“အစေခံမယ်” ဆိုတဲ့စကားလုံးဟာ ခရစ်ယာန်တွေနဲ့ စိမ်းတဲ့စကားလုံးမဟုတ်ပါဘူး။ သီချင်းတွေထဲမှာ၊ တရားဟောချက်တွေထဲမှာ၊ အထူးသဖြင့်လူငယ်တွေကိုအားပေးတိုက်တွန်းတဲ့အခါတွေမှာ ကြိမ်ဖန်များစွာကြားရတတ်ပါတယ်။ သို့သော်လည်း နှောင်းပိုင်းကာလတွေမှာ ဘာကိုသတိထားလာရသလဲဆိုရင် အများစုဟာ တရားကိုသာနာပြီး၊ အစေခံခြင်းအပိုင်းကိုကျတော့ တရားကိုပြောနေ ဟောနေသူတွေ တနည်းဆိုရသော် ကျမ်းစာကျောင်းအောင် အမှုတော်ဆောင်များနှင့်သာ သက်ဆိုင်တဲ့အမှုအရာတခု လို့မြင်လာကြ သတ်မှတ်လာနေကြတာကိုပါပဲ။
ဒါကြောင့် ယုံကြည်သူတွေအနေဖြင့် ဘယ်သူ့ကို၊ ဘာကြောင့်၊ ဘယ်လိုမျိုး၊ ဘယ်အရာအားဖြင့် အစေခံမလဲဆိုတာသတိပြုဖို့လိုပါတယ်။
~ ဘယ်သူ့ကို ~
ဘယ်သူ့ကို အစေခံမလဲဆိုရင် အဖြေကရှင်းပါတယ်။ ဘုရားရှင်မှလွဲပြီး အခြားထိုက်တန်သောသူမည်သူရှိမည်နည်း။ အဘယ်အရာရှိနိုင်မည်နည်း။ ယုံကြည်သူမှန်ရင်တော့ “အစေခံခြင်း”က အဓိကအကျဆုံးအရာဖြစ်တယ်ဆိုတာကို သဘောပေါက်သင့်ပါတယ်။ သို့သော်လည်း မသိလိုက်မသိဖာသာ ဖြစ်လာနေသည်က၊ အချို့သောသူတွေမှာ လူပုဂ္ဂိုလ်တွေ၌ ပိုပြီး အစေခံနေမိသည်ကိုပင်။ တနည်းဆိုရသော် လူနောက်ကိုလိုက်ကာ၊ လူကိုအစေခံနေကြသည့်သဘောမျိုးဖြစ်လာနေကြပါတယ်။ အထူးသဖြင့် လူငယ်အများစုမှာ ဘာကိုတွေ့ရသေးသလဲဆိုရင်၊ အသင်းတော်မှာ ကျရာတာဝန် အခန်းကဏ္ဍများမှာ ပါဝင်လုပ်ဆောင်ကြတဲ့အခါ နှုတ်ကပတ်တော်အားဖြင့် အစေခံခြင်းကိုသင်ယူရမည့်အစား၊ အထက်စီနီယာတွေ၊ လူကြီးတွေအချို့ရဲ့ အာဘော်နှင့် အလိုကိုသာ အလေးထားလုပ်ဆောင်သွားတတ်ကြတဲ့အဖြစ်မျိုးတွေပါ။ အခြေအနေ တချို့အတွက် သူတို့ရဲ့အတွေ့အကြုံ တွေဟာ ကိုယ့်အတွက် အဆင်ပြေကောင်း အဆင်ပြေနိုင်ပေမယ့်၊ တကယ်တမ်း အရေးကြီးဆုံးဖြစ်တဲ့ ဝတ်ပြုကိုးကွယ်ခြင်း၊ သာသနာပြုခြင်း၊ အငယ်ဆုံးသောသူတွေကိုပြုစုခြင်း၊ ဘုရားဝတ်၌မွှေ့လျော်ခြင်း စသည့်အရာတွေမှာ ဘုရားရှင်ကလွဲ၍ ဘယ်သူကမျှ အခရာမကျပါဘူး။ ဒါကြောင့် ကိုယ့်အသက်အရွယ် အချိန်တခုကြောင့် အသင်းတော်မှာလူငယ်အဖြစ် ဘုရားကို အစေခံတယ်လို့ ယေဘုယျအားဖြင့်ဆိုပေမယ့်လည်း၊ နောက်ပိုင်းတွေမှာ လောကကို၊ လူတွေကိုသာ ပိုပြီးအစေခံသွားကြတဲ့ အဖြစ်များကလည်းရှိနေသေးသည်မဟုတ်လော။ ဘုရားရှင်ကို အစေခံခြင်းက မတည်မြဲတဲ့ဒီလောကအချိန်ခဏကနေ ထာဝရကာလတိုင်ဖြစ်တယ်ဆိုတာကို သတိချပ်လျက်ရှိနေစေချင်ပါတယ်။ လူကြီးတွေအနေနဲ့လည်း “ငါတို့လူငယ်တုန်းက” ဆိုတာထက် ဘုရားရှင်အားယခုလက်ရှိအစေခံနေခြင်းကို နောက်မျိုးဆက်တွေ၌ အထင်အရှားပြသဖို့လည်း အရေးကြီးပါတယ်။
