ကြုံတွေ့ရသော အခက်အခဲများနှင့် နာကျင်မှုများကြောင့် ငြီးတွား ငိုကြွေးမြည်တမ်းကာ စိတ်ပျက်ကြသည့်အခိုက်အတန့်၊ ဘုရားသခင်ကို မသိဘူးလားဟု မေးငေါ့မိသည့်အချိန်၊ ဆုတောင်းနေလည်း အပိုပဲ၊ ဆုတောင်းခဲ့တာပဲ၊ ခက်ခဲနေတုန်းပဲ ဟုဆိုကာ အော်ဟစ်မိသည့်ကာလ၊ တော်ပါပြီဟု လက်လျှော့ကာ ပြောဆိုမိတတ်ကြဖူးပါသလား …
ခက်ခဲမှုနှင့်အတူ ထိုနာကျင်ငိုကြွေးမှုများ၏ ကြားထဲမှာပင်လျှင် ဘုရားသခင်အတူရှိကာ အဆင်မပြေခြင်းတွေကြားမှ ကျွန်ုပ်တို့၏ ငိုငြီးသံကို နားထောင်ပေးနေကာ အတူရှိနေသည်ဟုဆိုသော်လည်း “တော်ပါပြီ ဘုရားသခင်အတူရှိရင် ဘာလို့ ဒီလိုဖြစ်နေသလဲ၊ ဘာလို့ ဒီလိုကြုံရသလဲ” ဟုများ ဆိုမိနေသလား … သို့တည်းမဟုတ် ခက်ခဲလေ ဘုရားအားစကားပြောရမည့်အရေး ဆုတောင်းရမည့်အရေးထက် ခက်ခဲမှုများကြောင့် “တော်ပါပြီ ဆုတောင်းလည်း အပိုပဲ၊ ဆုတောင်းခဲ့တာပဲ ဆုတောင်းဖူးတာပဲ ဖြစ်မလာသေးဘူး ဖြစ်မလာတော့ဘူး၊ ဖြစ်မှ ဖြစ်မလာတာ” ဟုဆိုကာ ငြင်းဆိုဖူးပါသလား …
ထိုအခြေအနေတို့သည် နာကျင်လွန်းသဖြင့် ငိုကြွေးရလွန်းသဖြင့် ခက်ခဲလွန်းလှသဖြင့် ပေါ်ပေါက်လာတတ်သော အခြေအနေတစ်ခုလည်းဖြစ်ပါသည်။ မိတ်ဆွေရော ကျွန်တော်ရော တစ်ကြိမ်တစ်ခါလောက်တော့ ခံစားရနိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ထိုအခြေအနေများကြားထဲမှာပင်လျှင် ဘုရားသခင်အတူရှိနေသည်မှာတော့ သမ္မာတရား “အမှန်တရား” ဖြစ်သည်။ သို့သော်လည်း အခက်အခဲ၊ နာကျင်မှုများနှင့် မျက်ရည်စများ၏ ကာဆီးထားမှုကြောင့် ဘုရားသခင်၏ အတူရှိခြင်းကို မမြင်နိုင်လောက်အောင်ပင် ပိတ်စို့နေတတ်ပေသည်။ တရားသူကြီးမှတ်စာတွင် မြင်တွေ့ရသော ဂိဒေါင်၏ အခြေအနေသည်လည်း ထို့အတူပင် …
တရားသူကြီးမှတ်စာ ၆:၁၂
ထာဝရဘုရား၏ ကောင်းကင်တမန်သည် ကိုယ်ထင်ရှား၍၊ ခွန်အားကြီးသော အချင်းသူရဲ၊ ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူ၏ဟု ဆိုလျှင်၊
ကောင်းကင်တမန်မှ လာရောက်ပြောဆိုသော “ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူ၏” ဟုဆိုခြင်းကိုပင်လျှင် မေးခွန်းများစွာနှင့် မျက်ရည်စများက ပိတ်စို့ကာ မယုံကြည်နိုင်ခြင်းသည် ဂိဒေါင်၏ အခြေအနေပင်ဖြစ်ပေဦးလိမ့်မည်။
ဂိဒေါင်၏ ပထမမေးခွန်းဖြစ်သော “ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်အတူ ရှိတော်မူသည်မှန်လျှင် အဘယ်ကြောင့် ဤအမှုကြီး ရောက်ရပါသနည်း” ဟူသည့် မေးခွန်းကဲ့သို့သော မေးခွန်းများစွာကို ကျွန်တော်တို့သည်လည်း မေးခဲ့ဖူးကြပေလိမ့်မည်။ “ဘုရားသခင်အတူရှိတယ်ဆိုရင် ငါဘာလို့ ဒီလိုဖြစ်ရသလဲ၊ ဘာလို့ဒါကို ကြုံတွေ့ရသလဲ၊ ဘာလို့ ငါ့မှလာခက်ခဲနေသလဲ၊ ဘာလို့ ဒီလိုမဖြစ်ရတာလဲ”
