Skip to content

ကျွန်ုပ်တို့သည် တနေရာသွားခါနီးဖြစ်စေ၊ မျက်နှာသစ်ပြီး၍ဖြစ်စေ၊ အဆင်ပြေမပြေသိစေရန် မှန်ကြည့်တတ်ကြသည့် အချိန်များစွာရှိကြသော်လည်း မိမိကိုယ်ကို ဆင်ခြင်ကြည့်တတ်ကြသည့် အချိန်သည် အင်မတန် နည်းပါးလွန်းကြသည်။ ထို့ကြောင့် ယနေ့တွင် မှန်ကိုကြည့်လျှင် မိမိ၏ သွင်ပြင်လက္ခဏာကို တွေ့ကြရသည့်အတိုင်း “Self Evaluation” ကိုလည်း မမေ့မလျော့သင့်ပေ …

နေဟမိမှတ်စာ ၂:၅
ယုဒပြည်သို့ စေလွှတ်တော်မူပါစေဟု ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်အား ဆုတောင်းပြီးမှ လျှောက်လေ၏။

နေဟမိသည် ရှင်ဘုရင်၏ ချစ်ခင်မှုအား ခံစားရသူ ဖြစ်သော်လည်း၊ ရှင်ဘုရင်၏ အနီးဆုံး၌ရှိသူများထဲမှ တစ်ဦးအပါအဝင် ဖြစ်သော်လည်း သို့တည်းမဟုတ် ဖလားတော်ဝန်ဆိုသည့် ရာထူးရာခံရှိသူတစ်ဦး ဖြစ်သော်လည်း၊ ရှင်ဘုရင်မှ မျက်နှာသာ ရသူတစ်ဦးဖြစ်သော်လည်း ထိုအပေါ်ယံ အခွံများ၏ အရှိန်အဝါထက် ဘုရားသခင်အားသာ ဆုတောင်းခြင်းဖြင့် အားကိုးခဲ့သည်ကို “နေဟမိ အခန်းကြီး ၂” သည် သက်သေပင် …

“ငါ့ကိုတော့ လွှတ်မှာပါ ဘာလို့ဆို ငါက မျက်နှာသာရသူ၊ ဖလားတော်ဝန်” စသည့် အပေါ်ယံအခွံများ၏ တတ်နိုင်ခြင်းထက် ဘုရားသခင်အပေါ်၌သာ အားကိုးကြောင်းသည် သူ၏ ဆုတောင်းခြင်းအားဖြင့် အစပြုခြင်းသည် အထင်အရှားမဟုတ်ပါလား …

တခါတရံတွင် မိမိတို့၏ တတ်နိုင်ခြင်း၊ လုပ်နိုင်ခြင်းစသည့် အပေါ်ယံအခွံများ အပေါ်၌သာ ဗဟိုပြုမိကာ ဘုရားအား အားကိုးခြင်းမရှိတတ်ကြသည့်အချိန်၊ ဆုတောင်းခြင်းဖြင့် အစပြုရမည့် အခိုက်အတန့်တို့သည် ပျောက်ခြင်းမလှ ပျောက်ဆုံးနေတတ်ကြသည်။ ထိုအထဲတွင် ကျွန်ုပ်လည်း ပါနေခဲ့ဖူးသည်။

ထိုလုပ်ဆောင်နိုင်ခြင်း၊ ထိုတတ်စွမ်းနိုင်ခြင်းတို့သည် ကျေးဇူးတော်ကြောင့် ရထားသည်ကို မေ့လျော့နေခြင်းသည် ကျေးဇူးတော်ချီးမွမ်းခြင်းကိုလည်း ပျက်ကွက်နိုင်သည်မဟုတ်ပါလား … ငါလုပ်နိုင်တယ်၊ ငါတတ်နိုင်တယ်၊ ငါ မရှိရင်၊ ငါ မှ မလုပ်ရင် ဆိုသည့် စိတ်သဘောတို့သည် ကြာလျှင် “မာန ထောင်လွှားခြင်း” ကိုလည်း ဖြစ်လာစေတတ်သေး၏။

ထို့ကြောင့် မိမိတို့၏ အစွမ်းသတ္တိတို့သည် “ကျေးဇူးတော်ကြောင့်သာ” ဟု ဝန်ခံကာ “ငါ” ဆိုတာကို ဖယ်ရှားရင်း “ကိုယ်တော် တတ်နိုင်တယ်၊ ကိုယ်တော် လုပ်နိုင်တယ်” ဆိုသည်ကိုလည်း မမေ့မလျော့ နှလုံးသွင်းလျက် မည်သည့်အရာကိုဖြစ်စေ အစပြုလျှင် ဆုတောင်းခြင်းအားဖြင့်သာ အစပြုဖို့ရန် ယနေ့ “Self Evaluation” လုပ်ကာ မိမိကိုယ်ကို ထပ်လောင်း ဆင်ခြင်သတိပေးရင်း …

ဘုရားရှင်ဆက်လက်စကားပြောပါစေ။