Skip to content

ခရစ်ယာန်” ဆိုသောဝါဟာရမှာ ဂရိ သို့မဟုတ် ရောမလူမျိုးများက သခင်ယေရှု၏နောက်လိုက်များအတွက်ပေးခဲ့သော ကဲ့ရဲ့ရှုတ်ချဖွယ်အမည် ဖြစ်သည်။ အန္တိအုတ်မြို့၌ ပထမဆုံးအသုံးပြုခဲ့ကြသည်။ တပည့်တော်များ အချင်းချင်း သိကြသော အမည်များမှာ “ညီအစ်ကိုများ“၊ “သစ္စာရှိသူများ“၊ “ရွေးချယ်ခံရသူများ“၊ “သန့်ရှင်းသူများ“၊ “ယုံကြည်သူများ” ဟူ၍ဖြစ်သည်။ သို့သော် ၎င်းတို့ကိုအခြားလူအများနှင့် ခွဲခြားသိမြင်လာသောကြောင့် “ခရစ်ယာန်” ဟူသောအမည်ကို စတင်အသုံးပြုလာကာ တစ်ကမ္ဘာလုံးက လက်ခံခဲ့ကြသည်။ ဤအမည်သည် ဓမ္မသစ်ကျမ်းတွင်ဖော်ပြထားသည်မှာ သုံးကြိမ်သာရှိသည် (တမန် ၁၁:၂၆; ၂၆:၂၈; ၁ပေ ၄:၁၆)။

ထိုသူတို့သည် တစ်နှစ်ပတ်လုံး ထိုအသင်းတော်နှင့်အတူ စည်းဝေး၍၊ လူများအပေါင်းတို့အား ဆုံးမဩဝါဒပေးကြ၏။ တပည့်တော်တို့သည်လည်း ခရစ်ယာန် ဟူသော ခေါ်ဝေါ်သမုတ်ခြင်းကို အန္တိအုတ်မြို့၌ အဦးခံရကြ၏။”
‭‭တမန်တော်ဝတ္ထု ၁၁း၂၆

“အဂြိပ္ပမင်းကလည်း၊ သင်သည် ဖြားယောင်းသွေးဆောင်သောအားဖြင့်၊ ငါသည် ခရစ်ယာန် ဖြစ်လုပြီဟု ပေါလုအား ပြောဆိုလျှင်၊”
တမန်တော်ဝတ္ထု ၂၆း၂၈

ခရစ်ယာန် ဖြစ်သောကြောင့် ခံရလျှင်မူကား၊ ရှက်ကြောက်ခြင်း မရှိစေနှင့်။ ထိုအမှုကြောင့်ခံရလျှင် ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းစေ။-”
‭‭ရှင်ပေတရုသြဝါဒစာပထမစောင် ‭၄း၁၆

ခရစ်ယာန်ဆိုသည်မှာ ခရစ်တော်၏စစ်မှန်သောတပည့်တော်၊ သမ္မာတရားကိုယုံကြည်ပြီး၊ ပုံသက်သေတော်နောက်သို့ သင်ယူလိုက်လျှောက်သောသူ၊ နည်းနာကိုနာခံသောသူဖြစ်သည်။ ခရစ်ယာန်ဆိုသည်မှာ ခရစ်တော်မရှိဘဲ၊ မပါဘဲ ဖြစ်လာနိုင်မည့်အကြောင်းစိုးစဉ်းမျှမရှိပါ။ ကိုယ့်မိဘ၊ မျိုးရိုးစဉ်ဆက်မှာ ခရစ်ယာန်ဖြစ်သောကြောင့် ကိုယ်တိုင်က စစ်မှန်သောခရစ်ယာန်ဖြစ်သည်ဟု မဆိုနိုင်ပါ။ ဘုရားကျောင်းပုံမှန်သွားနေသောကြောင့်၊ အပတ်စဉ်အလှူငွေထည့်နေသောကြောင့်၊ နံနက်၊ နေ့လည်၊ ညနေဝတ်ပြုချိန်များမှာပါဝင်သောကြောင့်၊ သီချင်းတွေသီဆိုသောကြောင့် ခရစ်ယာန်ဟု မဆိုနိုင်ပါ။

မိမိသည်အပြစ်သားဖြစ်သည်ကိုသိရှိပြီး၊ လူ့ဇာတိကိုခံသော ထာဝရဘုရား၏တပါးတည်းသောသားတော်ယေရှုခရစ်တော်၏ကားတိုင်ပေါ်၌အသေခံအသွေးသွန်းခြင်း၊ သုံးရက်မြောက်သောနေ့၌ရှင်ပြန်ထမြောက်ပြီး၊ လူသားတို့၏အပြစ်ကြွေးများကိုဆပ်ပေးကာ၊ ခမည်းတော်၏လက်ယာဖက်၌ထိုင်လျက်အမှုဆောင်ပေးနေသောသခင်အား ယုံကြည်သောသူကို ခရစ်ယာန်ဟုခေါ်ပါသည်။

