Skip to content

နောမိ ရဲ့အသက်တာ၊ သူတွေ့ကြုံရတဲ့ ဘဝအနိမ့်အမြင့်တွေကနေ ဆင်ခြင်သင်ယူရသည့်အရာတွေကအများကြီးပါပဲ။ ရုသဝတ္တုအစမှာပင်လျှင် ဣသရေလပြည်မှာအစာခေါင်းပါးသောကြောင့် ခင်ပွန်းရဲ့ဦးဆောင်မှုနဲ့မောဘပြည်ကို မိသားစုလိုက်တည်းခိုဖို့သွားခဲ့ကြပါတယ်။ တည်းခိုဖို့တခုတည်းသာအကြောင်းရှိငြားသော်လည်း သားတွေရဲ့အိမ်ထောင်ပြုခြင်းနှင့်အတူ ဆယ်နှစ်ခန့်မျှကြာညောင်းသွားခဲ့ပါတယ်။ ထိုကာလအတွင်းမှာ ခင်ပွန်းသည်ကိုရော၊ သားနှစ်ယောက်ကိုပါ ဆုံးရှုံးခဲ့ရပါသေးတယ်။ အဲ့ဒီနောက်မှာ ဘုရားသခင်က ဣသရေလပြည်ကိုအကြည့်အရှုကြွလျက်မုန့်ကိုပေးသနားမူပြီ ဆိုတာကိုကြားတဲ့အခါ သူပြန်သွားဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ သူ့နေရင်းပြည်ကိုပြန်ရောက်တဲ့အခါမှာ လူတွေကမတွေ့တာကြာလို့လည်းဖြစ်နိုင်သလို၊ သေသွားပြီအမှတ်နဲ့မေ့မေ့ပျောက်ပျောက်ထားရင်း “ဟာ ဒါနောမိမဟုတ်လား” ဆိုပြီး အုတ်အုတ်ကျက်ကျက်ဖြစ်ကြတဲ့အခါမှာ၊ နောမိက သူ့ကိုနောမိအစား မာရလို့သာခေါ်ဖို့တောင်ပြောခဲ့ပါသေးတယ်။ သဘောက ဘုရားသခင်ကသူ့ကို အလွန်ခါးတဲ့အရာကိုပေး သောကြောင့်ပါတဲ့။

လောကကြီးထဲအသက်ရှင်ချိန်ခဏ လောကဓံကိုကြုရတဲ့အခါ ကျွန်ုပ်တို့တတွေအရင်ဆုံးလုပ်တတ်ကြတဲ့အရာက အရာခပ်သိမ်းကိုအုပ်စိုးတဲ့အရှင်ထံကို “မေး”ဖို့ထက် ကိုယ့်အကြံအစည်နဲ့ကိုယ် ထိုအခက်အခဲထဲကနေ “ပြေး”ဖို့ကိုသာဦးစွာပြုတတ်ကြပါတယ်။ တချို့ကလည်း “ဘုရားသခင်ကို မေးခွန်းမထုတ်နဲ့ကိုယ်လုပ်စရာရှိတာကိုသာလုပ်”လို့ဆိုတတ်ကြပါသေးတယ်။ ဒါပေမယ့် ဘာမျှမလုပ်သေးခင်မေးခြင်းက အကောင်းဆုံးပါပဲ။ ရုသဝတ္တုမဖတ်ခင် တရားသူကြီးမှတ်စာရဲ့အဆုံးမှာ ဘယ်လိုဆိုထားလဲဆိုရင် “ထို​ကာ​လ၌ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် မ​ရှိ၊ လူ​တိုင်း မိ​မိ​စိတ်​အ​လို​ရှိ​သည်​အ​တိုင်း ပြု​သ​တည်း။” တရားသူကြီးမှတ်စာ ၂၁း၂၅။ “House of Bread” လို့အဓိပ္ပါယ်ရတဲ့ ဗက်လင်မှာအစာမရှိတော့လို့မောဘကိုပြေးကာ တည်းခိုဖို့သွားခဲ့တဲ့ ဧလိမလက် မိမိစိတ်ရှိသည်အတိုင်းသွားခဲ့တာကတော့ အသေချာပါပဲ။ ဘာလို့လဲဆိုရင် သူ့ရဲ့သားတွေပင်လျှင် ဘုရားမနှစ်သက်တဲ့ အမျိုးနဲ့တောင်မှစုံဖက်ခဲ့ကြခြင်းက ထင်ရှားနေလို့ပါဘဲ။ ဒါကြောင့် ဘုရားရှင်ကို မမေးမြန်းဘဲ စိတ်ရှိသည့်အတိုင်း မလုပ်လိုက်မိစေဖို့ သတိပေးပါရစေ။ ကိုယ်သာမက ကိုယ့်မိသားစုကိုပါ အကျိုးသက်ရောက်မှုရှိနေလို့ပါပဲ။ ဒီခေတ်ကာလမှာ သတိထားမိတဲ့အရာတခုက “ကိုယ့်ကိုပျော်ရွှင်စေတဲ့အရာမှန်သမျှကိုလုပ်ပစ်လိုက်ပါ” ဆိုတဲ့စကားပါပဲ။ ဟုတ်မလိုလိုရှိပေမယ့် ဝိညာဉ်ရေးနဲ့ယှဉ်လာတဲ့အခါအင်မတန်မှအန္တရာယ်များလှပါတယ်။ အသွေးအသားတောင့်တမှုနဲ့ စိတ်ကျေနပ်ရင်ပြီးရောဆိုပြီး လုပ်ဆောင်လိုက်ခြင်းတွေက အချိန်ကြာလာလေ ပို၍ပင်ပန်းရလေပါပဲ။ နောမိကတော့ ဆယ်နှစ် တာကာလမှာ ခါးသီးမှုတွေခံစားလိုက်ရပါတယ်။ သင်နှင့်ကျွန်ုပ်လည်း ပင်ပန်းစရာတွေကို ပက်ကေ့ချ်အလိုက် ကိုယ့်စိတ်ကြိုက် မဝယ်မိစေဖို့ သတိရှိဖို့လိုပါတယ်။

