ဖန်ဆင်းရှင်ထာဝရဘုရားကိုသက်ဝင်ယုံကြည်သူ၊ သားတော် သခင်ခရစ်တော် ယေရှုဘုရား ကို မိမိကယ်တင်ပိုင်ရှင်အဖြစ်လက်ခံယုံကြည်သူ၊ သမ္မာတရားကို အကြွင်းမဲ့ သွန်သင်ပေးတဲ့ သန့်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့ ကိန်းဝပ်တော်မူခြင်းခံရတဲ့ ယုံကြည်သူ ဘုရားသားသမီး တယောက်ဟာ မိမိဆက်လက် အသက်ရှင်ရမယ့် အသက်တာမှာ ဘုရားရဲ့ အတူရှိခြင်း (တနည်း) မျက်မှောက်တော်ဟာ အလွန်အရေးကြီးပါတယ်။ အရင်ဆုံး ဘုရားရဲ့အတူရှိခြင်း (မျက်မှောက်တော်) ကို မပြောခင် ဘုရားရဲ့ “နေရာတိုင်း၌ရှိ တော်မူခြင်း” ဆိုတဲ့ ကိုယ်တော်ရဲ့ အဖြစ်တော် ဂုဏ်ရည်များထဲမှ တခုကို ပြောလိုပါတယ်။ “နေရာတိုင်း၌ရှိခြင်း” omnipresence ဟာ ဘုရားဖြစ်ခြင်းရဲ့ ဂုဏ်အင်္ဂါတခု ဖြစ်ပြီး ၎င်းအဓိပ္ပါယ်မှ “ရှိခြင်း” ဆိုသည်မှာ ဘုရားက တစုံတခု (သို့) တစုံတယောက် နှင့်အတူရှိနေခြင်း ဆိုလိုသည်ထက် ကိုယ်တော်၏ အဖြစ်တော်ကိုယ်၌က အချိန်၊ နေရာ၊ ဒြပ်ထု၏ ကန့်သတ်မှုဘောင်၌ မရှိနေခြင်း (တနည်း) အချိန် နေရာ ဒြပ်ထု အကန့်အသတ်မဲ့စွာ ရှိနေခြင်းကို ဆိုလိုပါတယ်။ အခုဝေမျှချင်တဲ့ အကြောင်းကတော့ တန်ခိုးတော်အနန္တနှင့်ပြည့်စုံတဲ့ ထိုဘုရားနဲ့ သူဖန်ဆင်းထားတဲ့ ဖန်ဆင်းခံလူသားတို့အကြား ရင်းနှီးကျွမ်းဝင်မှု တခုအပေါ်အခြေခံပြီးမှ “အတူရှိတော်မူခြင်း” အကြောင်းအား ဖော်ပြလိုခြင်းဖြစ်ပါတယ်။
သမ္မာကျမ်းစာရဲ့ အစပိုင်း “ဖန်ဆင်းခြင်း” အကြောင်းအရာဟာ အခြားသောအရာများအား ဖန်ဆင်းခြင်းထက် ဘုရားသခင်က မိမိ၏သဏ္ဍာန်တော်နဲ့တူညီစွာ ဖန်ဆင်းသော “လူသား” ရဲ့ အကြောင်းကို အလေးပေး ဖော်ပြထားတာကိုတွေ့ရပါတယ်။ ဖန်ဆင်းအပ်သော အခြားအရာအားလုံးကို အဆင်သင့် ဖန်ဆင်းပြီးမှသာ “လူသား”အား ဖန်ဆင်းတော်မူ ခဲ့တာမို့လို့ လူသားကို အခြားသောဖန်ဆင်းခံအရာများထက် တန်ဖိုးထားခြင်းကို ကျွန်တော်တို့ တွေ့ရပါတယ်။ ထိုမျှမက ဖန်ဆင်းရှင်ဟာ ကိုယ်တော်ရဲ့လွတ်လပ်တဲ့ စိတ်သဘောတော်အတိုင်း အရာခပ်သိမ်းကို