ဒီကနေ့ ဤဆောင်းပါးအားဖတ်နေသူမှာ မည်ကဲ့သို့ခရစ်ယာန်ဖြစ်လာသည်ကို စာရေးသူမသိပါ။ မည်သို့မည်ပုံအသက်ရှင်နေသည်ကိုလည်း မသိပါ။ သို့သော်လည်း မိမိကိုယ်ကို စစ်မှန်သည့်ခရစ်ယာန်တဦးဖြစ်သည်ဟု စိတ်ချယုံကြည်သောသူဖြစ်ပါက နေ့စဉ်အသက်ရှင်သန်နေထိုင်မှုတခုစီတိုင်းက သခင်ယေရှုခရစ်တော်ကဲ့သို့သော၊ ထိုသခင်ကိုချီးမြောက်၍ ဘုန်းကိုထောက်ရှုသော၊ ထိုသခင်၏စကားတော်ကိုနာခံနာယူလိုက်လျှောက်ကာ ဤလောကအလယ်၌အလင်းဖြစ်သော အသက်တာဖြစ်နေသင့်ပါသည်။ ဒါဟာ အုပ်တချပ်သဲတပွင့်၊ တထောင့်တနေရာ ဆိုသည်မျိုးမဟုတ်ဘဲ အသက်တာတခုလုံးကို ပိုင်တော်မူသောသခင့်ထံမှာ အပ်နှံကာဝန်ခံသောအသက်တာမျိုးဖြစ်ပါသည်။ ခရစ်ယာန်ဖြစ်ခြင်းသည် အုပ်တချပ်သဲတပွင့်၊ တထောင့်တနေရာမဟုတ်ဘဲ စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ၊ ဥာဏ်စွမ်းရှိသမျှ ဆက်ကပ်အသက်ရှင်ခြင်းပင်။

ခရစ်ယာန်တဦးကိုတိုင်းတာသည့် စံနှုန်းမှာ ခရစ်တော်နှင့်နှုတ်ကပတ်တော်အားဖြင့်ပင်ဖြစ်သည်။ ခရစ်တော်အကြောင်းကို ကြားဖူး၍သိသောလောကသားအချို့မှာ ခရစ်တော်၏လူဇာတိအဖြစ်တော်ကို နှစ်သက်ကြသော်လည်း၊ ခရစ်ယာန်များကို မနှစ်သက်သောကြောင့် ခရစ်ယာန်ဖြစ်လိုခြင်းမရှိကြသည့် အခြေအနေအဖြစ်ပျက်များကို ကြုံတွေ့ဖူးသူ၊ ကြားဖူးကြသူတွေရှိကောင်းရှိပါလိမ့်မည်။

ထိုသို့အခြေအနေများ ဖြစ်ရခြင်းမှာ ဧဝံဂေလိသတင်းကောင်း မရောက်ရှိခြင်းကြောင့်မဟုတ်ဘဲ၊ ထိုကယ်တင်ခြင်းတရားကို သယ်ဆောင်သူများ ဒါမှမဟုတ် လက်ခံယုံကြည်သူများရဲ့ အသက်ရှင်မှုစံနှုန်းမှာ ခရစ်တော်ကိုယူတင်ထားခြင်း မဟုတ်သောကြောင့်ဟုသာဆိုရပေမည်။

အထူးသဖြင့် မျက်မှောက်ခေတ်ကာလမှာအထူးသတိပြုရမည်မှာ သခင်ခရစ်တော်၏အသင်းတော်တည်းဟူသော ယုံကြည်သူများအနေဖြင့် ကဏ္ဍများစွာကို ပြန်လည်ဆန်းစစ်သင့်ပေသည်။ ဥပမာဆိုရလျှင် ခရစ်တော်၏အကြောင်းကိုစိတ်ဝင်စားသော၊ သိလိုသော မယုံကြည်သူတဦးမှ နီးစပ်ရာအသင်းတော်တခုကိုသွားရောက်ပြီးနားထောင်သည့်အချိန်မှာ အသင်းတော်၌ သီချင်းပြိုင်ပွဲ၊ အတီးပြိုင်ပွဲ သက်သက်သာရှိနေမည်ဆိုလျှင် ထိုသူမှာ ထိုသီချင်းသံ၊ တူရိယာသံကိုကြားလိုက်ရရုံမှတပါး ခရစ်တော်အကြောင်းကို သိလိုက်ရမည်မဟုတ်ပါ။ နောက်တခုမှာ ဘာသာစကားအခက်အခဲဖြစ်ပါတယ်။ အနီးစပ်ဆုံးဘုရားကျောင်းလာကာ နားထောင်သော်လည်း ဝေငှလိုက်သည်က နားမလည်မတတ်ကျွမ်းသည့်စကားကိုသာ တစိုက်မတ်မတ်ပြောနေခြင်းကလည်း ဧဝံဂေလိတရားကိုဆီးတားသည့်သဘောဟုသာ စာရေးသူရဲတင်းစွာပြောပါရစေ။

