Skip to content

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာသောအချိန်တုန်းက အမှုဆောင်ခဲ့ကြသော ဆရာကြီး၊ ဆရာမကြီးတွေရဲ့အသက်တာကို ပြန်လည်သုံးသပ်ကြည့်တဲ့အခါမှာ အများစုဟာ သခင်ဘုရား၏သမ္မာတရားတည်းဟူသောသတင်းကောင်းအား ဘယ်လိုအခြေအနေမျိုးမှာပင်ဖြစ်နေပါစေ သစ္စာရှိစွာဖြင့် ကိုယ်ကျိုးစွန့်ကာ ဆပ်ကပ်အစေခံခဲ့ကြသူများအဖြစ်လေ့လာခဲ့ရပါတယ်။ သို့သော်လည်း စိတ်မကောင်းစရာက ယနေ့ခေတ်ကာလမှာတော့ ထိုသို့သောစိတ်သဘောမျိုးဖြင့် အစေခံကြသူတွေနည်းပါးလာနေခြင်းပါပဲ။

“သင်​တို့​နှင့်​အ​တူ​ရှိ​သော ဘု​ရား​သ​ခင်၏ သိုး​တော်​စု​ကို ထိန်း​ခြင်း​အ​မှု​မှာ၊ အ​နိုင်​ထိန်း​ရ​သော​ကြောင့် မ​ဟုတ်၊ မ​စင်​ကြယ်​သော​စီး​ပွား​ကို တပ်​မက်​သော​ကြောင့် မ​ဟုတ်​ဘဲ၊ အ​လို​လို​စေ​တ​နာ​စိတ်​ရှိ၍ ကြည့်​ရှု​အုပ်​ထိန်း​ကြ​လော့။”
‭‭ရှင်ပေတရုသြဝါဒစာပထမစောင် ၅း၂

သိုးထိန်းလို့ပြောလိုက်ရင် သိုးစုကတော့ ကျိန်းသေပေါက်ရှိရပါတယ်။ သို့ပေမယ့် ထိုသိုးတွေကို ထိန်းတဲ့အခါမှာ သိုးထိန်းရဲ့အရေးပါမှုကလည်းအလွန်ပင်အရေးကြီးပါတယ်။ ဒီကနေ့အသင်းတော်တွေမှာ ဘုရားရှင်ခွဲခန့်ထားတဲ့ သိုးထိန်းတွေရှိပါတယ်။ ထိုအထဲမှာ ဘုရားရှင်၏ခေါ်ခြင်းကိုသိမှတ်လျက် အမှန်တကယ်လုပ်ဆောင်တဲ့သူတွေရှိသလို၊ ကိုယ့်အကျိုးစီးပွါးအတွက်ကြည့်မှတ်လုပ်ဆောင်တဲ့သူတွေလည်း မနည်းပါဘူး။ တကယ်တမ်း သိုးထိန်း ဆိုတဲ့စကားလုံးကို လေ့လာကြည့်ရင် သိုးထိန်းဆိုတာ သိုးတွေကို စောင့်ရှောက်၊ ကျွေးမွေး၊ ကွယ်ကာပေးရတဲ့ တာဝန်ကိုယူထား/ရှိရတဲ့သူပါ။ သို့ပေမယ့်လည်း သိုးတွေကနေ ထိုသို့သောအကျိုးတွေကိုပြန်လိုချင်နေတဲ့ သိုးထိန်းတွေရှိလာနေတာအင်မတန်မှ သတိထားစရာဖြစ်ပါတယ်။ ဒီကနေ့အမှုတော်ဆောင်တွေ၊ အထူးသဖြင့် သင်းအုပ်အရာ၌ရှိနေသူတွေ၊ သင်းအုပ်အရာကိုတောင့်တနေသူတွေအနေဖြင့် ဒီအချက်ကို သတိပြုဖို့ရာ မမေ့သင့်ပါ။

