စာဖတ်သူတွေကြားဖူး၊ ဖတ်ဖူးမည့် ဥပမာပေးဇာတ်လမ်းလေးတခုရှိပါတယ်။ အဲ့ဇာတ်လမ်းလေးကတော့ ဘုရားကျောင်းထဲမှာ ဂိမ်းဆော့သူတွေ၊ အတင်းပြောသူတွေရှိနေလို့ ဝတ်ပြုရတာအဆင်မပြေဘူးဆိုတဲ့အကြောင်း သင်းအုပ်ကိုပြောတဲ့အခါမှာ၊ သင်းအုပ်က ပြောလာတဲ့သူကိုရေခွက်ကိုင်စေပြီး လူတွေကိုအာရုံမထားဘဲ ဘုရားကိုသာအာရုံပြုစေဖို့ဥပမာပေးသွန်သင်တဲ့ဇာတ်လမ်းပေါ့။ စာရေးသူကတော့ ဖတ်ပြီးတဲ့အခါ မှတ်ချက်တွေကိုလေ့လာကြည့်တော့ အတော်များများက “အာမင်”ပေါ့၊ တချို့ကလည်း “ဟုတ်တယ် အဓိကက ကိုယ်တိုင်ပဲအရေးကြီးတာ”၊ “ဘုရားကိုပဲအာရုံပြုဖို့ပဲလိုတာ” စသည်ဖြင့်တွေ့ရပါတယ်။ ဒါပေမယ့် ကိုယ်တိုင်ဖတ်ပြီးတဲ့အခါ …
အဲ့ဒီဂိမ်းဆော့၊ အတင်းပြောနေသူတွေကိုကြတော့ သင်းအုပ်က ဘာဖြစ်လို့ ဆုံးမခြင်းကို မပြုရသလဲ၊ သတိပေးခြင်းမရှိရသလဲဆိုပြီး စဉ်းစားကာ စိတ်ဝင်စားမိပါတယ်။ ဘုရားကိုအာရုံပြုလိုသူကိုကျတော့ဆုံးမပြီး၊ လောကီအရာကိုအာရုံပြုနေသူတွေကိုကျတော့ဘာလို့တခွန်းတောင်မဟခဲ့သလဲ။ နောက်ပြီးတော့ ဘုရားကျောင်းဆိုတဲ့နေရာကလည်း ယုံကြည်သူတွေအတူတကွစုဝေးကြပြီး ဘုရားကိုကိုးကွယ်ကြသည့်နေရာတခုလည်း မဟုတ်ပေဘူးလား။
ဒီကနေ့အသင်းတော်တွေထဲ ပြဿနာများကိုကိုင်တွယ်ဖြေရှင်းရာမှာ အလွန်ပင်ပေါ့လျော့တယ်လို့ဆိုရင် မလွန်လောက်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် အသင်းတော်အတော်များများက လူတွေလာဝတ်ပြုရင်ပြီးတာပဲ၊ လူများရင်ပြီးတာပဲ၊ အလှူငွေပါဝင်ရင်ရပြီဆိုပြီး ဘာပဲလုပ်နေလုပ်နေ၊ ဘာပဲဖြစ်နေဖြစ်နေ အားနာလို့လား၊ စိတ်ခုသွားမှာစိုးလို့လား နှုတ်ဆိတ်နေတတ်ကြပါတယ်။ ပြဿနာများကိုကိုင်တွယ်တဲ့အခါမှာလည်း ခေတ်ရေစီးကြောင်းကြောင့်ပဲဆိုရမလားမသိ “ပြည့်စုံမှလာပြီးဝေဖန်ပါ၊ ကိုယ့်ထက်ကောင်းရင်လာစီရင်ပါ” ဆိုတဲ့ချေပသံတွေကိုကြောက်နေကြသလို၊ ခေတ်ပညာတတ်လေးများရဲ့လောကီဆန်ဆန် နှလုံးသားခေါ်ရာလိုက်ခြင်း (follow your heart) အနေအထားများကိုလည်း “လူငယ်တွေပဲပေါ့ပေါ့ပါးပါး၊ လွတ်လွတ်လပ်လပ်နေပါစေ” ဆိုပြီး အထိန်းအကွပ်မဲ့အသက်ရှင်နေစေခြင်းစတဲ့အခြေအနေမျိုးတွေ့လာနေရပါတယ်။
ဒါကြောင့် သတိထားကြည့်ပါ လူငယ်တော်တော်များများက ကိုယ့်အတွက်အဆင်ပြေမည့် အသင်းတော်ကိုသာသွားနေကြသည်။ ကိုယ့်ရဲ့ခံစားချက်ကိုအားပါးတရ အသုံးချမွှေ့လျော်ရမည့် အခွင့်နှင့်အရပ်ကိုသာဦးစားပေးလာနေကြသည်။
