ကျွန်ုပ်တို့ယုံကြည်သူခရစ်ယာန်များနှင့်လောကီသားတို့နှင့်မတူတော့ချေ။ ကွန်ုပ်တို့အသက်တာသည်ပြောင်းလဲ၍ ကျွန်ုပ်တို့၏ရပ်တည်မှုလည်း ပြောင်းလဲသွားပါသည်။ ယခင်က လောကသားများနည်းတူဖြစ်သော်လည်း ယေရှုခရစ်ကိုယ်တော်မြတ်အား မိမိဘဝ၊အသက်တာ၏ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံလိုက်သည်နှင့် စာတန်မာရ်နတ်၏ရန်သူဖြစ်သွားပါသည်။ အကြောင်းမှာ ယခင်ကကျွန်ုပ်တို့သည်စာတန်၏လှည့်ဖြားမှု၌ ကျရှုံးနေသောလူသားများ၊ ဖန်ဆင်းရှင်ဘုရားသခင်ကိုယ်တော်မြတ်နှင့် ဝေးကွာနေသောသူများအဖြစ်မှ ဘုရားသခင်ကိုယ်တော်မြတ်ပြင်ဆင်သော “ဘုရားနှင့်လူပြန်လည်သင့်မြတ်ခြင်း” တည်းဟူသော အရှင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်၏သား၊သမီးများအဖြစ်သို့ပြန်လည်ရောက်လာသောကြောင့်ဖြစ်သည်။
စာတန်မာရ်နတ်သည် ဘုရားသခင်ကိုယ်တော်မြတ်က တန်ဖိုးထားချစ်ခင်သော လူသားများကို အလွန်မုန်းတီးသည်ဖြစ်၍ လူသားတို့ဘဝပျက်စီးရန်၊ မအောင်မြင်ရန်၊ အဆုံး၌လည်း ကောင်းကင်နိုင်ငံတော်သို့ရောက်သော်လည်း ဤလောက၌ရှိစဉ်တွင် ကျရှုံးသောသူများဖြစ်ဖို့ရန် လုပ်ဆောင်မည် ဖြစ်သည်။ ဤသည်မှာ စာတန်သည် ဘုရားသခင်ကိုယ်တော်မြတ် ချစ်သောလူသားများအပေါ် မနာလိုခြင်းကြောင့်ဖြစ်သည်။ စာတန်သည်သူ၏ မာနထောင်လွှားမှုကြောင့် ဘုန်းစည်းစိမ်း၊ အာဏာနှင့်တကွ အသရေတင့်တယ်ခြင်းစသော အရာအားလုံးကို ဆုံးရှုံးခဲ့ရသည်။ သူသည် ဘုရားသခင်အား ပုန်ကန်၍ကိုယ်တော်မြတ်၏ ပလ္လင်တော်ကိုပင် လုယူခြင်းငှါလုပ်ဆောင်ခဲ့သည်။ သူ၏အပြစ်တို့ကြောင့်အရာအားလုံးကို ဆုံးရှုံးခဲ့ရပြီး၊ သူနှင့်သူ၏အပေါင်းအပါများတို့သည် အပ္ပာယ်ငရဲသို့ ကျရောက်ရကြမည်ဖြစ်သည်။
ထာဝရဘုရားသခင်၏ ဖန်ဆင်းစ ကမ္ဘာတွင် လူသားတို့သည် အခွင့်ထူးခံများဖြစ်သည်။ လောကကမ္ဘာကို အုပ်စိုးသောသူများဖြစ်ကြသည်။ ထို့ကြောင့်စာတန်၏ မနာလိုခြင်းနှင့်အတူ ပစ်မှတ်ထားတိုက်ခိုက်ခြင်းကိုခံခဲ့ရပါသည်။ အကြောင်းမှာ လူသားများကို ထာဝရဘုရားကိုယ်တော်မြတ်နှင့် အတူမရှိနိုင်ရန်နှင့် သူနှင့်အတူ ငရဲသို့ကျခံစေရန်ဖြစ်သည်။ စာတန်သည် အလွန်ယုတ်မာ၊ ဆိုးယုတ်သောသူ၊ အလွန်ရွံရှာဖွယ်ကောင်းသောသူဖြစ်ပါသည်။ သူသည် ခြင်္သေ့ကဲ့သို့ ကျွန်ုပ်တို့အား ကိုက်သတ်၊ ဝါးမြိုဖို့ရန် ချောင်မြောင်းလျက်ရှိပါသည်။ သူ၏ပစ်မှတ်များမှာ လောကီလူသားများထက် အရှင်ယေရှုခရစ်ကို ယုံကြည်လက်ခံသောသူများနှင့် အရှင်ယေရှု၏အစေခံ သာသနာ့ဝန်ထမ်းများ ဖြစ်သည်။