“ကျွန်တော်/ကျွန်မကတော့ ဘာတွေလုပ်နေပါတယ်၊ ဘယ်မှာဘယ်လိုမျိုးဆက်ကပ်ပါတယ်”ဆိုပြီး လေလှိုင်း သာသနာတွေ၊ လူမှုကွန်ယက်သာသနာတွေ တဟုန်ထိုးအရှိန်ကောင်းလာတဲ့ ဒီခေတ်ကာလမှာ အသင်းတော်ကိုဘယ်လိုတည်ထောင်လာကြသလဲဆိုရင်၊ ကိုယ့်ကို အမာခံအားပေးတဲ့သူတွေအားဖြင့်သော်လည်းကောင်း၊ ကိုယ့်တရားကိုနာယူသောသူတွေအားဖြင့်သော်လည်းကောင်း တည်ထောင်လာနေကြသည်။ ထိုသို့ဖြစ်တည်လာတာကို ခေတ်ကာလအနေအထားအရ အပြစ်တင် မဝေဖန်လိုပေမယ့်၊ တကယ်တမ်း သိုးတွေအတွက်ကြည့်မယ်ဆိုရင် သနားစရာအလွန်ပင်ကောင်းလှပါသည်။ “ဘုရားအမှုတော်ဆောင်ရင် ဘုရားပြင်ဆင်ပေးမယ်၊ ဘုရားကောင်းကြီးပေးမယ်၊ ဘုရားပစ်မထားဘူး” ဆိုပြီးတရားနာသူတွေကို တရားဟောပြပေမယ့်လည်း၊ အမှုတော်အတွက်ပါဝင်ပေးကြပါ(အလှူငွေ)လို့ထိုတရားအဆုံးမှာ စကားခေါ်လိုက်ခြင်းက ဘယ်လိုသဘောသက်ရောက်သွားမည်နည်း။ နောက်ပြီး တရားဟောနေသူက ကျမ်းစာအုပ်အသုံးမပြုဘဲ၊ တန်ဖိုးကြီး smart devices တွေနှင့်ဟောပြောနေခြင်းကလည်း ၊ မရှိသည့်ကြားက စေတနာစိတ်နှင့်ပါဝင်ပေးလှူသူအဖို့ သူ့ဘဝမှာ စိတ်ပင်မကူးဖူးသည့်အရာများနှင့် တရားဟောနေသူကကောင်းစားနေခြင်း၊ မော်တော်ကားထည်လဲစီးနေခြင်း အရာတို့ကိုမြင်ပြီး ဘုရားဘိသိက်ကောင်းကြီးပါလား ဆိုပြီးရေရွတ်လိမ့်မည်လော။ သိုးထိန်းဆိုသူတွေ တရားအကောင်းစားနဲ့ဘဝကောင်းစားနေချိန် သိုးတွေမှာတော့တရားအစစ်ငတ်ရင်း ဘဝပျက်နေမည်ဆိုခြင်းက ဖြစ်တန်ရာသလော။ လောကအရာတွေကိုအဆင်မပြေနေချိန်မှာ၊ အမှုဆောင်နေသူတွေအဖို့ အဆင်ပြေကာတတ်နိုင်သလောက်ပါဝင်ပေးနေသူတွေကိုငွေကြေးနဲ့ပါဝင်မှ၊ ဆယ်ဖို့တဖို့ထည့်မှ ငွေကြေးကောင်းကြီးဖြစ်မယ်ဆိုသည့် သွန်သင်မှုမျိုးက တကယ့်အန္တရာယ်ပါ။ စေတနာစိတ်နဲ့ပေးလှူခြင်းကိုနှစ်သက်တဲ့ “သိုးထိန်းကြီး” ရဲ့စိတ်သဘောနဲ့ထပ်တူကျနေပါ့မလား … သိုးထိန်ဆိုသူတို့။ သိုးတွေကို မချစ်ဘဲ သိုးတွေရဲ့ပိုင်ဆိုင်မှု၊ သိုးတွေဆီကရလာမည့်အကျိုးကို တောင့်တလိုချင်နေပါက သိုးထိန်းလုပ်မနေသင့်ပါ။ အားနည်း အားငယ်တဲဲ့ သိုးတွေကို ချစ်တယ်ဆိုရင်၊ ထိုသိုးတွေတွေရဲ့ အဖို့အလို့ငှါ အသက်ကိုစွန့်ခဲ့တဲ့ “သိုးထိန်းကြီး”ကိုစေ့စေ့ကြည့်ကာ၊ မိန့်မှာထားခဲ့သည်တွေကို သတိရ၊ ဆင်ခြင်၊ ပြင်ဆင်ဖို့လိုသလို၊ ယခုအချိန်မှာအသိ၊ သတိရှိလျက် လှည့်ထွက်ခဲ့မည်ဆိုလည်း နောက်မကျသေးပါ။