ဖန်ဆင်းတော်မူခဲ့သလို ၎င်းကဲ့သို့ သဏ္ဍာန်တူတဲ့ လွတ်လပ်စွာရွေးချယ် ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ စိတ်နဲ့ လူသားကို ဖန်ဆင်းခဲ့ကြောင်းကို တွေ့ရပါ တယ်။ ထိုသို့ဖန်ဆင်းတော်မူခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကိုယ်တော်တိုင်ဟာ အဖြစ်တော် တခုတည်းရှိတဲ့ ပုဂ္ဂိုလ်သုံးပါးရဲ့ ပြီးပြည့်စုံတဲ့ မိဿဟာယနဲ့ ပြည့်နေတဲ့ ချစ်ခြင်းမေတ္တာကို မိမိရဲ့ သဏ္ဍာန် နဲ့အညီဖန်ဆင်းထားတဲ့ လူသားကို ခံစားစေချင်လို့ပဲ ဖြစ်ပါတယ်။ အပြန်အလှန် မိတ်သဟာယဖွဲ့ခြင်းအားဖြင့် စုံလင်သော ဘုရားရဲ့ ချစ်ခြင်းမေတ္တာတော်ကိုဤကမ္ဘာမြေပေါ်မှာ ဖော်ဆောင်ရန်အလို့ငှာ ပြုတော်မူခဲ့ခြင်းဖြစ် ပါတယ်။ ဒါကြောင့် ပထမဦးဆုံး လူသား နှစ်ဦးဖြစ်တဲ့ အာဒံနှင့် ဧဝတို့ဟာ ထာဝရဘုရားရဲ့ အတူရှိ တော်မူခြင်း “မျက်မှောက်တော်” ကို ပထမဦးဆုံး ခံစားရတဲ့သူတွေဖြစ်ပါတယ်။
ကျွန်တော်တို့ တခု သိထားသင့်တာက ထာဝရဘုရားရဲ့ မျက်မှောက်တော်ရှိသည့်အခါတိုင်းမှာ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်ဟာလည်း အတူတွဲလျက်ရှိနေတယ်ဆိုတာပါပဲ။ ဒီအချက်ဟာ အရေးကြီးပါတယ်။ လွတ်လပ်တဲ့စိတ်ရှိတဲ့ ဖန်ဆင်းခံလူသားဟာ လွတ်လပ်တဲ့စိတ်ရှိတဲ့ ဘုရားလို ပြီးပြည့်စုံခြင်းမရှိသေးပါဘူး။ ဘာလို့လဲဆိုရင် ဖန်ဆင်းခံလူသားသာ မိမိရဲ့လွတ် လပ်တဲ့စိတ်ဆန္ဒနဲ့ ဖန်ဆင်းရှင်ကို (တနည်း) ဖန်ဆင်းရှင်ရဲ့ စကားတော်ကို နာခံ ဝန်ခံ နိုင်တဲ့ စွမ်းရည်ရှိသလို တချိန်တည်းမှာ ငြင်းဆန်ပြီး၊ ဆန့်ကျင်ဖက်ပြုနိုင်တဲ့ စွမ်းရည်လည်း ရှိနေလို့ပဲဖြစ်ပါတယ်။ ထိုအချက်ကြောင့် ဖန်ဆင်းရှင်ထာဝရဘုရားဟာ ကိုယ်ပိုင်စိတ်၊ ဆုံးဖြတ်ချက်မရှိတဲ့ သံပတ်ပေးထားတဲ့ အရုပ်တခုကဲ့သို့ “လူသား”ကို ဖန်ဆင်းထားခြင်း မဟုတ်ဘဲ လွတ်လပ်တဲ့ စိတ်သဘောကနေ ပေါက်ဖွားလာတဲ့ ချစ်ခြင်းမေတ္တာ ရင်းနှီးကျွမ်းဝင်မှု အစစ်ကိုသာ လူသားဆီက မျှော်လင့်နေတယ်ဆိုတာ ကျွန်တော်တို့ တွေ့ရပါ တယ်။ ဖန်ဆင်းရှင်ဟာ ဒီအချက်အပေါ်မှာ “ဆုံးရှုံးနိုင်ခြေ” RISK ကို ယူခဲ့ရပါတယ်။ လူသားကိုလည်း မိမိရဲ့ လွတ်လပ်တဲ့ ရွေးချယ်မှုကို လုပ်ဆောင်နိုင်ဖို့အတွက် နှုတ်ကပတ် တော်အားဖြင့်ဖော်ပြလျက် ရွေးချယ်စေခဲ့ပါတယ်။ လူ အာဒံအဖို့ ကိုယ်တော်၏မျက်မှောက်တော်နှင့်အတူ ရှိခဲ့သော နှုတ်ကပတ်တော်ကတော့ “သင်ဟာ ဥယျာဉ်အတွင်း၌ ရှိသမျှသောအသီးတို့ကို စားခွင့်ရှိတယ်၊ ဒါပေမယ့် “ကောင်း မကောင်း သိကျွမ်းရာ အပင်၏ အသီးကို မစားနှင့်” ဟူ၍ဖြစ်ပါတယ်။ စားသောနေ့မှာ ဧကန် အမှန်သေရမည် ဆိုတဲ့ အကျိုးဆက်ကိုပါ ပြောထားခဲ့ပါတယ်။ ဒါပေမယ့် အာဒံနဲ့ ဧဝတို့ဟာ ရန်သူ၏ လှည့်စားမှုမှတဆင့် မိမိ၏ လွတ်လပ်သောစိတ်နဲ့ ဘုရားရဲ့ နှုတ်ကပတ်တော်ကို ငြင်းဆန်ခဲ့ကာ ပညတ်ထားတဲ့ အသီးကို စားခဲ့ပါတယ်။
လူ လင်မယားနှစ်ယောက်ဟာ ဘုရားရဲ့ ပညတ်ကို မချိုးဖောက်ခင်အထိ မိမိတို့ရဲ့ ဖန်ဆင်းရှင်နဲ့ အတူ (တနည်း) ကိုယ်တော်ရှင်ရဲ့ မျက်မှောက်တော်မှာ မိတ်သဟာယဖွဲ့ပြီး ချစ်ခြင်းမေတ္တာ ကို ခံစားနေခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ ပညတ်ချက်ကို ချိုးဖောက်ပြီးတဲ့နောက် (တနည်း) အပြစ်လုပ်ခဲ့ပြီးနောက်မှာ ဘာတွေဖြစ်သွားကြသလဲ? ကြည့်ရအောင်။
သူတို့ဟာ ဘုရားရဲ့ မျက်မှောက်တော်ကို ဆုံးရှုံးလိုက်ရပါသလား? အပြစ်ကို ရွံမုန်းတဲ့ ဘုရားက အပြစ်လုပ်တဲ့ သူတို့နှစ်ယောက်ကို စွန့်ခွာခဲ့ပါသလား? အဲလိုမဟုတ်ပါဘူး၊ ဘုရားရဲ့မျက်မှောက်တော်ဟာ ရှောင်ပြေးပုန်းကွယ်ဖို့ ကြိုးစားနေတဲ့ အပြစ်သားဆီကို ရောက်လာခဲ့ပါတယ်။
ကြောက်ရွံ့ဖွယ်သော မျက်မှောက်တော် (Fearful Presence)
ထာဝရအရှင်ဘုရားသခင်ကလည်း၊ သင်သည် အဘယ်မှာရှိသနည်းဟု၊ လူကိုခေါ်တော်မူ၏။ (ကမ္ဘာဦး ၃ : ၉)
လူကလည်း၊ ဥယျာဉ်၌ ကိုယ်တော်၏အသံကို ကျွန်တော်ကြားလျှင်၊ အဝတ်အချည်းစည်းရှိသောကြောင့်၊ ကြောက်၍ ပုန်းလျက်နေပါသည်ဟု လျှောက်လေ၏ (ကမ္ဘာဦး ၃ : ၁၀)