ထို့ကြောင့်အထက်က ဖော်ပြခဲ့သည့်အတိုင်း ယုံကြည်သူ ခရစ်ယာန် ဖြစ်လာသည်နှင့် ကျွန်ုပ်တို့သည် စာတန်မာရ်နတ်နှင့် တိုက်ပွဲဆင်နွှဲရပါတော့မည်။ ဤအရာမှာ လွှဲရှောင်၍ရသော အရာမဟုတ်ပေ။ ကျွန်ုပ်တို့အားလုံး ရင်ဆိုင်ကြရမည့်အရာဖြစ်ပါသည်။ ထို့ကြောင့် တိုက်ပွဲဝင်ရမည်ဆို၍ ကြောက်လန့်နေဖို့ရန် မလိုအပ်ချေ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ ကယ်တင်ရှင် ယေရှုခရစ်သည် ထိုစာတန်ကို လွန်ခဲ့သော နှစ်ပေါင်း (၂၀၀၀) ကျော်ကတည်းက အနိုင်ယူခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ယေရှုခရစ်၏ အောင်မြင်ခြင်းကို ဝန်ခံ၍ ရဲရင့်ခြင်းရှိကြရမည်ဖြစ်သည်။ ကျွန်ုပ်တို့အတွက် ဘုရားသခင်သည် တိုက်ပွဲ၌ အထိအခိုက်မရှိ အောင်မြင်နိုင်ရန်အတွက် အကာအကွယ် တိုက်ပွဲဝင် လက်နက်နှင့် ဝတ်စုံကိုလည်း ပြင်ဆင်ပေးထားပါသည်။ ထိုလက်နက်စုံ ကို အမြဲဝတ်ဆင်ခြင်းအားဖြင့် စာတန်နှင့် ရင်ဆိုင် တိုက်ခိုက်သည့်အခါ အမြဲ အောင်မြင်နိုင်ပါမည်။ ထို့ကြောင့် ကျွန်ုပ်တို့အဖို့ပြင်ဆင်ထားသော လက်နက်စုံကို ဝတ်ဆင်၍ ရဲရင့်စွာဖြင့် စာတန်အား တိုက်ခိုက် အနိုင်ယူကြပါစို့။
ထို “အမှောင်ကမ္ဘာကို ဖြိုခွင်းရန် ဘုရားသခင်၏လက်နက်စုံ” ကို ထာဝရဘုရား၏ သမ္မာကျမ်းစာတော်မြတ်ရှိ ဧဖက်ဩဝါဒစာ အခန်း(၆)၊ အငယ်(၁၁-၂၀)တွင်ဖော်ပြထားပါသည်။
“မာရ်နတ်၏ ပရိယာယ်တို့ကို ဆီးတားနိုင်မည်အကြောင်း၊ ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆောင်ကြလော့။- အကြောင်းမူကား၊ ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့် ဆိုင်ပြိုင် တိုက်လှန်ရကြသည်မဟုတ်။ အထွဋ်အမြတ်တို့နှင့်လည်းကောင်း၊ အာဏာစက်တို့နှင့်လည်းကောင်း၊ လောကီမှောင်မိုက်၌ အစိုးတရပြုလုပ်သော မင်းတို့နှင့်လည်းကောင်း၊ မိုးကောင်းကင်၌နေသော နတ်ဆိုးတို့နှင့်လည်းကောင်း ဆိုင်ပြိုင်တိုက်လှန် ရကြ၏။- ထိုကြောင့်၊ ခဲယဉ်းဆိုးယုတ်သော နေ့ရက်ကာလ၌ ဆီးတားနိုင်သဖြင့်၊ ကိစ္စအလုံးစုံတို့ကို ပြီးစီး၍ ခံရပ်နိုင်မည်အကြောင်း၊ ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံကို ယူဆောင်ကြလော့။- သစ္စာတည်းဟူသော ခါးပန်းကိုစည်းလျက်၊ ဖြောင့်မတ်ခြင်း ပါရမီတည်းဟူသော ရင်အုပ်တန်ဆာကို ဝတ်ဆင်လျက်၊- ငြိမ်သက်ခြင်းနှင့်ယှဉ်သော ဧဝံဂလိတရားကို