တခါတရံ သင်းအုပ်တွေအနေနဲ့ လူသားဖြစ်သောကြောင့် အမှားလုပ်တတ်တာမျိုးကိုတော့နားလည်ပါတယ်။ ဒါပေမယ့် ဘာမှမလုပ်ချင်တာကိုတော့နားမလည်နိုင်ပါဘူး။ အထူးသဖြင့် သိုးတွေကို ကျွေးမွေးပြုစုခြင်း မရှိတာကိုပါပဲ။ ဒါကဘာသဘောသက်ရောက်သွားလဲဆိုရင် “ငါ့ကိုချစ်ရင်ငါ့သိုးတွေကိုကျွေးမွေး”ဖို့ပြောခဲ့တဲ့သခင့်ကို မချစ်တာနှင့်အတူတူပင် မဟုတ်လော။ တဦနှင့်တဦးချစ်ဖို့တရားကိုဟောနေသူက အချစ်ဦးဖြစ်တဲ့ဘုရားရှင်ကို မချစ်ဘဲနှင့်တော့ မည်သို့အဓိပ္ပါယ်ရှိမည်နည်း။ ချစ်ပြီးတဲ့အခါမှာလည်း သစ္စာရှိစွာဆက်လက်ပြီးရှိနေဖို့ကလည်းလိုအပ်ပါသေးတယ်။ “ငါတို့ဘုရားကသစ္စာရှိတဲ့ဘုရား”၊ “ငါတို့ကိုးကွယ်တဲ့ဘုရားကချစ်ခြင်းမေတ္တာရှင်” လို့အာပေါင်အာရင်းသန်ဟောပြောနေပြီးမှ ကိုယ်တိုင်က အဲ့ဘုရားရဲ့သဘောသဘာဝနှင့် တစက်ကလေးတောင်တူမနေရင် ဘုရားကလိမ်နေတာလား၊ ကိုယ်ကညာနေတာလား ဆိုပြီး အများအမြင်မှာကဲ့ရဲ့စရာဖြစ်နေမည်ပင်။ သိုးတွေကို ကိုယ့်ရဲ့ရေနံတွင်း၊ ရွှေတွင်း၊ ငွေတွင်းတွေလို့မမြင်ဘဲ၊ ထိန်းကျောင်းတည့်မတ်ပေးဖို့ရာ လိုအပ်နေပါလားလို့မြင်ပြီး ကြိုးစားအားထုတ်စေချင်ပါတယ်။ ကောင်းမွန်စွာအုပ်တဲ့သင်းအုပ်၊ တရားဟောခြင်း၊ ဆုံးမဩဝါဒပေးခြင်းကြိုးစားအားထုတ်နေသ၍ အလှူနှစ်ဆကိုအထူးသဖြင့်ခံထိုက်တယ်လို့ နှုတ်ကပတ်တော်ကရှိထားပြီး မဟုတ်ပေဘူးလား။ ဒီလိုအကျိုးရှိနေလျက်နှင့် သိုးတွေအတွက် ဘာမှမလုပ်ပေးချင်တာက မဖြစ်သင့်ပါ။ ဒီလိုအကျိုးရှိနေလျက်နှင့် နာမည်ကြီးဖို့အတွက် အားနည်းနုံအတဲ့သိုးတွေကို အသုံးချခြင်းက မဖြစ်သင့်ပါ။ သစ္စာရှိစွာကြိုးစားအားထုတ်နေရမည့်အစား၊ ကိုယ့်အကျိုးအလို့ငှါသာ စီးပွါးဆန်နေခြင်းက ရွံစရာပင်ကောင်းလှပါသည်။ ထိုသို့သောသူတွေနှင့် ပက်သက်၊ နှစ်သက်နေသည့် သိုးများကိုလည်း အလွန်ပင်အံ့ဩမိပါသည်။