ဒီနေရာမှာ ပြောင်းလဲသွားတာတခုက အပြစ်တရားဟာ လူသားကို ဘုရားမျက်မှောက်တော် ထဲမှာ ကြောက်ရွံ့တဲ့စိတ်ကို ယူဆောင်လာတာပဲဖြစ်ပါတယ်။ ယခင် အပြစ်မပြုခင်က မျက်မှောက်တော်မှာ ခံစားခဲ့ရတဲ့ ချစ်ခြင်းမေတ္တာ၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း မိဿဟာယ တွေအားလုံးနေရာမှာ ရှက်ကြောက်ခြင်း၊ မစုံလင်ခြင်း၊ စီရင်ခြင်းတွေဟာ အစားထိုးဝင်ရောက်လာခဲ့ပါတယ်။ ဒါကြောင့် အာဒံနဲ့ ဧဝ အပြစ်လွန်ကျူးပြီးနောက် ခံစားခဲ့ ရတဲ့ ဘုရားရဲ့ မျက်မှောက်တော်ဟာ အမျက်တော်နဲ့ ပြည့်ဝနေတဲ့ အပြစ်စီရင်ခြင်းကိုသာ ကြောက်ရွံ့စွာမျှော်လင့်ရတဲ့ မျက်မှောက်တော်ပဲဖြစ်ပါတယ်။ သခင်ခရစ်တော်ယေရှုဘုရား ရဲ့ ကယ်တင်ခြင်းအမှုတော်မြတ် မပြီးဆုံးခင်အထိ ထာဝရဘုရားရဲ့မျက်မှောက်တော်ဟာ လူသားတွေအတွက် စိုးရိမ်ထိတ်လန့်စရာ၊ ကြောက်လန့်စရာ စီရင်ခြင်းတွေသာ ပြည့်နှက် နေခဲ့ပါတယ်။ ကိုယ်တော် သီးသန့်ရွေးကောက်တဲ့ သူတွေတောင်မှ မျက်မှောက်တော် ရောက်တဲ့အခါ လွန်စွာမှကြောက်ရွံ့တုန်လှုပ်ကြရတယ်ဆိုတာ တွေ့ရပါတယ်။ ဘာကြောင့် အဲလိုဖြစ်ရလဲ ဆိုတာကတော့ လူသားဟာ မိမိရဲ့အပြစ်အတွက် ထိုက်တန်တဲ့ အဖိုးအခ မပေးမချင်း သန့်ရှင်းတဲ့ဘုရားရဲ့ ဖြောင့်မတ်ခြင်းဟာ အပြစ်သား လူသားကို ကိုယ်တော်ရဲ့ မျက်မှောက်တော်ထဲမှာ ဘယ်နည်းနဲ့မှ မျက်နှာသာမပေးဘဲ အမျက်တော်ကိုသာ ပေးနေမှာ ကြောင့်ပဲဖြစ်ပါတယ်။ ဒီလို ပျက်စီးသွားတဲ့ ဖန်ဆင်းရှင်ဘုရားနဲ့ လူသားကြားက မိဿဟာယ တခုကို လူသားဘက်ကနေ ဘယ်နည်းနဲ့မှ ပြန်လည် မတည်ဆောက်နိုင်ပါဘူး။ လူသားဟာ ဒုစရိုက်အပြစ်၌ သေလျက်ရှိနေတာကြောင့် သန့်ရှင်းသော ဘုရားရဲ့ စိတ်တော်နဲ့တွေ့ဖို့ အတွက် သူ့မှာ လုပ်နိုင်မယ့် နည်းလမ်း တခုမျှ မရှိခဲ့ပါဘူး။
စီရင်သော မျက်မှောက်တော် (Condemning Presence)
သို့သော်လည်း ကရုဏာတော်နှင့် ကြွယ်ဝတော်မူသော ဘုရားသခင်သည် ငါတို့ကို ချစ်တော်မူသော မဟာမေတ္တာတော်အားဖြင့်၊- ဒုစရိုက်အပြစ်၌သေလျက်ရှိနေသော ငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူပြီ။ ဧဖက် ၂ : ၄ – ၅
