Skip to content

ဖြောင့်မတ်ခြင်းပါရမီတည်းဟူသော ရင်အုပ်တန်ဆာ

အမှောင်နိုင်ငံဖြိုခွင်းရန် ဘုရားသခင်၏လက်နက်စုံများထဲမှ ပထမအချက်ဖြစ်သည့် သစ္စာတည်းဟူသော ခါးပန်းအကြောင်းကို ရေးသားဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် သစ္စာတည်းဟူသော ခါးပန်း (The Belt of Truth)ကိုစည်းထားမှသာလျှင် တနည်းကား သစ္စာတော်ဖြစ်တော်မူသော ကျွန်ုပ်တို့၏ အရှင်သခင် ယေရှုခရစ်ကို ယုံကြည်ကိုးစားမှသာလျှင် မည်သို့သောအခြေ‌အနေ၊ အခက်အခဲများကို မဆို ကြံ့ကြံ့ခံနိုင်မှာ ဖြစ်ပြီး နောက်ထပ်လက်နက်စုံများကို သုံး၍ မာန်နတ်အား ဆီးတားတိုက်လှန်နိုင်မည်ဖြစ်ပါသည်။ ဆက်လက်၍ နောက်ထပ်လက်နက်စုံတခုဖြစ်သော ဖြောင့်မတ်ခြင်းပါရမီတည်းဟူသော ရင်အုပ်တန်ဆာ (The Breastplate of Righteousness) အကြောင်းကို ဆက်လက်ဖော်ပြချင်ပါသည်။

ဖြောင့်မတ်ခြင်းပါရမီတည်းဟူသော ရင်အုပ်တန်ဆာ

ရင်အုပ်တန်ဆာသည် မိမိ၏ကိုယ်ခန္ဓာရှိ အဆုတ်၊နှလုံးမှစသော ကိုယ်တွင်းအင်္ဂါများကို ကာကွယ်‌ပေးသည်။ ရန်သူ၏တိုက်ခိုက်မှု‌ကြောင့် ထိခိုက်မှုမရှိအောင်ကာကွယ်ပေးသောပစ္စည်းဖြစ်သည်။ ကျွန်ုပ်တို့အသက်ကို ရန်သူမှ အလွယ်တကူ မချွေယူနိုင်စေရန် ကာကွယ်ပေးနိုင်ပါသည်။ ရင်အုပ်တန်ဆာသည် စစ်သူရဲတို့ဖို့ အလွန်အရေးကြီးပြီး အလွန်အသုံးဝင်သော အကာအကွယ်ပစ္စည်းဖြစ်သကဲ့သို့ ဖြောင့်မတ်ခြင်းသည်လည်း ကျွန်ုပ်တို့ ယုံကြည်သူတို့အဖို့ အလွန်အရေးကြီးပါသည်။ ကျွန်ုပ်တို့နှလုံးထဲသို့ စာတန်ပေးသွင်းမည့် မာနထောင်းလွှားခြင်း၊ မနာလိုမုန်းတီးခြင်း၊ ဝန်တိုခြင်းစသည်တိုကို တားဆီးဖို့ရန်ဖြစ်သည်။ ကျွန်ုပ်တို့၌ ဘုရားပေးသွင်းသော မေတ္တာမပျောက်ဖို့ရန် ကာကွယ်ခြင်းလည်းဖြစ်သည်။ ဖြောင့်မတ်ခြင်းသည် အရေးကြီးလှပါသည်။ ကမ္ဘာပေါ်တွင် သစ္စာတရားကဲ့သို့ပင် နည်းပါးလာပေပြီ။ ဖြောင့်မတ်ခြင်းတို့ကြောင့် လူများစွာ ဒုက္ခများကြုံ‌တွေ့ခံစားရနိုင်ပါသည်။ ထို့ကြောင့် ပျက်စီးခြင်းသို့ဦးတည်စေသော “ဖြောင့်မတ်ခြင်းပျောက်ဆုံးမှု” သည် အန္တရာယ်များလှပေသည်။ ယုံကြည်သူ အယောက်စီတိုင်းလည်း ဖြောင့်မတ်ခြင်း မရှိပါက ဆုံးရှုံးခြင်းသို့ရောက်မည်ကို စိုးရိမ်စရာရှိပါသည်။ ထို့ကြောင့် ဖြောင့်မတ်ခြင်းမှ မရွေ့လျော့ရန် မိမိ၏နှလုံးသားကို သမ္မာတရားဖြင့်ပြည့်စေရပါမည်။ ဘုရားသခင်၏မေတ္တာတော်နှင့်ပြည့်စေဖို့ရန် အရေးကြီးပါသည်။ သို့မှသာ စာတန်မာရ်နတ်သည် ကျွန်ုပ်တို့ကိုကျရှုံးအောင်လုပ်နိင်မည် မဟုတ်တော့ချေ။ ဤသို့ဆိုသော် ကျွန်ုပ်တို့ အဘယ်ကဲ့သို့ ဖြောင့်မတ်ခြင်းပါရမီ ရယူနိုင်မည်နည်း။ စင်စစ် သစ္စာတရားတည်းဟူသော သခင်ယေရှုခရစ်တော် မရှိပါလျှင် ကျွန်ုပ်တို့ဘဝ၌ ဖြောင့်မတ်ခြင်းပါရမီလည်း မည်သို့မျှရှိနိုင်မည် မဟုတ်ချေ။ ကျွန်ုပ်တို့သည် ဖြောင့်မတ်ခြင်းပါရမီရှိဖို့အတွက် သခင်ယေရှုပေါ်တွင် လုံးဝဥုသုံမူတည်နေဖို့ရန် လိုအပ်ပါသည်။ ယေရှုရှင်မြတ်ကလည်း ဤသို့ မိန့်တော်မူထားခဲ့သည် မဟုတ်ပါလား။

