ခရစ်ယာန်လောကတွင် “မျက်နှာကြီးရာ ဟင်းဖတ်ပါ” ၊ “နာမည်ကြီးလေ လူပိုများလေ” ၊ “စိုပြီးသားနေရာ ရေပိုပိုလောင်းခြင်း” ဟူသည့်အဖြစ်အပျက်များစွာ ရှိတတ်ပေသည်။ တခါတရံတွင် ထိုအဖြစ်များစွာကြောင့် တကယ်လိုအပ်သည့်နေရာများသို့ မရောက်ရှိတတ်သည်ကိုလည်း သတိပြုသင့်သည်။
ယခုခေတ်သည် ဆိုရှယ်မီဒီယာ အင်မတန်အားကောင်းသောခေတ်ဟု ဆိုရလျှင်လည်း မမှားပါ။ ဤအခြေအနေသည်ပင်လျှင် အတန်းရှင်း “Attention” လိုချင်သူများအတွက် အားသာချက်တစ်ခုဟု ဆိုရလေမလား … အယူလွဲများ၊ ကျန်းမာချမ်းသာ ဒေသနာပိုင်ရှင်တို့၏ ဆိုရှယ်မီဒီယာမှ “Like and Share” သည်လည်း သက်သေဖြစ်သကဲ့သို့ ထိုအရာများကိုသာ နှစ်ထောင်းအားရတတ်သော ခရစ်ယာန်များသည်လည်း သက်သေပင် မဟုတ်ပါလား …
နာမည်ကြီးသူများနှင့်အတူ ကာဗာယူကာ ပုံရိုက်တင်ခြင်းဖြင့် နာမည်ယူခြင်း သို့တည်းမဟုတ် “Attention” အတန်းရှင်းယူခြင်း၊ လုပ်ဆောင်မှုများအား ဖော်ပြကာ ကျော်ကြားခြင်းကို လုပ်ယူခြင်း စသဖြင့် အသီးသီးပြုလုပ်လေ့ရှိကြသည်။ မှတ်ချက်။ (ဤနေရာတွင် စစ်မှန်သူများအား မဆိုလိုပါ။ သဘောတရားများကိုသာ ဖော်ပြခြင်းဖြစ်ပါသည်။)
ထိုအရာများအား မြင်တွေ့ရသည့် လူတို့၏စိတ်ကို ၎င်းအခြေအနေတို့သည် ညှို့ယူဖမ်းစားလေ့ရှိတတ်ကြသည်။ တနည်းအားဖြင့် မြင်တွေ့နေရသော နာမည်ကြီးခြင်းအပေါ်၌သော်လည်းကောင်း၊ “Attention” အတန်းရှင်းများကြောင့်သော်လည်းကောင်း၊ လုပ်ဆောင်ခြင်းပုံရိပ်အမျိုးမျိုးတို့၏ ဖမ်းစားခြင်းသည် ထိုနေရာများသို့သာ ရေပိုလောင်းစေခြင်းကို ဖြစ်စေလာသည်။ နောက်တနည်းဆိုရသော် စိုပြီးသားနေရာများသို့သာ ရေကို ထပ်ခါထပ်ခါ လောင်းနေမိခြင်းများဟုပင် ဆိုပေအံ့ …
ထိုအဖြစ်များကြောင့် အခြားသော လိုအပ်ရာနေရာဒေသများသို့ မရောက်ရှိနိုင်တော့သည်မှာ အမှန်ပင်ဖြစ်သည်။ ဤသို့ဖြင့် တကယ်လိုအပ်နေသော အသင်းတော်များ၊ နေရာဒေသများနှင့် သာသနာလုပ်ငန်းအသီးသီးတို့အားလည်း မမြင်တော့ဘဲ လူတို့၏ စိတ်သည် ထိုလိုအပ်ရာနေရာများထက် နာမည်ကြီးလေ၊ “Attention” အတန်းရှင်းများလေ ဆိုသည့်နေရာများ ရေစိုပြီးသားနေရာများကိုသာ ရောက်ရှိလေ့ရှိကြသည်။
ကိုယ့်ငွေကြေးဖြစ်၍ ကိုယ်ပေးချင်ရာပေးမည်ဟုဆိုလျှင်လည်း မှန်ပါသည်။ မည်သို့ပင်ဖြစ်စေ အထက်ဖော်ပြပါ ပုံရိပ်များကြောင့် အတန်းရှင်းများကြောင့် စိုပြီးသားနေရာ၊ ကြွယ်ဝပြီးသားနေရာတို့ကိုသာ ထပ်မံရေလောင်းခြင်းကို ပြုချင်သပါ့ ဆိုလျှင်လည်း ပြုနိုင်ပါသည် သို့သော် တကယ်လိုအပ်ရာနေရာများနှင့် အချို့သော ရေမစို သွေ့ခြောက်ရာနေရာများကိုလည်း သိပြုသင့်သည် မဟုတ်ပါလား …
ဟေရှာယအနာဂတ္တိကျမ်း ၅၈:၇
မွတ်သိပ်သောသူကို အစာကျွေးခြင်း၊ နေရာမရှိ၊ ဆင်းရဲသောသူတို့ကို ကိုယ်အိမ်သို့ဆောင်ခြင်း၊ အဝတ်မရှိသော သူကိုမြင်လျှင်၊ အဝတ်ကို ပေးခြင်း၊ ကိုယ်အသားကို မရှောင်ဘဲနေခြင်း မဟုတ်လော။
ထို့ကြောင့် ဘုရားသခင်နှစ်သက်သော ပေးလှူခြင်း အစာရှောင်ခြင်းတို့သည် အထက်ဖော်ပြပါကျမ်းညွှန်းအတိုင်း လိုအပ်ရာနေရာသို့ ဖြစ်ချေသည်။ မွတ်သိပ်သူများအား အစာကျွေးခြင်း၊ နေရာမရှိ ဆင်းရဲသားများအား မစခြင်း၊ အဝတ်လိုအပ်သူများအား အဝတ်ကိုပေးခြင်းတို့မည်၏။ စိုပြီးသားနေရာသို့သာ ခဏခဏထပ်မံရေလောင်းခြင်းလည်း မဟုတ်၊ နာမည်ကြီးရာသို့ မျက်နှာကြီးရာ ဟင်းဖတ်ပါခြင်းလည်း မမည်၊ အတန်းရှင်းရှိရာ ရေလောင်းပါလည်း မမှန်ပြန်ပေဘူးမို့ … ဤအကြောင်းအရာများအား ရေးသားဖော်ပြသောကြောင့် မိမိအား ကြည့်မရ မျက်မုန်းကျိုးချင် ကျိုးပါစေဦးတော့ ခရစ်ယာန်များထံသို့ အိတ်ဖွင့်စာတစ်စောင်ကို ဤသို့ရေး၍သာ ပေးလိုက်ပါတော့သည်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။