သိုးထိန်းအရာမှာအမှုဆောင်နေရသူတွေအနေဖြင့် “ငါတို့ဟာ ဘုရားရှင်ရဲ့သိုးစုတော်ကိုထိန်းကျောင်းရတယ်” ဆိုတာအမြဲသတိပြုနေဖို့လိုပါတယ်။ သူတို့တတွေဟာ ဘုရားရဲ့သိုး၊ အလုပ်လုပ်သောသူချင်း၊ သားသမီး၊ ကျွန်၊ သန့်ရှင်းသူ၊ ဖြောင့်မတ်သူ၊ မိသားစု၊ အသင်းတော်တွေဖြစ်တယ်ဆိုတာကိုမမေ့ဘဲ စေတနာစိတ်နှင့်ကြည့်ရှုပြုစုပေးနေရမည် မဟုတ်ပေဘူးလား။ ခြံနှင့်ဝန်းနှင့် သေချာထိန်းသိမ်းပြုစုစောင့်ရှောက်ဖို့ မလိုပေဘူးလား။ အပြောကောင်းလို့သင်းအုပ်အရာ တနည်း သိုးထိန်းအရာကိုရသည်မှ မဟုတ်ပေဘဲလေ။ သင်းအုပ်အရာကိုရလို့လည်း ဇိမ်ပဲဆိုပြီးနေဖို့လည်း မဖြစ်သင့်ပါ။ ချစ်သောအမှုတော်ဆောင်တို့တွေအနေနဲ့ ဘယ်လိုစိတ်ထား၊ ဘယ်လိုအကြံအစည်၊ ဘယ်လိုရည်ရွယ်ချက်နဲ့ အမှုဆောင်နေလဲဆိုတာ စာရေးသူမသိပါ။ ချမ်းသာချင်လို့၊ နာမည်ကြီးချင်လို့ အမှုတော်ဆောင်မယ်ဆိုတဲ့ စိတ်သဘောရှိနေပါက၊ ထိုသဘောကိုကြိုးစားပြီးဖျောက်ဖျက်ဖို့ မပြောလိုဘဲ အမှုတော်မဆောင်ဖို့သာပြောပါရစေ။ ထိုသို့သောစိတ်သဘောနှင့်ဘုရားရှင်၏သိုးစုတော်ကို သင်ဘယ်လိုထိန်းမည်နည်း။ ခိုင်းလို့ကောင်းသည့်သိုးတို့နှင့်သာ သင့်အသင်းတော်ပြည့်နေမည်ဆိုပါက ဘုရားရှင်ရွေးနှုတ်သောသိုးစုတော်ဟုမဆိုဘဲ၊ သင်ရွေးချယ်သောသိုးစုတော်ဟုဆိုရပေ​တော့မည်မဟုတ်လော။

ချစ်သောအမှုတော်ဆောင်တို့ သိုးတွေကိုစေတနာနှင့်လည်းကောင်း၊ မေတ္တာနှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကြည့်ရှု၊ စောင့်ရှောက်၊ ကျွေးမွေး၊ ပြုစုဖို့ရာ အစဉ်ကြိုးစားအားထုတ်နေဖို့ သတိပေးပါရစေ။ ထိုသိုးတို့မှာ အခြေအနေမျိုးစုံ၊ ပုံစံမျိုးစုံရှိနေမည်ဖြစ်သော်လည်း ဘုရားရှင်၏သိုးစုတော်ဖြစ်သောကြောင့်၊ ဘုရားရှင်ကိုချစ်သောစိတ်ဆန္ဒပြင်းပြလျက် ကြိုးစားအားထုတ်ကာ ဘုန်းတော်ကိုမြော်လင့်နေပါမည်အကြောင်းတိုက်တွန်းနှိုးဆော်ရင်း

မေတ္တာဖြင့်