တဖက်သတ် ပြုတော်မူတဲ့ကျေးဇူးတော်အားဖြင့် ဘုရားဟာ သူ့ရဲ့ မျက်မှောက်တော်က နေ ပျောက်သွားတဲ့ သူဆီကို ကိုယ်တိုင်ရောက်လာခဲ့ပါတယ်။
ထိုမှတစ်ပါး လူသားသည် ပျောက်သောသူတို့ကို ကယ်တင်အံ့သောငှာ ကြွလာသတည်း။ အဘယ်သို့ ထင်ကြသနည်း။ သိုးတစ်ရာရှိသောသူ၌ သိုးတစ်ကောင်သည် လမ်းလွဲ၍ပျောက်လျှင်၊ ထိုသူသည် ကိုးဆယ်ကိုးကောင်သော သိုးတို့ကို တောင်ပေါ်မှာထားခဲ့ပြီးမှ၊ လမ်းလွဲ၍ပျောက်သော သိုးတစ်ကောင်ကို သွား၍ရှာတတ်သည် မဟုတ်လော။- မဿဲ ၁၈ : ၁၁ – ၁၂
လူသားရဲ့အပြစ်ကြောင့် အမျက်တော်နဲ့ ပြည့်နေတဲ့ မျက်မှောက်တော်ကို ခွင့်လွှတ်ခြင်း၊ သနားခြင်းကရုဏာ မျက်မှောက်တော်အဖြစ် ပြောင်းလဲဖို့အတွက်ဟာ လွယ်ကူတဲ့ကိစ္စ တခုတော့မဟုတ်ခဲ့ပါဘူး။ ဒီအတွက် အဖိုးအခဟာ အပြစ်နဲ့ကင်းစင်တဲ့ တပါးတည်းသော သားတော် သခင်ယေရှုဘုရားရဲ့ အသွေးတော် လိုအပ်ခဲ့ပါတယ်။
ထိုကြောင့်၊ ခရစ်တော်သည် ဤလောကသို့ ကြွလာသောအခါ၊ အို ဘုရားသခင်၊ ကိုယ်တော်သည် ယဇ်နှင့် ပူဇော်သကာကို အလိုတော်မရှိသည်ဖြစ်၍၊ အကျွန်ုပ်အဖို့ ကိုယ်ခန္ဓာကို ပြင်ဆင်တော်မူပြီ။- မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာ ယဇ်များကို အားရနှစ်သက်တော်မမူသောအခါ၊ ကျမ်းစာလိပ်၌ အကျွန်ုပ်ကို အမှတ်ပြု၍ ရေးထားသည်နှင့်အညီ၊- အကျွန်ုပ်သည် ကိုယ်တော်၏အလိုကို ဆောင်အံ့သောငှာ သွားပါမည်ဟု အကျွန်ုပ်ဝန်ခံပါသည်ဟု လျှောက်ဆို၏။ ဟေဗြဲ ၁၀ : ၅ – ၇
ကျွန်တော်တို့ရဲ့ လူသား အဖ ပထမ အာဒံဟာ မိမိရဲ့ အပြစ်ကြောင့် စီရင်ခြင်းကို ကြောက်ပြီး မျက်မှောက်တော်ကနေ ထွက်ပြေးပုန်းရှောင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ကယ်တင်ရှင် ၊ ဒုတိယနဲ့ နောက်ဆုံး အာဒံ ဖြစ်တဲ့ သခင်ယေရှုဘုရားကတော့ လူသားတွေရဲ့ အပြစ်အတွက် ခမည်းတော်ထာဝရဘုရားရဲ့ စီရင်ခြင်းကို ကားတိုင်ပေါ်မှာ ကိုယ်စားဝင်ခံကာ အပြစ်ရဲ့ အဖိုး အခအဖြစ် အသွေးတော် သွန်းလောင်းကာ သက်တော်စွန့်ခဲ့ပါတယ်။ သခင်ယေရှုဘုရားဟာ ကျွန်တော်တို့အတွက် ခမည်းတော်ဘုရားရဲ့ စီရင်ခြင်းမျက်မှောက်တော်မှာ မိမိရဲ့ အသက်ကို လိုလိုလားလား ပေးအပ်ခဲ့ပါတယ်။
