Skip to content

ရှင်ပေါလု၏ သတိပေးစကားများထဲတွင် စစ်မှန်သည့် သမ္မာတရားနှင့်သက်ဆိုင်လျှင် ခုခံကာကွယ်ရမည်ဆိုသည့် အမှားအယွင်းမခံသောအရာကို မြင်တွေ့ရသကဲ့သို့ အရေးမကြီးသည့်  အသေးအမွှားကိစ္စများကိုတော့ ငြင်းခုံရန်မလိုအပ်သည့်နှယ် ခြားနားခြင်းများကိုတွေ့ရပေသည်။

တိမောသေဩဝါဒစာ ဒုတိယစောင် ၂:၁၆
တရားမဲ့ဖြစ်သော အချည်းနှီးစကားကို ရှောင်လော့။ အကြောင်းမူကား၊ ထိုစကားသည် မတရားသော အမှုတို့ကို ပွါးများစေလိမ့်မည်။

ရှင်ပေါလုသည် သူ၏ သားတပည့်ဖြစ်သူ တိမောသေအား သတိထားရန် အသေအချာမှာနေခြင်းသည် “သင်၌ အပ်ထားသောအရာကို စောင့်ရှောက်လော့၊ ကျေးဇူးတော်အားဖြင့် ခိုင်ခံ့ခြင်းရှိလော့” ဟူသည့် မိန့်မှာစကားများသည် သက်သေများဟုဆိုရလျှင်လည်း ငြင်းဆိုနိုင်ဖွယ်မရှိပေ …

ဤစာစောင်၏ အပိုဒ်ငယ် “၁၄” ကိုကြည့်လျှင် မည်သည့်အကျိုးမျှမရှိသည့်စကားများကို ငြင်းခုံခြင်းမပြုရန် သတိပေးထားပြန်ပါသည်။ သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားနားလည်တတ်သည့် သားတပည့်ဖြစ်သူအား ဘုရားသခင်ရှေ့၌ ကြိုးစားအားထုတ်စေရန် သတိပေးရုံမျှမက တခါတရံတွင် သတိလက်လွတ်ဖြစ်စေတတ်သည့် လူ့သဘာဝများကို ရှင်ပေါလုသည် ကောင်းစွာနားလည်ထားသကဲ့သို့ ဆရာသမားတစ်ဦးဖြစ်လာသည့် တိမောသေအားလည်း သတိထားမိစေရန် သတိပေးနေသည့်နှယ် မြင်တွေ့ရပေသည်။

လူသားဖြစ်သည့်အလျောက် အချည်းနှီးသောစကားများကို ချေပလိုစိတ်သည် သူသူကိုယ်ကိုယ် ရှိတတ်ကြသည်၊ တရားလက်လွတ် ပြောတတ်ဆိုတတ် ရွဲ့စောင်းတတ်ကြသည် ဖြစ်သော်လည်း “သမ္မာတရားကိုပိုင်းခြားတတ်တဲ့ တိမောသေရေ … မင်းတော့ အဲဒီအထဲ မပါစေနဲ့” ဟု သတိပေးနေသည့်အလား …

အဘယ့်ကြောင့်ဆိုသော် ဤသို့သော စကားများမှတဆင့် “ungodliness” ဟု အဓိပ္ပါယ်ရသည့် မတရားသောအမှုများကို တိုးပွားစေတတ်ကြောင်းကို ရှင်ပေါလုကောင်းစွာ နားလည်ထားသောကြောင့်ပင် ဖြစ်ချေမည်။ တနည်းဆိုရသော် အချည်းနှီးသောစကားများနှင့် မည်သူတစ်ဦးတစ်ယောက်အတွက်မျှ အကျိုးမရှိသော စကားများသည် ငြင်းခုံရင်းနှင့်သာ အချိန်ကုန် လူပန်းကာ သူတပါးအတွက် တည်ဆောက်စရာ မဖြစ်ကြောင်းသာမကဘဲ ထိမိ၍ လဲစရာပါဖြစ်စေတတ်သည်ကိုလည်း တမန်တော်ကြီးတစ်ဦးအနေဖြင့် ကောင်းစွာ သဘောပေါက်နားလည်ထားသောကြောင့်ပင် … ထို့ကြောင့်လည်း ထိုသို့သော တရားမဲ့ အချည်းနှီးသော စကားများကို ရှောင်လော့ *SHUN* ဟု တိတိကျကျ သတိပေးလိုက်ခြင်းပင်ဖြစ်ချေဦးတော့မည်။

ကျွန်ုပ်တို့ အသက်တာတွင်လည်း တိုက်လှန်ခြင်းနှင့် ရှောင်ရှားခြင်းကို ကောင်းစွာနားလည်ထားသင့်သကဲ့သို့ ကောင်းစွာခွဲခြားပြီး လုပ်ဆောင်နိုင်ရမည်ဖြစ်သည်။ သို့မှသာ စစ်မှန်သောသမ္မာတရားနှင့် သက်ဆိုင်လျှင် ခုခံကာကွယ်ရမည်လား၊ အရေးမကြီးသည့် အသေးအမွှားကိစ္စရပ်များကို ငြင်းခုံရန်လိုအပ်မည်လားဟု ပိုင်းခြားကာ လုပ်ဆောင်နိုင်ပေလိမ့်မည်။ ရှင်ပေါလုကတော့ တရားမဲ့ဖြစ်သော အချည်းနှီးစကားများကို ရှောင်လော့ *SHUN* ဟု တိမောသေအား တိတိကျကျသတိပေးသကဲ့သို့ … မိမိကိုယ်တိုင်သည်လည်း ဤစာစောင်မှ သင်ယူဆင်ခြင်ရင်း …

ဘုရားရှင်ဆက်လက်စကားပြောပါစေ။