“ဘုရားသခင် ၏ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ …”
‭‭ရှင်မဿဲ ခရစ်ဝင်။‬ ‭၆ :‭ ၃၃

“ငါသည် မှန်သောစပျစ်နွယ်ပင်ဖြစ်၏။ ငါ့ခမည်းတော်သည်လည်း ဥယျာဉ်စောင့်ဖြစ်တော်မူ၏။- ငါ၌တည်နေကြလော့။ ငါသည်လည်း သင်တို့၌တည်နေမည်။ စပျစ်ခက်သည် အပင်၌မတည်လျှင်၊ ကိုယ်အလိုအလျောက် အသီးမသီးနိုင်သကဲ့သို့၊ သင်တို့သည် ငါ၌မတည်လျှင် အသီးမသီးနိုင်ကြ။-”
‭‭ရှင်ယောဟန်ခရစ်ဝင်။‬ ‭၁၅ : ၁ – ၄

“လူပျိုသည် မိမိသွားသောလမ်းကို အဘယ်သို့ သန့်ရှင်းစေနိုင်ပါမည်နည်းဟူမူကား၊ နှုတ်ကပတ်တော်အတိုင်း သတိပြုရမည်။ အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ရှာပါ၏။ ပညတ်တော်လမ်းမှ လွဲစေတော်မမူပါနှင့်။ ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည်အကြောင်း၊ ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်သည် မင်္ဂလာရှိတော်မူ၏။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ။”
‭‭ဆာ လံ ကျမ်း။‬ ‭၁၁၉ ‬:‭ ၉ – ၁၂

အဖဘုရားသခင် ယေရှုရှင် သည် ကျွန်ုပ်တို့၏ သစ္စာတည်းဟူသော ခါးပန်း (The Belt of The Truth)၊ ဖြောင့်မတ်ခြင်းပါရမီရင်အုပ်တန်ဆာ (The Breastplate of Righteousness) ပင် ဖြစ်တော်မူကြောင်းကို ဤဆောင်းပါးအားဖြင့် တိုက်တွန်းခွန်အားပေးလိုပါသည်။ အာမင်။