ခွင့်လွှတ်ခြင်း မျက်မှောက်တော် (Forgiving Presence)
ထိုကြောင့် ညီအစ်ကိုတို့၊ ယေရှု၏ ကိုယ်ခန္ဓာတော်တည်းဟူသော ကုလားကာအားဖြင့် ထိုသခင် ပြင်ဆင်တော်မူသော အသက်လမ်းသစ်တွင်၊- ငါတို့သည် သန့်ရှင်းရာဌာနထဲသို့၊ အသွေးတော်ကို အမှီပြု၍ အဆီးအတားမရှိ၊ ဝင်ရသောအခွင့် ရှိသဖြင့်လည်းကောင်း၊ ဘုရားသခင်၏အိမ်တော်ကို အုပ်စိုးသော ယဇ်ပုရောဟိတ်မင်း ရှိသဖြင့်လည်းကောင်း၊- ငါတို့သည် သစ္စာနှင့်ပြည့်စုံသော သဘောရှိ၍၊ ဝိစိကိစ္ဆာနှင့်ကင်းသော ယုံကြည်ခြင်း၌ တည်လျက်၊ စိတ်နှလုံးကို သံဝေဂတရားနှင့် လွတ်အောင် ဖျန်းခြင်း၊ ကိုယ်ကာယကိုလည်း ကြည်သောရေဖြင့် ဆေးကြောခြင်းရှိပြီးမှ၊ အထံတော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့။
ဟေဗြဲ ၁၀ : ၁၉ -၂၂
အပြစ်မှ ခွင့်လွှတ်ခံရခြင်း ရဲ့တန်ဖိုးဟာ ဘာလဲ လို့ မေးရင် ခရစ်တော်ယေရှုဘုရားရဲ့ အသွေးတော်ကိုပဲ ညွှန်ပြရမှာဖြစ်ပါတယ်။ ထိုမျှလောက် တန်ဖိုးကြီးပါတယ်။
လက်ဝါးကပ်တိုင်မှာ သွန်းသော အသွေးတော်အားဖြင့် ရန်ကိုငြိမ်းစေ၍၊ ကောင်းကင်အရာဖြစ်စေ၊ မြေကြီးအရာဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို သားတော်အားဖြင့် ဘုရားသခင်နှင့် မိတ်သဟာယ ဖွဲ့စေခြင်းငှာလည်းကောင်း အလိုရှိတော်မူ၏။ ကောလောသဲ ၁ : ၂၀
ထိုအသွေးတော်ဟာ အမျက်တော်နဲ့ ပြည့်နေတဲ့ မျက်မှောက်တော်ကို သနားဂရုဏာ အဖြစ် ပြောင်းလဲစေကာ လူသားနဲ့ ဘုရားအကြား ပြန်လည် မိတ်သဟာယ ဖွဲ့စေနိုင်ခဲ့ပါတယ်။
ဒါကြောင့်မို့လို့ သားတော်ယေရှုခရစ်အားဖြင့် အပြစ်ကနေရွေးနှုတ်ခံရပြီး ဖြောင့်မတ်ရာသို့ သွင်းခြင်းကို ခံရတဲ့ ယုံကြည်သူ သားသမီးတွေဟာ အချိန်တိုင်း ဘုရားရဲ့ သနားခြင်းဂရုဏာ နဲ့ ပြည့်နေတဲ့ မျက်မှောက်တော်ကို ခံစားရမှာဖြစ်ပါတယ်။ တချိန်တည်းမှာ ဘာကြောင့် သနားခြင်းဂရုဏာတော် နဲ့ လက်ခံခြင်းခံရသလဲ ဆိုတာကို ဆင်ခြင်တဲ့အခါ မှာ မိမိဟာ များစွာသော အပြစ်တို့နဲ့ လွတ်ခဲ့ကြောင်းကို ပြန်လည်အောက်မေ့ပြီး အပြစ်လွှတ်ပေး တဲ့ အရှင်ကို သာ၍ ချစ်ကာ ကိုယ်တော့်စကားကို နားထောင် အသက်ရှင်ဖို့ ဖြစ်ပါတယ်။