“အဘတို့၊ သင်တို့သည် ရှေ့ဦးစွာကပင် ရှိတော်မူသောသူကို သိသောကြောင့်၊ သင်တို့အားငါရေး၍ ပေးလိုက်၏။ လူပျိုတို့၊ သင်တို့သည် မာရ်နတ်ကိုအောင်သောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်၏။ သူငယ်တို့၊ သင်တို့သည် ခမည်းတော်ကိုသိသောကြောင့်၊ သင်တို့အား ငါရေး၍ပေးလိုက်၏။- အဘတို့၊ သင်တို့သည် ရှေ့ဦးစွာကပင် ရှိတော်မူသောသူကို သိသောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်ခဲ့ပြီ။ လူပျိုတို့၊ သင်တို့သည် ခွန်အားနှင့်ပြည့်စုံ၍၊ ဘုရားသခင်၏နှုတ်ကပတ်တော်၌ မှီဝဲဆည်းကပ်သဖြင့် မာရ်နတ်ကို အောင်သောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်ခဲ့ပြီ။”
ရှင်ယောဟန်ဩဝါဒစာပထမစောင် ၂း၁၃-၁၄
~ ဘာကြောင့် ~
ဘာကြောင့်အစေခံလဲဆိုရင် အကြီးမြတ်ဆုံးသောဘုရား၊ ဘုန်းတန်ခိုးတော်နှင့်ကြွယ်ဝပြည့်စုံသောဘုရားရှင်ရဲ့ ကယ်တင်တော်မူခြင်းကိုခံရသောသူတွေဖြစ်သောကြောင့်ပါပဲ။ ထိုသို့သောဘုရားရဲ့ကျေးဇူးပြုတော်မူခြင်းကိုခံရသောသူတွေဖြစ်တာနဲ့အညီ ထိုသခင်သာလျှင် အစေခံဖို့ရာထိုက်တန်တယ်ဆိုတာသိမှတ်လျက် အစေခံနေရမည်သာ။ ဒါဟာ ထာဝရကာလထိတိုင်ပေါ့။ ဒါတင်မကသေးပါဘူး ထာဝရဘုရားသခင်ကိုယုံကြည်တယ်ဆိုပြီး၊ ဘုရားသားသမီးဖြစ်ပြီဆိုပြီး ကိုယ့်စိတ်အလိုအတိုင်းအသက်ရှင်ကာ ကိုယ်သာလျှင်ကိုယ့်ဘဝရဲ့ပဲ့ကိုင်ရှင် သဘောမျိုးအသက်မရှင်သင့်ပါဘူး။ နေ့ရက်အစဉ်တိုင်း သူရဲ့ကျေးဇူးတော်၊ ကရုဏာတော်ကိုခံစားနေရတာ၊ သူခွင့်လွှတ်သည်းခံပေးနေတယ်ဆိုတာ၊ ချစ်နေမြဲဆိုတာကိုသိနေရတာ တကယ်ကိုကြီးမြတ်တဲ့ကောင်းကြီးမင်္ဂလာပါ။ ကယ်တင်ပြီးပြီ တော်ပြီဆိုပြီး စိတ်ကြိုက်အသက်ရှင်ဖို့လွှတ်ထားတာမျိုးမဟုတ်ဘဲ၊ ကျေးဇူးပြုမြဲပြုနေဆဲဘုရားပါ။ နှုတ်ကနေ ကျေးဇူးတော်ချီးမွမ်းလိုက်ရုံလေးနဲ့ စိတ်ပါမှကိုးကွယ်ရမယ့်ဘုရား၊ လိုအပ်မှဟစ်အော်ရတဲ့ဘုရားမှ မဟုတ်တာ။ ထာဝရကိုးကွယ်ထိုက်သော၊ အစေခံထိုက်သောဘုရားဖြစ်တယ်ဆိုတာနှလုံးသွင်းသိမှတ်ဖို့အင်မတန်မှအရေးကြီးလှပါတယ်။ စာရေးသူကို ဘာကြောင့်ဘုရားသခင်ကိုအစေခံသလဲလို့ဆိုလာရင် ဘုရားရှင်ရဲ့ကောင်းမြတ်ခြင်းနဲ့ချစ်သနားခြင်းမေတ္တာကို လွန်သွားနိုင်လောက်စေတဲ့ အရာ၊ အကြောင်းပြချက်တစုံတခုမျှမရှိလို့ပါလို့ ရိုးရှင်းစွာပြောပါရစေ။