ခရစ်တော်၏အသင်းတော်ကို လူတမျိုးတည်းအတွက် တည်ဆောက်ဖို့ မဖြစ်သင့်ဘဲ၊ လူခပ်သိမ်းနှင့်လူမျိုးအပေါင်းတို့အဖို့ဖြစ်သည်ကို ဆင်ခြင်လျက်ပြင်ဆင်နိုင်ပါမည်အကြောင်း သတိပေးထောက်ပြပါရစေ။ အသင်းတော်များ၊ အသင်းသားများနေဖြင့်လည်း ခရစ်တော်၏စံနှုန်းအားဖြင့် ဧဝံဂေလိသတင်းစကားအတွက် အဆီးအတားဖြစ်နေသောသူများ မဖြစ်ဘဲ၊ အဆင်သင့်ဖြစ်နေသောသူများဖြစ်ဖို့ အင်မတန်မှအရေးကြီးလှပါတယ်။

လွဲမှားသောဩဝါဒများကို ကြိုက်နှစ်သက်သော၊ လက်ခံနေသော ခရစ်ယာန်ဆိုသူများကိုလည်း မေတ္တာဖြင့် သတိပေးလိုပါတယ်။ သင်တို့လက်ခံနေသည့်အရာများမှာ နှုတ်ကပတ်တော်စံနှုန်းနှင့်တက်တက်စင်အောင်လွဲနေမှန်း ထောက်ပြ၊ အသိပေးနေသူများရှိနေလျက်ပင် ဆက်ပြီးလည်ပင်းခိုင်မာနေခြင်းက သင့်ဝိညာဉ်အသက်တာအတွက်အဆင်မပြေသလို၊ ထိုသို့သောအလွဲများစွာကို အဆီးအတားမရှိလေလှိုင်းမှကြားနေသူ၊ မြင်နေသူ မယုံကြည်သူများအတွက်လည်း ကဲ့ရဲ့အပြစ်တင်စရာ၊ ပြစ်မျိုးမဲ့ထင်ရာ၊ တန်ဖိုးမဲ့ကိုးကွယ်ရာ တခုအဖြစ်ရှုမြင်လာသည်ကိုလည်း သတိထားမိပါရဲ့လား။ ထိုနည်းတူ ထောက်ပြဝေဖန်သူများအနေဖြင့်လည်း (အထူးသဖြင့်) လိုင်းပေါ်မှာအပြန်အလှန်ပြစ်တင်နေခြင်းကို အသားပေးခြင်းထက်၊ စင်ကြယ်သောဩဝါဒသမ္မာတရားကို နေ့စဉ်ဟောပြောသွန်သင်နေခြင်းက ဖြစ်သင့်သည် မဟုတ်လော။ ဤသို့ပြုခြင်းက တရားမျှတစွာစီရင်ထောက်ပြခြင်း၊ ခရစ်တော်နည်းတူ သွန်သင်သတိပေးခြင်းမျိုးမည်သည် မဟုတ်လော။ ထိုသို့ထောက်ပြနေလျက်နှင့် လမ်းကျယ်သို့လိုက်သွားမည်ဆိုပါကလည်း လိုက်သောသူရဲ့သဘောဖြစ်သောကြောင့် ဆက်ပြီးခရစ်တော်ကဲ့သို့အသက်ရှင်ကာဟောပြောတိုက်တွန်းနေခြင်းမှ ရပ်တန့်မသွားသင့်ပါ။