တချိန်က အာဒံနဲ့ဧဝတို့ နှစ်ဦးဟာ မိမိတို့ရဲ့ နားမထောင်မှုကြောင့် “မျက်မှောက်တော်” ကနေ ပြေးထွက် ပုန်းရှောင်နေခဲ့ရသလိုမျိုး အခုကျွန်တော်တို့ ယုံကြည်သူ ခရစ်ယာန်တွေဟာ ပုန်းရှောင်စရာ မလိုတော့ပါဘူး။ ဒါပေမယ့် ဘာကြောင့် မလိုတော့ သလဲ ဆိုတာကိုတော့ သေချာနားလည်ဖို့ လို ပါလိမ့်မယ်။
ယနေ့ခေတ်မှာ ဘုရားမျက်မှောက်တော်လို့ ဆိုတာနဲ့ ကျွန်တော်တို့စိတ်ထဲ ပြေးမြင်မိတတ်တာက ဝတ်ပြုကိုးကွယ်မှုဦးဆောင်တဲ့သူတွေ၊ ဂီတပညာရှင်တွေ မျက်စိမှိတ်၊ ခေါင်းမော့ လက်မြှောက်ပြီး သီချင်းဆို၊ ဘုရားကို အာရုံပြုနေတဲ့ ပုံစံမျိုးပဲဖြစ်ပါတယ်။ အဲလိုအချိန်မှာ လူတယောက်ဟာ ရာနှုန်းပြည့်နီးပါး ဘုရားအတူရှိခြင်းကို အာရုံစိုက်နေနိုင်မယ်ဆိုတာ မငြင်း လိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငွေကြေးချမ်းသာတဲ့အသင်းတော်တွေ ၊ ငွေကြေးအင်အား ၊အလှူ များများရတဲ့ အသင်းတော်တွေဟာ ဝတ်ပြုဖို့နေရာဆိုလည်း အဲယားကွန်းအပြည့်၊ စိတ်ကို လည်း အာရုံပြုလို့ကောင်းအောင် ရှေ့ကဦးဆောင်ပေးတဲ့သူ၊ သံစဉ်အလိုက် ဂီတတီးခတ် ပေးတဲ့သူ၊ ကျမ်းပိုဒ်လေးတွေနဲ့ ဆုတောင်းပေးတဲ့သူ စသဖြင့် အဖက်ဖက်ကနေမှ ဝတ်ပြု ကိုးကွယ်လို့ ကောင်းအောင် ဖန်တီးထားတဲ့အခြေအနေ မို့လို့ပဲဖြစ်ပါတယ်။ ဒီလိုအခြေအနေ မှာ ဘုရားရဲ့မျက်မှောက်တော် ကို ခံစားရပြီး ဝမ်းမြောက်တယ် ဆိုတာကို မှားတယ်လို မဆိုလိုပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ခံစားဖူးပါတယ်။ ဒါပေမယ့် ဝတ်ပြုခြင်းအစီအစဉ်ပြီးလို့ ကိုယ့် အစီအစဉ်နဲ့ကိုယ် ဆက်သွားတဲ့ အခါမှာတော့ ပုံစံတမျိုးဖြစ်သွားတတ်ပါတယ်။ ကျွန်တော်ဟာ အထက်ကပြောသလိုမျိုး ဝမ်းမြောက်ပြီး အလွန်ပဲခွန်အားရတဲ့ အခန်းထဲကမျက်မှောက် တော်ဟာ နာရီပိုင်းလောက်ပဲ ဖြစ်ပါတယ်။ ပြီးတဲ့အခါမှာတော့ ကျန်တဲ့အချိန်တွေ၊ အခြားသူ တွေနဲ့ တွေ့တဲ့အခါ ပြောဆိုဆက်ဆံတဲ့အခါ၊ တယောက်တည်း အပြစ်သွေးဆောင်ခြင်းတွေ ကြုံရတဲ့အခါမှာတော့ ခုနပြောခဲ့တဲ့ “မျက်မှောက်တော်” ဆိုတာကို ကျွန်တော် မျက်စိမှောက်သွားခဲ့ပါပြီ။ အပြစ်ကို အသွေးအသားဆန္ဒပါလျက်လုပ်မိတဲ့အခါ မှာ “မျက်မှောက်တော်” က ဘာပြောသလဲ ဆိုတာကို မကြားချင်တော့ပါဘူး။ ဝတ်ပြုကိုးကွယ် နေတုန်းကတော့ “ကိုယ်တော်သာကျွန်ုပ်အလိုအပ်ဆုံးပါ” လို့ ညည်းရင်း မျက်ရည်ကျနေခဲ့တဲ့ ကျွန်တော်က အခု “ဒီဟာလေးတော့ မရှောင်နိုင်လို့ တခါတော့ လုပ်လိုက်မယ်” နော် ဆိုပြီး ဧသောလို သားဦးအရာကို ပဲဟင်းတခွက်နဲ့ လဲစားခဲ့တဲ့ အကြိမ်ပေါင်းလည်း မနည်းတော့ ပါဘူး။
ဒီနေရာမှာအဓိကပြောချင်တာက ဘုရားရဲ့ မျက်မှောက်တော်ဟာ လူရဲ့ စိတ်ခံစားချက် တခုကိုပဲ သာယာစေတာမျိုး လုံးဝမဟုတ်ပါဘူး။ ကိုယ်တော်နဲ့အတူရှိခြင်းဟာ မိမိရဲ့ မစုံလင် ခြင်း၊ အားနည်းခြင်းတွေ၊ အပြစ် ဒုစရိုက်တွေအတွက် ကြေကွဲဝမ်းနည်းစေမှာဖြစ်သလို ထိုအရာတွေအတွက် ဝမ်းနည်း နှိမ့်ချတဲ့ စိတ်နှလုံးနဲ့ သခင်ထံ ပြန်လည်တိုးဝင်ဖို့ဖြစ်ပါတယ်။ ယုံကြည်သူတယောက်ဟာ အချိန်တိုင်းမျက်မှောက်တော်မှာ ဝမ်းမြောက်စွာ သီချင်းဆို ချီးမွမ်း နေနိုင်မှာ မဟုတ်ပါဘူး။ အပြစ်ရဲ့သွေးဆောင်ခြင်းကို လိုက်ပါမိလို့ မျက်မှောက်တော် မှာ မိမိအပြစ်အတွက် ဝမ်းနည်းပူဆွေး၊ နောင်တရတဲ့ အချိန်လည်းရှိမှာ ဖြစ်ပါတယ်။
သေချာတဲ့အချက်ကတော့ သခင့်ရဲ့ အသွေးတော်ဟာ ကျွန်တော်တို့အတွက် ထာဝရကုသိုလ် ကို သွတ်သွင်းပေးတော်မူခဲ့တာမို့လို့ ကျွန်တော်တို့ရရှိထားတဲ့ မျက်မှောက်တော်ဟာ ဘယ်နည်းနဲ့မှ ပျောက်ပျက်သွားစရာမရှိပါကြောင်း ခွန်အားပေးရင်း……………….
“ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏”
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ John Wick နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။