“သင်တို့သည် သခင်ခရစ်တော်၏ အစေကို ခံကြသည်ဖြစ်၍၊ အမွေတော်တည်းဟူသော အကျိုးကို၊ ထိုသခင်ဘုရား၏ လက်တော်မှ ခံရလိမ့်မည်ဟု သိမှတ်ကြလော့။”
ကောလောသဲဩဝါဒစာ ၃း၂၄
~ ဘယ််လို ~
ဘယ်လို အစေခံမလဲဆိုတာမှာ ဘုရားသခင်ကို ကိုယ်ကဘယ်လိုသိနားလည်ထားသလဲဆိုတဲ့အချက်က အရေးအကြီးဆုံးပါပဲ။ ကိိုယ်မသိတဲ့လူတယောက်ကို ဘယ်သူကမှလုံးလုံးလျားလျား စိတ်ချယုံကြည်မှာမဟုတ်သလို၊ ကိုယ့်ဘဝကိုစီမံခန့်ခွဲဖို့ အပ်နှံရဲမည်လည်းမဟုတ်ပါ။ ထူးဆန်းတာက ကျွန်ုပ်တို့ဟာ ပင်ကိုယ်အားဖြင့်ဘုရားရှင်ကိုသိချင်သူတွေမဟုတ်ပါဘူး၊ မျက်မှောက်တော်ကနေရှောင်ပြေးခဲ့ကြတဲ့အပြစ်သားတွေပါပဲ။ နောက်ပြီး ပိုပြီးထူးဆန်းတာက ဒီလိုရှောင်ပြေးတဲ့လူသားတွေကို ရှာတဲ့ဘုရားသခင်ပါပဲ။ ကိုယ့်အကြောင်းကို အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်သိနေတဲ့ ဘုရားရှင်ကို မကိုးကွယ်ချင်၊ အစေမခံလိုတဲ့ စိတ်သဘောမျိုးက အတော်ကို အကျည်းတန်လွန်းတယ်ဆိုတာ ဒီစာကိုရေးနေရင်းနှင့်ပင် သတိပြုကာဆင်ခြင်မိပါတယ်။ ဒါကြောင့် ဘယ်လိုအစေခံမလဲဆိုတဲ့အခါ ကိုယ်ကဘယ်လိုအနေအထား၊ အခြေအနေရှိနေလည်းဆိုတာသဘောပေါက်ပြီး မျက်မှောက်တော်ကနေရှောင်မပြေးဘဲ၊ ဘုရားရှင်ကိုယ်တော်သည်လည်း မည်သို့သောဘုရားဖြစ်တယ်ဆိုတာကိုသိလျက် အထံတော်သို့တိုးဝင်လျက်ကိုးကွယ်ကာ အစေခံတတ်ပါမည်အကြောင်း အမြဲသတိပြုသင့်ပါသည်။
ဟေဗြဲဩဝါဒစာ ၁၁း၆
“ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့် အထံတော်သို့ ချဉ်းကပ်သောသူသည်၊ ဘုရားသခင် ရှိတော်မူသည်ကိုလည်းကောင်း၊ ကိုယ်တော်ကို ရှာသောသူအား အကျိုးပေးတော်မူသည်ကိုလည်းကောင်း၊ ယုံကြည်ရမည်။”
~ ဘယ်အရာ ~