ကနဦးအသင်းတော်နှင့်ခရစ်ယာန်များမှာ ဇိမ်ခံခြင်းထက်၊ ထာဝရဘုန်းစည်းစိမ်တည်ရာခရစ်တော်ရှိရာအထက်အရပ်ကိုမြော်ကြည့်သူများ၊ ခရစ်တော်၏ဆင်းရဲကိုဆက်ဆံကြသူများ၊ နာမတော်ကြောင့်အသက်ကိုပင်ရင်း၍ ခရစ်ယာန်ဟုရဲရဲဝံ့ဝံ့ အခေါ်ခံခဲ့ရသော ထိုစကား သည် ယခုတွင်တော့ အရှက်ပင်လျှင် ကင်း၍ တော်လျော်သောအသက်တာနှင့်ဆန့်ကျင်စွာ အမည်နှင့်မလိုက်အောင်ပင် ပေါ့တန်လျက်ရှိပေသည်။

ကျေးဇူးတော်ကာလ၊ ဝိညာဉ်တော်ကာလဟုဆိုပြီး ခရစ်တော်၏စံနှုန်းနှင့်ရာနှုန်းပြည့်လွဲချော်ကာ၊ ကျော်ကြားဖို့အရေးသာအဖြစ်လုပ်ပြီး အလုပ်ဖြစ်နေသည့်အခြေအနေမှန်ကိုသိကာ ရုန်းထွက်သင့်ပေသည်။ ထိုသို့ရုန်းထွက်လာခြင်းသည် စစ်မှန်သောနိုးထခြင်းသို့ဦးတည်စေမည်ဖြစ်ပေသည်။ ကားတိုင်ထက်၌အမှုပြီးပြီဟုကြွေးကြော်ခဲ့သော သခင်၌ဆည်းကပ်လျက် ကိုယ့်ကားတိုင်ကိုထမ်းကာ အစဉ်တစိုက်နောက်တော်သို့လိုက်ပြီဆိုကတည်းက ခရစ်တော်ကိုဦးတည်သော၊ ဗဟိုပြုသော ခရစ်ယာန်ဖြစ်သည်ဟုဆိုနိုင်သည်မဟုတ်လော။ ချစ်သောညီကိုမောင်နှမတို့ ခရစ်ယာန်လို့ပါးစပ်ကပြောရတာ အင်မတန်မှလွယ်ကူပါတယ်။ အသက်ရှင်ရသည်မှာလည်း ခက်ခဲလွန်းတယ်လို့လည်းမဆိုပါဘူး။

သို့သော်လည်း သေချာသည်တခုက ခရစ်ယာန်ဆိုသည်မှာ ခရစ်တော်ကိုကိုယ်စားပြုသော၊ ထင်ရှားပြသောအသက်ရှင်ခြင်းဖြစ်သောကြောင့် အဖိုးအခနှင့်စိတ်ပိုင်းဖြတ်ခြင်းအရာမှာတန်ဖိုးကြီးမားလှပေသည်။ ထိုသို့တန်ဖိုးကြီးမားခြင်းနှင့်အတူ ဘုန်းထင်ရှားခြင်းအရာလည်း သာ၍ကြီးမားပါတယ်။

ဒါကြောင့် ခရစ်ယာန်ဖြစ်ခြင်းတန်ဖိုးကို ခရစ်တော်ကိုစေ့စေ့ကြည့်ရှုခြင်းအားဖြင့်သိမှတ်လျက်အသက်ရှင်ကာ ဒီလောကအတွက်မှန်သောအလင်းအဖြစ်ထွန်းလင်းနေသူများဖြစ်ပါမည်အကြောင်း ပြန်လည်အသိပေးနှိုးဆော်ရင်း

“ခရစ်တော်၏ နာမကြောင့် ကဲ့ရဲ့ခြင်းကိုခံရလျှင် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ဘုရားသခင်၏ ဘုန်းကြီးသော ဝိညာဉ်တော်သည် သင်တို့အပေါ်မှာ ကျိန်းဝပ်တော်မူ၏။ သူတို့၌ကား ကဲ့ရဲ့ခြင်း၊ သင်တို့၌ကား ချီးမွမ်းခြင်းရှိတော်မူ၏။- လူအသက်ကိုသတ်သော အပြစ်၊ သူ့ဥစ္စာကိုခိုးသော အပြစ်၊ ဒုစရိုက်ကိုပြုသော အပြစ်၊ သူတစ်ပါးအမှု၌ ရောနှောသောအပြစ် ရှိ၍၊ သင်တို့တွင် အဘယ်သူမျှ မခံစေနှင့်။- ခရစ်ယာန်ဖြစ်သောကြောင့် ခံရလျှင်မူကား၊ ရှက်ကြောက်ခြင်း မရှိစေနှင့်။ ထိုအမှုကြောင့်ခံရလျှင် ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းစေ။-”
‭‭ရှင်ပေတရုသြဝါဒစာပထမစောင် ၄း၁၄-၁၆

မေတ္တာဖြင့်