ဟောပြောအံ့သောငှာ ပြင်ဆင်သော အဖြစ်တည်းဟူသော ခြေစွပ်ကိုစွပ်လျက် ခံရပ်ကြလော့။- မာရ်နတ်ပစ်ခတ်သော မီးစက်လက်နက်ကို ကာသတ်နိုင်သော ယုံကြည်ခြင်းတည်းဟူသော လွှားကိုလည်း ခပ်သိမ်းသော လက်နက်တို့အပေါ်မှာ ထပ်ဆင့်၍ ယူဆောင်ကြလော့။- ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံးကိုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တည်းဟူသော ဝိညာဉ်တော်၏ ဓားကိုလည်းကောင်း ယူကြလော့။- ကာလအစဉ် စိတ်နှလုံးပါလျက် ဆုတောင်း ပတ္ထနာပြုခြင်းအမျိုးမျိုးတို့ဖြင့် ဆုတောင်းကြလော့။ ထိုသို့ ဆုတောင်းခြင်းငှာ အားမလျော့ဘဲလျက်၊ ငါမှစ၍ သန့်ရှင်းသူ အပေါင်းတို့အဖို့ ဆုတောင်းလျက် စောင့်ရှောက်ကြလော့။- ငါသည် ဧဝံဂေလိတရားကြောင့် သံကြိုးနှင့် ချည်နှောင်ခြင်းကိုခံလျက်၊ သံတမန်အမှုကို ပြုရသည်ဖြစ်၍၊ ထိုတရား၏ နက်နဲသောအရာကို ဖော်ပြခြင်းငှာ ငါသည်နှုတ်ကို ရဲရင့်စွာ ဖွင့်လှစ်ခြင်းအခွင့် ရှိမည်အကြောင်းကိုလည်းကောင်း၊ ထိုတရားကို ဟောပြောအပ်သည်နှင့်အညီ၊ ရဲရင့်စွာဟော ပြောမည်အကြောင်းကိုလည်းကောင်း၊ ငါ့အဖို့လည်း ဆုတောင်းကြလော့။”
ဧဖက် ဩ ဝါ ဒ စာ။ 6:11-20 ။
လက်နက်စုံကို ထိုခေတ်က စစ်သားတို့၏ ချပ်ဝတ်တန်ဆာတို့နှင့် နှိုင်းယှဉ်ဖော်ပြထားပါသည်။ ကျမ်းစာတော်မြတ်၌လည်း ကျွန်ုပ်တို့ ရင်ဆိုင်ရမည့် ရန်သူကို ဖော်ပြထားပါသည်။ ထိုသူသည် အထွဋ်အမြတ်၊ အာဏာစက်၊ လောကီမှောင်မိုက်ကို အစိုးရသောမင်း၊ မိုးဃ်ကောင်းကင်၌ နေသော စာတန်နှင့် နတ်ဆိုးတို့ဖြစ်ပါသည်။ ထိုသူတို့သည် တန်ခိုး၊ အစွမ်းသတ္တိရှိကြသည်။ သို့သော်လည်း ကျွန်ုပ်တို့ ကြောက်ရန် မလိုပါ။ ကျွန်ုပ်တို့ဘုရားသခင်ကိုယ်တော်မြတ် ပြင်ဆင်ပေးထားသော လက်နက်စုံကို ဝတ်ဆင်မည်ဆိုလျှင် ထိုသူတို့ကို စိုးရိမ်စရာ၊ ကြောက်ရွံ့နေစရာမလိုချေ။ လက်နက်စုံကို ပါဝင်အစိတ်အပိုင်းများဖြင့် အောက်တွင်ဖော်ပြပါမည်။
(၁) သစ္စာတည်းဟူသော ခါးပန်း (သို့) ခါးပတ်
ကျွန်ုပ်တို့လူသားတို့၌ သစ္စာတရားသည် အလွန်အရေးကြီးလှပြီး အလွန်တန်ခိုးကြီးသော အရာဖြစ်ပါသည်။ သစ္စာရှိသူသည် ချီးမြင့်မြောက်စားခြင်းကို ခံရတတ်သည်။ သစ္စာရှိသူကို ရှင်ဘုရင်မှအစ လူများနှစ်သက်ကြသည်။ သစ္စာရှိသူတို့ကို မိမိတို့၏တန်ဖိုးကြီးသော ပစ္စည်းဥစ္စာများအပ်နှံတတ်ကြသည်။ မိမိပိုင်ဆိုင်သမျှနှင့် သားသမီးတိုကိုပင် အပ်နှံ၍ စောင့်ရှောက်ခိုင်းကြောင်း