Skip to content

ငြိမ်သက်ခြင်းနှင့်ယှဉ်သော ဧဝံဂေလိတရားကိုဟောခြင်းငှာပြင်ဆင်သောအဖြစ်တည်းဟူသော ခြေစွပ်

ခြေစွပ်(သို့)ဖိနပ်သည် ကျွန်ုပ်တို့၏ခြေကို ဆူးငြောင့်ခလုတ်၊ရန်သူ၏တိုက်ခိုက်မှုများမှ ကာကွယ်ပေးပါသည်။ ကျွန်ုပ်တို့သည် စစ်ပွဲ၌ သက်တောင့်သက်သာဖြင့်တိုက်ခိုက်နိုင်ရန်နှင့် ကိုယ်ခန္ဓာ ဟန်ချက်ပျက်မသွားစေရန် ကျွန်ုပ်တို့၏ခြေကို ခိုင်ခန့်စွာရပ်တည်နိုင်ဖို့ အထောက်အကူပေးပါသည်။ ထိုသို့ပင် အောက်ခြေခိုင်၍ ယုံကြည်ခြင်း၌ မြဲမြံစွာရပ်တည်နိုင်ဖို့ရန်အတွက် ကျွန်ုပ်တို့အားလုံးသည် ဓမ္မဆရာမဟုတ်ကြသော်လည်း အရှင်ယေရှု၏မိန့်တော်မူချက်အရ ဧဝံဂေလိတရားကို ဟောပြောသက်သေခံကြရမည်။ ထို့ကြောင့် ဧဝံဂေလိတရားဟောပြောနိုင်ခြင်းငှာ ပြင်ဆင်ခြင်း တနည်းအားဖြင့် ဆက်ကပ်ခြင်းမှာ အလွန်အရေးကြီးပါသည်။ လက်တန်းလျှောက်ပြောနေခြင်းမျိုးမဟုတ်ဘဲ လူသားတိုင်းအတွက်အရေးကြီးသော၊ ယခုဘဝ နောင်ဘဝအကျိုးအတွက်အရေးပါသော ထိုသတင်းစကားကို လေးလေးနက်နက်နှင့် သေသေချာချာပြင်ဆင်ရပါမည်။ ဧဝံဂေလိတရားတော်သည် သူတပါးအား ဟောပြောရန်သက်သက်ပဲ မဟုတ်ဘဲ ထိုတရားအတိုင်း မိမိကိုယ်တိုင်လည်း ယုံကြည်လိုက်လျှောက်အသက်ရှင်ရန်လည်း ဖြစ်ပေသည်။ ဤသည်မှာ ယုံကြည်သူတို့၌ ယုံကြည်ခြင်း ခိုင်ခန့်၍ ခရစ်ယာန်အသက်တာတွင် ကောင်းမွန်စွာရပ်တည်နိုင်ဖို့ရန်ဖြစ်ပါသည်။

ဘုရားသခင်သားတော်ယေရှုခရစ်၏ ဧဝံဂေလိတရား၏ အစကို ဆိုပေအံ့။-(ရှင်မာကုခရစ်ဝင် ၁:၁)

“တစ်ဖန် မိန့်တော်မူသည်ကား၊ မောရှေ၏ ပညတ္တိကျမ်းစာ၌လည်းကောင်း၊ ပရောဖက်တို့၏ ကျမ်းစာ၌လည်းကောင်း၊ ဆာလံကျမ်းစာ၌လည်းကောင်း၊ ငါ့ကိုရည်မှတ်၍ ရေးထားသမျှသောအချက်တို့သည် ပြည့်စုံရမည်ဟု ငါသည် သင်တို့နှင့်အတူ ရှိစဉ်အခါ သင်တို့အား ဟောပြောသောအကြောင်းအရာတို့ကား ဤအကြောင်းအရာပေတည်းဟု မိန့်တော်မူ၏။- ထိုအခါ ကျမ်းစာကို နားလည်စေခြင်းငှာ တပည့်တော်တို့၏ ဉာဏ်ကို ဖွင့်တော်မူလျှင်၊- ဤသို့ ကျမ်းစာလာ၏။ ဤသို့ ခရစ်တော်သည် အသေခံ၍ သုံးရက်မြောက်သောနေ့၌ သေခြင်းမှ ထမြောက်ရမည်။- ခရစ်တော်၏ အခွင့်အားဖြင့် နောင်တတရားနှင့် အပြစ်လွှတ်ခြင်းတရားကို ယေရုရှလင်မြို့မှစသော လူမျိုးတကာတို့အား ဟောပြောရမည်။- သင်တို့သည်လည်း ဤအကြောင်းအရာတို့၏ သက်သေဖြစ်ကြ၏။- ငါ့ခမည်းတော်၏ ကတိရှိသည်အတိုင်း သင်တို့၌ ငါပြုဦးမည်။ သို့ဖြစ်၍ သင်တို့သည် ကောင်းကင်ကတန်ခိုးကို မခံမီတိုင်အောင် ယေရုရှလင်မြို့၌ နေကြဦးလော့ဟု မိန့်တော်မူ၏။”
(ရှင်လုကာ ၂၄:၄၄-၄၉ )

“သင်တို့သည် လောကီနိုင်ငံအရပ်ရပ် ရှိသမျှသို့သွား၍၊ ဝေနေယျသတ္တဝါ အပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့။- ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတ္တံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတ္တံ့။-”
(ရှင်မာကု ၁၆:၁၅-၁၆ )

“သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့။- ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမဩဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။”
(ရှင်မဿဲ ၂၈:၁၉-၂၀ )

တမန်တော်တို့သည်လည်း “ဗိမာန်တော်၌လည်းကောင်း၊ အိမ်၌လည်းကောင်း နေ့တိုင်းအစဉ် ဆုံးမသွန်သင်လျက်၊ ယေရှုသည် ခရစ်တော်ဖြစ်၏ဟူ၍ ဧဝံဂေလိတရားကို မပြတ်ဟောပြောလျက်နေကြ၏။”
(တမန်တော် ၅:၄၂)