစ်စေမည့်အကြောင်း “ဖခင်များနေ့” အားဂုဏ်ပြုရင်း ဤဆောင်းပါးအား မေတ္တာဖြင့်ရေးသားလိုက်ပါတယ်။