သမိုင်း၊ ရာဇဝင်များတွင် သိရှိရပါသည်။ သစ္စာတရားသည် အလွန်တန်ဖိုးကြီး၊ အရေးကြီးလှသော်ငြားလည်း ယနေ့အချိန်တွင် သစ္စာတရားနှင့်ပြည့်စုံသောသူကို တွေ့ရှိနိုင်ရန် မလွယ်တော့ပေ။ သစ္စာတရားကိုတန်ဖိုးထားသူများ နည်းလာချေပြီ။ ချစ်သူရည်းစား၊ လင်မယားနှင့် မိသားစုတို့၊ သူဌေးနှင့် အလုပ်သမားတို့ကြား စသဖြင့် သစ္စာတရား ပပျောက်နေပေသည်။
သစ္စာသည် လောက၌ အရေးကြီးသကဲ့သို့ လောကကိုဖန်ဆင်းသော ထာဝရဘုရားသခင် ကိုယ်တော်မြတ် နှင့် မိတ်သဟာယဖွဲ့ရာတွင်လည်း အလွန်အရေးပါပါသည်။ စစ်သူရဲသည် မိမိခါး၌ ရန်သူကိုတိုက်ခိုက်ရာတွင် အသုံးပြုသည့် လက်နက်များအား ချိတ်ဆွဲ၍ ထိုလက်နက်များပြုတ်ထွက်ကျခြင်းမရှိစေရန် ခါးပတ်ကို မြဲစွာဝတ်သကဲ့သို့ ကျွန်ုပ်တို့သည် သစ္စာတရားတည်းဟူသော ကျွန်ုပ်တို့၏ ကယ်တင်ရှင် ယေရှုခရစ်တော်ဘုရားအား ယူတင်ဝတ်ဆင်ကြရမည်ဖြစ်သည်။ တမန်တော်ကြီး ရှင်ပေါလုကလည်း ဤအကြောင်းကို ရေးသားရာတွင်လည်း ဧဖက်ဩဝါဒစာ ၆ : ၁၀ ၌ “ညီအစ်ကိုတို့၊ သခင်ဘုရားအားဖြင့်လည်းကောင်း၊ တန်ခိုးတော်အရှိန် အားဖြင့်လည်းကောင်း၊ ခိုင်ခံ့ခြင်းရှိကြလော့။” ဟူ၍ အစချီထားပါသည်။ သခင်ယေရှုကိုယ်တော်မြတ်ကိုယ်တိုင်ပင်လျှင် “ငါသည် သမ္မာတရား (သစ္စာတရား) The Truth ပင်ဖြစ်သည်” ဟူ၍ ရှင်ယောဟန် ၁၄ : ၆ တွင် မိန့်တော်မူခဲ့ပါသေးသည်။ “နှုတ်ကပတ်တော် (သခင်ယေရှုခရစ်တော်) သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော် (The Truth) နှင့်လည်းကောင်း ပြည့်စုံလျက် ငါတို့တွင် တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌ တစ်ပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။-” (ရှင် ယော ဟန် ခ ရစ် ဝင်။ ၁:၁၄)
သစ္စာတည်းဟူသော ခါးပန်း (The Belt of Truth)ကိုစည်းထားမှသာလျှင် တနည်းကား သစ္စာတော်ဖြစ်တော်မူသော ကျွန်ုပ်တို့၏ အရှင်သခင် ယေရှုခရစ်ကို ယုံကြည်ကိုးစားမှသာလျှင် မည်သို့သောအခြေအနေ၊ အခက်အခဲများကို မဆို ကြံ့ကြံ့ခံနိုင်မှာ ဖြစ်ပြီး နောက်ထပ်လက်နက်စုံများကို သုံး၍ မာန်နတ်အား ဆီးတားတိုက်လှန်နိုင်မည်ဖြစ်ပါသည်။ ဤ သည်ကား “အမှောင်ကမ္ဘာကို ဖြိုခွင်းရန် ဘုရားသခင်၏လက်နက်စုံ” ၏ ပထမအချက်ပင်ဖြစ်ပါသည်။
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Ambassador of Christ နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။