Skip to content

လဲသော်လည်း ထဦးမည်

လောကတွင် တွေ့ကြုံရတတ်သော ခက်ခဲခြင်းများ၊ ဒုက္ခပြဿနာများ၊ နာကျင်ခြင်းများ စသည့် “Suffering” များကို ကျွန်ုပ်တို့ ယုံကြည်သူခရစ်ယာန်များသည် ကြုံတွေ့ခံစားရနိုင်ပါသည်။ ကိုယ်စီကိုယ်စီ သက်ဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးပင်ဖြစ်စေ အမျိုးမျိုးသော ကျရှုံးရခြင်းများကြောင့် စိတ်ပျက်အားငယ်နေရသည့် အချိန်များကိုလည်း ခံစားရသည့် အခိုက်အတန့်သည် စိတ်ညစ်စရာပင် …

မိတ်ဆွေ သင်လဲကျနေသလား …ဆုံးရှုံးမှုတွေကြားထဲ စိတ်ပျက်နေသလား … ဘဝကို အရှုံးပေးချင်လောက်အောင် စိတ်ပျက်လက်ပျက် ခံစားနေရပြီလား … အဲဒီအရှုံးတွေကြားထဲမှာ လဲပြိုရင်း ဘဝကို အရှုံးပေးလိုက်ချင်ပြီလား … ထိုသို့ ခံစားမိတိုင်း “လူ၌ဖြစ်တတ်သော စုံစမ်းနှောင့်ရှက်ခြင်းကိုသာ သင်တို့သည် ခံရကြ၏” ဟူသည့် နှုတ်ကပတ်တော်ကို သတိရလိုက်ပါ။

သင်နှင့် ကျွန်တော်တို့သည် ကျရှုံးနိုင်ပါသည်၊ လဲကျတတ်ပါသည်၊ အဆင်မပြေမှုများလည်း ခံစားရနိုင်ပါသည်။ ဘဝတွင် ဘာကိုလုပ်လုပ် နှစ်ကြိမ် သုံးကြိမ်ပြန်လုပ်ရခြင်း၊ အကြိမ်ကြိမ်အဆင်မပြေဖြစ်ရခြင်း စသဖြင့်တို့ကြောင့်လည်း ငိုကြွေးမိသည့် အခိုက်အတန့် … တခါတရံတွင်လည်း ကြုံတွေ့ရတတ်သော တစ်ကြိမ် နှစ်ကြိမ် အဆင်မပြေခြင်း ရှုံးနိမ့်ခြင်းများကြောင့် စိတ်ပျက်မိသည့် အခိုက်အတန့်များလည်း ရှိကောင်းရှိပေဦးလိမ့်မည်။

ထို့အတူ ကျွန်ုပ်တို့ယုံကြည်သူ ခရစ်ယာန်တိုင်းသည် ဤအရာများကို ကြုံတွေ့ခံစားရတတ်သည်ဖြစ်သော်လည်း ထိုကျရှုံးရခြင်း၊ ပြိုလဲရခြင်းနှင့် ဆုံးရှုံးရခြင်းတို့သည် လမ်းဆုံးမဟုတ်ကြောင်း “ထွက်မြောက်သော လမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်” ဟူသည့် နှုတ်ကပတ်တော်သည် ယနေ့သင်နှင့် ကျွန်ုပ်တို့၏ ကျရှုံးခြင်းများစွာအတွက် အားယူ၍ ပြန်လည်တည့်မတ်လာဖို့ရန် ကတိစကားဟုပင် ဆိုချင်ပါသည်။

ပရောဖက်တစ်ဦးဖြစ်သည့် မိက္ခာကတော့ “ငါလဲသော်လည်း ထဦးမည်” ဟုဆိုရုံသာမကဘဲ သူ၏ လဲကျခြင်း ဆုံးရှုံးခြင်းများသည် အချိန်အကြာကြီးမဟုတ်ဘဲ သူ့အတွက် ဘုရားသခင်၏ ထူမခြင်းရှိသေးကြောင်းကို “မှောင်မိုက်၌ ထိုင်ရသော်လည်း၊ ထာဝရဘုရားသည် ငါ၏အလင်းဖြစ်တော်မူလိမ့်မည်” ဟူသည့် စကားသည် သက်သေပင် … ထို့အတူ သုတ္တံဆရာကလည်း “ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ်လဲသော်လည်း ထပြန်လိမ့်မည်” ဟု တိတိကျကျ ဆိုထားပြန်သေး၏။

