မနာလိုခြင်းတည်းဟူသော စိတ်နှလုံးသည် လမ်းမှားကို ရောက်စေတတ်သကဲ့သို့ မှားနေကြောင်းကို မပြင်လိုသည့် လည်ပင်းခိုင်မာသည့် စိတ်နှလုံးသည်လည်း ထိုနည်း၎င်းပင် … တခါတရံတွင် မှားယွင်းကြောင်းကိုပင် မသိနိုင်လောက်အောင် ဖုံးကွယ်တတ်စေသည်မှာလည်း မနာလိုခြင်းပင် …
ကာဣန၏ စိတ်သဘောကို ဆင်ခြင်ကြည့်လျှင် ကိုယ့်အလုပ် သူ့အလုပ် ကိုယ်စီကိုယ်စီနှင့် ညီအကိုချင်း အဆင်ပြေနေပါသော်လည်း နှစ်ဦးသား အတူတူတွဲ၍ လုပ်ဆောင်ကြသည့် ယဇ်ပူဇော်ခြင်းတွင်တော့ မိမိ၏ လိုအပ်ချက်ကိုပင် သတိမထားမိတော့သည်အထိ မနာလိုမှုပါလာခဲ့သည်။ ဘုရားသခင်၏ သတိပေးစကားအား ကြားခဲ့သော်လည်း လက်မခံသည့် လည်ပင်းခိုင်မာခြင်းကြောင့်ပင် ကြီးမားသည့် အပြစ်တစ်ခုကို ကျူးလွန်မိခဲ့သည် မဟုတ်ပါလား …
ကာဣန၏ မနာလိုခြင်းသည် ဘုရားသခင်၏ သတိပေးစကားအား နားမထောင်နိုင်တော့သည်အထိ ပြင်းထန်လှသည်။ မှားယွင်းနေပြီဟုပင် မသိတော့လောက်အောင် မနာလိုခြင်းတည်းဟူသော ထိုအဆိပ်အတောက်သည် ဖုံးလွှမ်းခဲ့ချေပြီ။
ထိုအဖြစ်အပျက်ကို ဆင်ခြင်ကြည့်ခြင်းအားဖြင့် ကမ္ဘာ့ပထမဦးဆုံးသော ပဋိပက္ခသည် ကာဣနမှ စခဲ့လေသလား … သူ၏ မနာလိုခြင်းကြောင့် မိိမိ၏ မှားယွင်းကြောင်းကိုမသိတော့ခြင်း၊ ပြင်ဆင်လိုစိတ်မရှိတော့အောင် လည်ပင်းခိုင်မာခြင်းသည် ညီအကိုချင်း သတ်မိသည်အထိ ပဋိပက္ခကြီးတစ်ရပ် ပေါ်ပေါက်သွားခဲ့လေသည်ကို ကျွန်ုပ်တို့တွေ့ရပေသည်။
ကမ္ဘာဦးကျမ်း ၄:၈
ကာဣနကလည်း လယ်သို့သွားကြကုန်အံ့ဟု ညီအာဗေလကိုခေါ်၍၊ လယ်သို့ရောက်သောအခါ၊ ညီအာဗေလကိုရန်ဘက်ပြု၍သတ်လေ၏။
ထိုမနာလိုခြင်းကြောင့်ပင် ပဋိပက္ခတစ်ခုဖြစ်တည်တတ်သကဲ့သို့ မနာလိုခြင်းတည်းဟူသော အဆိပ်အတောက်သည် ပြင်းလျှင် ပြင်းသည့်အလျောက် မိမိ၏ မှားယွင်းမှုကို ဖုံးကွယ်တတ်ခြင်းနှင့် ပြင်ဆင်လိုစိတ်ကိုလည်း ပျက်ဆီးစေတတ်သည်သာမက ဘုရားသခင်၏ သတိပေးခြင်းကိုပင်လျှင် လစ်လျှူရှုတတ်သည်ကိုလည်း သတိပြုကာ ဆင်ခြင်မိရန် ဤအဖြစ်အပျက်လေးမှ သတိပေးနေသည်မဟုတ်ပါလား။ ကျွန်ုပ်တို့၏ စိတ်နှလုံးတွင် မနာလိုခြင်းတည်းဟူသော အဆိပ်အတောက်များကို ဖယ်ရှားရင်း ပဋိပက္ခများကို ကာကွယ်ကြပါစို့။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။