ထို့အတူ ဒုတိယမေးခွန်းသည် “အံ့ဖွယ်သော အမှုရှိသမျှတို့သည် အဘယ်မှာ ရှိပါသနည်း” ဖြစ်သကဲ့သို့ ကျွန်ုပ်တို့လည်း “ဘုရားသခင်ရဲ့လက်တော် ဘယ်မှာလဲ၊ ဒီအဖြစ်အပျက်တွေကြားထဲက ဘယ်တော့မှ ကယ်လွှတ်မှာလဲ” စသဖြင့် အသီးသီးမေးဖူးကြဦးလိမ့်မည်။
ဂိဒေါင်၏စကားသည် ထိုနေရာမှာတွင် မရပ်တန့်ခဲ့။ “ယခုမှာ ထာဝရဘုရားသည် အကျွန်ုပ်တို့ကိုစွန့်၍ မိဒျန်လူတို့လက်သို့ အပ်တော်မူပြီတကား” ဟုပင်ဆက်၍ ဆိုခဲ့လေသည်။ ကျွန်ုပ်တို့သည်လည်း ထိုနည်း၎င်းပင် ပြောဆိုခဲ့ဖူးလိမ့်မည်။ “ဘုရားသခင် ဒီထဲက မကယ်တင်တော့ဘူးလား၊ ဒီတောထဲမှာ လဲကျစေခဲ့ပြီလား၊ အခက်အခဲပြဿနာတွေ မကြိုက်မနှစ်သက်သူတွေ မတရားမှုတွေကြားထဲမှာ ငါတို့ကို သူတို့လက်ကို အပ်လိုက်ပြီလား” စသဖြင့် ပြောဖူးလျှင်ပြောဖူးလိမ့်မည်။
တခါတရံတွင် ကျွန်ုပ်တို့ကြုံတွေ့ရသော နာကျင်မှု၊ ခက်ခဲမှု၊ ငိုကြွေးရခြင်းများသည် ဘုရားသခင်ကိုပင် မမြင်နိုင်လောက်အောင် သို့တည်းမဟုတ် ဘုရားသခင်အတူရှိကြောင်းကိုပင် သတိမရလောက်အောင်ပင် ဖုံးလွှမ်းပိတ်စို့နေတတ်ပေသည်။ ထို့ကြောင့် မည်သို့ပင် ဘုရားသခင်အတူရှိကြောင်းကို ကြားသိရပါစေ ဂိဒေါင်ကဲ့သို့သော မေးခွန်းများစွာတို့သည် လူ့သဘာဝအလျောက်ထွက်ပေါ်လာတတ်ကြသည်။ သို့သော်လည်း ထိုအရာများ၏ ကြားထဲမှာပင်လျှင် ဂိဒေါင်နှင့်အတူရှိသော ဘုရားသခင်သည် သင်နှင့်လည်း အတူရှိသကဲ့သို့ ကျွန်ုပ်နှင့်လည်း အတူရှိသည်မှာတော့ သမ္မာတရား “အမှန်တရား” ပင် …
ထို့ကြောင့် မည်သို့ပင်ဖြစ်စေကာမူ ဘုရားသခင်အတူရှိခြင်းနှင့် မိမိ၏ စိတ်ပျက်နေရသည့် မေးခွန်းများအကြား လွန်ဆွဲနေရလျှင် မိမိ၏ တွေးတောမှုများအား ခဏတာ ရပ်တန့်ကာ ဂိဒေါင်၏ အခြေအနေနှင့် မိမိ၏ အခြေအနေအား ဆင်ခြင်ကြည့်ပါ။ မိမိနှင့် အတူဘုရားသခင်အတူရှိခဲ့ကြောင်းများစွာကိုလည်း ဆက်လက်၍ ဆင်ခြင်ပါ။ ထို့အတူ ဘုရားသခင်သည် မိတ်ဆွေအား အဘယ်မျှလောက်ချစ်တော်မူကြောင်းသည် လက်ဝါးကားတိုင်တော်တရားသည် သက်သေဖြစ်သည်ဟု ဆင်ခြင်ကာ ဘုရားသခင်သည် ကျွန်ုပ်တို့အား ကယ်တင်တော်မူခဲ့တယ်၊ ကယ်တင်တော်မူနေတယ်၊ ကယ်တင်တော်မူဦးမယ် ဆိုသည်ကို နှလုံးသွင်းဆင်ခြင်ကာ လွန်ဆွဲနေရခြင်းများအား အနိုင်ယူကြပါစို့။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။