ရှင်ပေါလု၏ ဘဝအသက်တာကိုကြည့်လျှင် ဒုက္ခဆင်းရဲခံရခြင်း၊ ညှဥ်းဆဲခြင်းအမျိုးမျိုးကို ခံစားရခြင်း၊ မွတ်သိပ်ခံရခြင်း၊ မတရားဖမ်းဆီးချုပ်နှောင်ခံရခြင်း၊ ပိတ်ပင်ခံရခြင်း၊ လူ့အခွင့်အရေးများ ဆုံးရှုံးရခြင်း၊ လွတ်လပ်ခွင့်များ ဆုံးရှုံးရခြင်း စသည့် ဆုံးရှုံးခြင်းအမျိုးမျိုးတို့နှင့် လဲကျခြင်းများကိုလည်း အကြိမ်ကြိမ် ကြုံတွေ့ခံစားခဲ့ရပေသည်။ အဆုံးစွန်ထိကြည့်မည်ဆိုလျှင် ခန္ဓာကိုယ်မှ သံကြိုးများသည်ပင် သူ့ဘဝ၏ လွတ်လပ်မှုများကို ဆုံးရှုံးရခြင်း၏ သင်္ကေတတစ်ခုဟု ဆိုရလျှင်လည်း မှားမည်ဟု မထင်ပါ။ ဤသို့သော အခြေအနေအရပ်ရပ်တို့သည် ရှင်ပေါလု၏ လဲပြိုခြင်း၊ ကျရှုံးခြင်း၊ အောက်ဆုံးသို့ ကျရောက်ရခြင်းများဟုသာ ရှုမြင်မည်ဆိုလျှင်လည်း ရှုမြင်၍ရပါဦးလိမ့်မည်။

သို့သော်လည်း ရှင်ပေါလုသည် မည်သို့ပင် အောက်ဆုံးထိတိုင် ကျရှုံးခဲ့ပါစေဦးတော့ သူသည် ဆုံးရာသို့မရောက်ခဲ့ချေ။ ကြိမ်ဖန်များစွာ လှဲချခံရခြင်း၊ ကျရှုံးရခြင်း၊ လဲပြိုရခြင်း၊ ဖမ်းဆီးချုပ်နှောင်ခံရခြင်း၊ မတရားသဖြင့်ပြုမူခြင်းများစွာတို့ကို ခံစားခဲ့ရပါသော်လည်း ဘုရားသခင်၏ ပြန်လည်ထူမခဲ့ခြင်းကြောင့် ရှင်ပေါလုတစ်ယောက် ဧဝံဂေလိသတင်းစကားကို ဆက်လက်၍ ကြားပြောနိုင်ခဲ့သည်မှာ ငြင်းဆိုနိုင်စရာမရှိပေ။

ကောရိန်သုဩဝါဒစာ ဒုတိယစောင် ၄:၉
ညှင်းဆဲခြင်းကိုခံရသော်လည်းဆုံးရှုံးခြင်းမရှိ။ အောက်သို့ လှဲခြင်းကိုခံရသော်လည်းဆုံးရာသို့မရောက်။

ဤနည်းတူ ကျွန်ုပ်တို့၏ ကျရှုံးခြင်းများ ပြိုလဲကျခြင်းများသည် နှစ်ကြိမ်ကမလို့ ခုနှစ်ကြိမ်ဖြစ်ပါစေ၊ ဆယ်ကြိမ်မကလို့ အကြိမ်တစ်ရာ အကြိမ်တစ်ထောင်ပင် ဖြစ်စေဦးတော့ ဖြောင့်မတ်သောသူ၏ လဲကျခြင်းသည် ထပြန်ဦးလိမ့်မည် မဟုတ်ပါလား။ ကျွန်ုပ်တို့ယုံကြည်သူများသည် ထိုကျရှုံးခြင်းများထဲမှ သင်ယူတတ်စေရန်၊ ဘုရားသခင်၏ ပြန်လည် ထူမပေးခြင်း၌ ရှင်ပေါလုကဲ့သို့ တာဝန်ကျေပွန်စေရန်၊ “ကောင်းသောသူ၏ခြေရာကို ဘုရားရှင်ပဲ့ပြင်ကြောင်း၊ ထိုသူ၏ လဲကျခြင်းသည် ဆုံးရာသို့ မရောက်ကြောင်း၊ ထိုသူအားလည်း ဘုရားရှင်၏ လက်တော်ဖြင့် စောင့်ထိန်းတော်မူကြောင်း” သတိရဆင်ခြင်ရင်း … သူတပါး၏ ကျရှုံးခြင်းများကိုလည်း စာနာတတ်ရန်၊ နားလည်ပေးရန်၊ ဖေးမတတ်စေရန်လည်း လိုဦးပေလိမ့်မည်ဟုသာ ဆင်ခြင်ရင်း …

ဘုရားရှင်ဆက်လက်စကားပြောပါစေ။