တကယ်တမ်းဆိုရင် ကိုယ့်ခံစားချက်နဲ့မောင်းနှင်နေတဲ့ဝိညာဉ်အသက်တာရှင်သန်နေမှုအား သတိပေးနေသူတွေကိုကျတော့ သူတို့က “ဒါငါ့ကိုစီရင်နေတာ”လို့ခံစားနေရတဲ့သဘောပါပဲ။ မှားနေတာကို ပြစ်တင်ဝေဖန်ထောက်ပြခြင်းကို မခံချင်သူတွေများလာတဲ့အခါ သမ္မာတရားကိုသမ္မာတရားအတိုင်းပြောဖို့ဝန်လေးတွန့်ဆုတ်ပြီး “မေတ္တာပဲပြရမှာပေါ့”ဆိုပြီး ပေါ့လျော့စွာချစ်သူတွေလည်းများလာပါတော့တယ်။
လူကြီးအရွယ်ကြပြန်တော့လည်း ရှေးရိုးစွဲအရာများကိုစွဲကိုင်တတ်လွန်းတော့ အသင်းတော်ရဲ့ရှေ့ဆက်တက်လှမ်းရမည့်အရာတွေမှာ တွန့်ဆုတ်ရပြန်ပါသေးတယ်။ “ငါတို့လည်းငယ်ရာကနေကြီးလာတာပါ” လို့ဆိုသော်လည်း၊ ခေတ်ရဲ့အနေအထား အချိန်အခါတွေကိုမထောက်ဘဲ တယူသန်အယူအဆ အတွေးခေါ်များနဲ့ အသင်းတော်မှာ ကန့်လန့်ပုံစံမျိုးတွေဖြစ်နေတတ်ပါတယ်။ အသင်းတော်ရှိလူငယ်နဲ့လူကြီးကြားမှာ အပေးအယူမမျှ၊ နားလည်မှုမရှိခြင်းတွေဟာ အခုချိန်ထိအသင်းတော်ထဲမှာရှိနေသေးတဲ့ ပြဿနာတခုပါပဲ။ အသင်းတော်ရှိသင်းအုပ်များ၊ အမှုတော်ဆောင်များအနေဖြင့် နှုတ်ကပတ်တော်အားဖြင့်ခံရသော အခွင့်အာဏာကို အပြည့်အဝအသုံးချဖို့ရာတွန့်ဆုတ်နေမည်ဆိုလျှင်တော့ ဤသို့သောပြဿနာများက ဘယ်သောအခါမျှပြီးဆုံးလိမ့်မည်မဟုတ်သလို၊ ခေတ်ကာလအလိုက်ပို၍ပင်ဆိုးဝါးလာပါလိမ့်မည်။ အပြစ်ဟာအပြစ်ဖြစ်တယ်၊ ဘုရားနှစ်သက်သည့်၊ မနှစ်သက်သည့်အရာကဘယ်အရာဖြစ်တယ်၊ အလိုတော်ရှိသည့်အရာကဘယ်အရာဖြစ်တယ် ဆိုတာကိုဟောပြောတိုက်တွန်းသွန်သင်ခြင်းက မည်သူတဦးတယောက်မျှရဲ့ခံစားချက်ကိုထိခိုက်စေသည်မဟုတ်ဘဲ၊ သမ္မာတရားကိုမှန်ကန်စွာ၊ သစ္စာရှိစွာဟောပြောခြင်းသာဖြစ်ပါတယ်။ အထူးသဖြင့် နှုတ်ကပတ်တော်အားဖြင့်ဘုရားသခင်ကိုယ်တော်တိုင်စီရင်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် “စုံလင်မှ၊ ကောင်းမှစီရင်ပါ”၊ “ဘုရားပဲငါ့ကို/သူ့ကိုစီရင်ပါစေ” ဆိုသူတွေအနေနဲ့ ဘုရားကသူ့ရဲ့ကောင်းမြတ်စုံလင်တဲ့နှုတ်ကပတ်တော်အားဖြင့် သွန်သင်နေတာကိုဘာကြောင့် မခံယူချင်ရတာလဲ။
ဆောင်းပါးအစမှာပြောခဲ့တဲ့ ဇာတ်လမ်းနဲ့ပြန်ဆက်စပ်ရရင် …
ဘုရားကျောင်းဆိုတဲ့ ယုံကြည်သူတွေတွေ့ဆုံကာစုဝေးပြီး ဘုရားရှင်ကိုဝတ်ပြုကိုးကွယ်တဲ့နေရာမှာ၊ ဂိမ်းဆော့၊ အတင်းပြော၊ ကွမ်းစား၊ ဆေးလိပ်သောက် စတဲ့အနေအထားတွေရှိနေပြီဆိုကတည်းက၊ နောက်ပြီးတော့ အဲ့လိုလူတွေပဲပိုများလာနေပြီဆိုကတည်းက တာဝန်ယူထားသူတွေ၊ တာဝန်ရှိသူတွေနဲ့ အထူးသဖြင့် မသက်ဆိုင်ပေဘူးလား။ အမှန်အကန်ဝတ်ပြုသောသူအတွက်အနှောင့်အယှက်ဖြစ်နေတဲ့အရာတွေကို “နေပါစေ”ဆိုပြီး ဘာမှမပြောဘဲနေခြင်းကဖြစ်သင့်ပါသလား။ ရေတခွက်ကိုင်ပြီး ဘုရားကျောင်းကိုပတ်လျှောက်ဖို့ထက်၊ ဘုရားကျောင်းထဲမှာ စိတ်နှလုံးပြင်ဆင်၊ ဆင်ခြင်လျက်ရှိသောသူတွေစုဝေးကာ ဝတ်ပြုခြင်းကပိုပြီးအရေးကြီးပေသည်မဟုတ်ပေဘူးလား။ အကယ်၍ အခြားသူတွေသာ အပတ်တိုင်းဒုံရင်းအနေအထားဆိုရင်တော့ ဧကန်ဝတ်ပြုသူအဖို့ အပတ်တိုင်းရေခွက်ကိုင်ပတ်လျှောက်ရမည့်အနေအထားမျိုးဖြစ်နေပါတော့တယ်။
လောကမှာပညာကိုဆည်းဖူးဖို့၊ တတ်ကျွမ်းဖို့၊ သိလာဖို့ အတွက် ကျောင်းဆိုတဲ့အရာကိုမှီခိုရပါတယ်။ ထိုနည်းတူ ပို၍လေးနက်တဲ့ ဝိညာဉ်အသက်တာအတွက် ယုံကြည်သူတွေအတူစုဝေးဖို့ ဘုရားကျောင်းဆိုတာလည်းလိုအပ်ပါတယ်။ ဘုရားကျောင်း၌ အသင်းတော်သည် နှုတ်ကပတ်တော်ကို “သင်ပြ” ပေးတဲ့နေရာ တနည်းဆိုရရင် နှုတ်ကပတ်တော်မျိုးစေ့ကိုကြဲပျိုးသောနေရာဖြစ်ရမည်ဖြစ်သလို၊ လာရောက်သောသူအယောက်တိုင်းအနေဖြင့်လည်း လက်ခံ “သင်ယူ”ကာ အပင်ပေါက်၊ ကြီးထွားသန်မာရမည့်နေရာသာဖြစ်သင့်ပါတယ်။ ဘုရားကျောင်းမှာ လူသစ်၊ အသက်တာသစ်ဖြစ်လာသူတွေအတူစုဝေးပြီး လူသစ်၊ အသက်တာသစ်ဖြစ်စေသောသူကိုကိုးကွယ်ခြင်းအရာမှာ ပေါ့ပေါ့တန်တန်တွေးကာ၊ ဖြစ်သလိုကိုးကွယ်လိုက်စေတဲ့ နေရာမျိုးမဖြစ်သင့်ပါဘူး။
ဘုရားသခင်သည် အနန္တတန်ခိုးနဲ့ကြွယ်ဝသောဖန်ဆင်းရှင်၊ သန့်ရှင်းဖြောင့်မတ်၍တရားမျှတကာ သစ္စာနှင့်ပြည့်စုံပြီး မနေ့ယနေ့နောင်ကာလ မပြောင်းလဲသော၊ ဂုဏ်တော်ဘုန်းတော်ထာဝရကြီးမြတ်တော်မူသောအရှင်ဖြစ်ခြင်းကို တလောကလုံးကသိစေဖို့ရာ၊ လူမျိုးအပေါင်းတို့ကချီးမွမ်းဖို့ရာ အသင်းတော်ဟာအစပြု “သင်ပေး”သောနေရာဖြစ်ဖို့လိုပါတယ်။ ထိုသို့ကြီးမြတ်စုံလင်သောဘုရားစုံလင်တော်မူသည်အတိုင်း စုံလင်ခြင်းကိုတောင့်တလိုချင်သောနှလုံးသားဖြင့် “သင်ယူ”သောနေရာဖြစ်ဖို့လည်းအရေးကြီးပါတယ်။ အိမ်မှာရှိနေသည့်အချိန် ဂိမ်းကိုစိတ်ကြိုက်ဆော့ပါ၊ အတင်းလည်းပြောချင်သလောက်ပြောပါ၊ လုပ်ချင်သည့်အရာမှန်သမျှကိုလုပ်လိုက်ပါ၊ သို့သော်လုပ်ဆောင်မှုတခုစီတိုင်းက