ဘယ်အရာ တွေနဲ့အစေခံမလဲဆိုတဲ့အပိုင်းမှာကျတော့ ကိုယ်တော်ပေးတဲ့အပိုင်းနှင့်ကိုယ်တတ်နိုင်တဲ့အပိုင်းကနေအစေခံတတ်ဖို့လိုပါတယ်။ ကိုယ်တော်ဘာပေးလဲဆိုရင် CALLING, BLESSING ဆိုတဲ့ အမှုတော်အတွက်ခေါ်ခြင်း၊ အသက်တာမှာပေးတဲ့ကောင်းကြီး များအားဖြင့်ဖြစ်ပါတယ်။ အားလပ်ရက်တွေမှသာ၊ အလုပ်မရှုပ်တဲ့အချိန်မှသာ၊ အဆင်ပြေနေမှသာ၊ ကောင်းစားနေမှသာ၊ တိုက်နဲ့ကားနဲ့ရှိနေမှသာ အစေခံမယ်ဆိုရင်တော့ အစေခံခြင်း မမည်ပါဘူး။ ဘုရားကိုအပေးအယူသဘောမျိုးနဲ့ အဖိုးအခကိုညှိယူတဲ့ ဘုရားသားအမည်ခံသက်သက်ပဲဖြစ်နေမှာပါပဲ။ ခေါ်တော်မူခြင်းအားဖြင့် အစေခံတဲ့အခါ ကိုယ်ပေးရမည့်အဖိုးအခကိုအမြဲထည့်တွက်ရမှာဖြစ်ပါတယ်။ ခံစားရတဲ့ကောင်းကြီးများအားဖြင့် အစေခံတဲ့အခါမှာဆိုရင်လည်း တွန့်တို၊ ကပ်စေးနှဲတဲ့ နှလုံးသားကိုအမြဲငြင်းဆန်နေဖို့လိုပါတယ်။ ထာဝရဘုရား၏ကယ်တင်ခြင်းကိုထာဝရဘုရားသခင်ကိုယ်တိုင်က တပါးတည်းသောသားတော်အားဖြင့်ပေးခဲ့တာပါ။ ဘယ်လူသားတစုံတယောက်မျှကြောင့်မဟုတ်ပါဘူး။ ပွဲစားမလိုသော၊ မရှိသောအမှုအရာပါ။ ဒါကြောင့် အစေခံတဲ့အခါမှာ ကိုယ်တတ်နိုင်တဲ့အပိုင်းကနေအမြဲအစေခံနေဖို့ လိုပါတယ်။
ဘုရားကိုမကြည့်ဘဲလူကိုအစေခံနေမိရင်၊ လူကိုကြည့်ပြီးဘုရားကိုအစေခံနေမိရင်သတိထားပါ။ ဘုရားကိုသာစေ့စေ့ကြည့်ပြီး ဘုရားကိုစေခံပါ၊ ထိုဘုရားကိုပဲစေ့စေ့ကြည့်ပြီး အချင်းချင်းကိုအစေခံပါ။
ဘုရားရှင်ပေးတဲ့ ခေါ်ခြင်း၊ ကောင်းကြီးနဲ့ ထိုအရာတွေကိုသိကာရှိတဲ့ အသက်တာနဲ့ အစေခံနိုင်မှာဖြစ်ပါတယ်။
ကောရိန္သုဩဝါဒစာပဌမစောင် ၇း၂၄
“ညီအစ်ကိုတို့၊ ခေါ်တော်မူခြင်းကျေးဇူးကို ခံရသောသူသည် အကြင်အမှုကို လုပ်နေ၏။ ထိုသို့ ဘုရားသခင့်ရှေ့တော်၌ လူတိုင်းလုပ်နေစေ။”ရှင်ပေတရုဩဝါဒစာ ဒုတိယစောင် ၁း၁၀
“ထိုကြောင့်၊ ညီအစ်ကိုတို့၊ သင်တို့ခံရသော ခေါ်တော်မူခြင်းနှင့် ရွေးချယ်တော်မူခြင်းကို တည်မြဲစေခြင်းငှာ သာ၍ ကြိုးစားအားထုတ်ကြလော့။ သို့ပြုလျှင်၊ ရွေ့လျော့ခြင်းနှင့် အစဉ်ကင်းလွတ်သည်ဖြစ်၍”
ဒါကြောင့် ယုံကြည်သူတွေအနေဖြင့် ဘုရားသခင်ကို၊ ဘာကြောင့်၊ ဘယ်လိုမျိုး၊ ဘယ်အရာအားဖြင့် အစေခံမလဲဆိုတာသတိပြုဆင်ခြင်ကာ အစေခံခြင်းအရာမှာ အားနည်းသောသူများမဖြစ်စေဘဲ၊ အားစိုက်ကြိုးစားခြင်းက ထိုသခင်သာတိုးပွါးစေပါမည်အကြောင်း
မေတ္တာဖြင့်
ယခုဆောင်းပါးသည် မူရင်းစာရေးသူဖြစ်သော ဆရာ Broshay နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူများ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။