ဘယ်သူ့ကိုအမှီပြုနေသလဲ၊ ဘာကိုလက်ခံသင်ယူထားသလဲဆိုတဲ့ အကျိုးရလဒ်ကိုတော့ ကိုယ်တိုင်ရိတ်သိမ်းရမည်ကို သတိပြုဖို့တော့လိုပါသည်။ သင်ပြပေးသောသူမရှိတဲ့အခါ၊ ရှိလျက်နဲ့မသင်ပေးတဲ့အခါ၊ သင်ယူသူကလည်း စိတ်မဝင်စား သင်ယူလိုစိတ််မရှိတဲ့အခါ ဖြစ်ပေါ်လာသည့်ပြဿနာက ရေတခွက်နဲ့ပြီးသွားနိုင်တဲ့ရိုးရှင်းတဲ့အခြေအနေတရပ်တော့မဟုတ်ပါဘူး။
ဒါကြောင့် အသင်းတော်တွေအနေနှင့်သန့်ရှင်းသောဝိညာဉ်တော်၏မစသွန်သင်လမ်းပြခြင်းဖြင့်ထာဝရဘုရား၏သမ္မာတရားနှုတ်ကပတ်တော်ကို အစဉ်ဟောပြော “သင်ပြ”နေရုံသာမက၊ ဝိညာဉ်တော်၏မစခြင်းအားဖြင့်လည်းထာဝရဘုရား၏သမ္မာတရားနှုတ်ကပတ်တော်ကို အစဉ် “သင်ယူ”နေသောသူတွေဖြစ်ဖို့တိုက်တွန်းလိုပါတယ်။ အသင်းတော်၏ဦးခေါင်းတည်းဟူသော သခင်ယေရှုခရစ်တော်ကို ဗဟိုပြုသောအသင်းတော်ဖြစ်နေသ၍ ထိုသခင်ကိုဗဟိုပြုနေသောသူတွေနှင့်စည်းဝေးကာ ဝတ်ပြုနေကြမည်မှာအသေချာပင်ဖြစ်သည်။ တနင်္ဂနွေရောက်လို့ ဘုရားကျောင်းသွားဖို့ပြင်ဆင်တော့မယ်ဆိုရင် အပြင်ပန်းဝတ်စားဆင်ယင်ဖို့ထက်အတွင်းနှလုံးသားအတွက် “သင်ယူ”တတ်ဖို့ကိုသာဦးစားပေးပါ။
အသင်းတော်လူကြီးတွေ၊ သင်းအုပ်တွေအနေဖြင့်လည်း သခင်ခရစ်တော်ရဲ့ဆုံးမသွန်သင်ခြင်းတွေကို “သင်ပြ” ဖို့ကိုသာဦးထိပ်ထားပါ။ ဘုရားကျောင်းဆိုသည်မှာ အခကြေးငွေပေးမှ “သင်ပြ သင်ယူ နိုင်သည့်နေရာ” မဟုတ်ပါ။ ပြောင်းလဲခြင်း၊ အသစ်ဖြစ်ခြင်း၊ လွတ်မြောက်ခြင်းဆိုသည့်အရာများမှာ သခင်ကိုယ်တိုင် အဖိုးအခပေးချေကာ အခမဲ့ပေးခဲ့သောကြောင့်ပေတည်း။ အခမဲ့ဖြစ်သော်လည်း အဖိုးထိုက်တန်သောကြောင့် ရိုသေလေမြတ်စွာ “သင်ပြ သင်ယူ” သင့်ပါသည်။ ချစ်သောညီကိုမောင်နှမတို့ သင်ဟာ အမှုတော်ဆောင်ဖြစ်ပါစေ၊ သင်းအုပ်ဖြစ်ပါစေ၊ အသင်းသားဖြစ်ပါစေ ဘုရားရှင်ခွဲခန့်သောဆိုင်ရာတာဝန်အသီးသီးရှိသောသူတွေဖြစ်ကြတယ်ဆိုတာ မမေ့ပါနှင့်။ ထိုသို့မမေ့ခြင်းနှင့်အတူ ကိုယ့်အသက်တာကိုဆင်ခြင်ကာ ပြင်ဆင်ခြင်းအားဖြင့် ကိုယ်နှင့်သက်ဆိုင်သော အသင်းတော် ကို “သင်ပြ သင်ယူ ရမည့်နေရာ” ဖြစ်စေဖို့သတိပြုနေပါမည့်အကြောင်း တိုက်တွန်းရင်း
မေတ္တာဖြင့်
ယခုဆောင်းပါးသည် မူရင်းစာရေးသူဖြစ်သော ဆရာ Broshay နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူများ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။