ဒုက္ခကတော့ ချမ်းသာ၊ ဆင်းရဲမရွေးကြုံရမှာပါပဲ။ မျက်နှာသာ မရှိပါ။ ဣသရေပြည်အစာခေါင်းပါးတော့ နောမိတို့လိုပြေးတဲ့သူတွေလည်းရှိချင်ရှိမှာပါ။ ဒါပေမယ့် ကိုယ့်တယောက်တည်းကိုပဲ ဘုရားကရွေးပြီး ဒုက္ခကိုပိုခံစားစေသလားဆိုတာကတော့မေးစရာရှိလာပါပြီ။ နောမိ ထွက်သွားတုန်းကတော့ ကြွယ်ဝပြည့်စုံပြီး၊ ဆင်းရဲသွားတဲ့အခါ တယောက်တည်းဖြစ်မှ ဘုရားက သူ့ကိုပြန်ပို့တယ်၊ ဘုရားကသူ့ကိုဆင်းရဲစေတယ်၊ မာရလို့ပဲ ခေါ်ကြပါလို့ဆိုတဲ့အခါ သူဘယ်လောက်တောင်မှကြေကွဲနာကျင်ခက်ခဲလဲဆိုတာကိုသိနိုင်ပါတယ်။ ဒါပေမယ့် မိိမိလူတို့ကိုအကြည့်အရှုကြွလျက်မုန့်ကိုပေးသနားတဲ့ ဘုရားရှင်ကိုဆယ်နှစ်တာကာလမှာ “ဘာကြောင့်လဲ” ဆိုပြီးတော့မေးကောင်းမေးနိုင်ခဲ့ပါလိမ့်မယ်။ မမေးရင်လည်း မမေးနိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် လူတွေကထိုကာလမှာတုန်းက မိမိစိတ်ရှိသလိုလုပ်တတ်ကြလို့ပါပဲ။

ချစ်သောညီကိုမောင်နှမတို့ လောကမှာ “မသိရင်မေး” ဆိုတဲ့စကားရှိပါတယ်။ မသိလို့မေးတာကို ဘယ်သူကမျှအပြစ်မြင်မှာ မဟုတ်ပါဘူး။ အထူးသဖြင့် ကျွန်ုပ်တို့၏အလုံးစုံကိုသိတော်မူသော ဘုရားသခင်ထံမေးမြန်းခြင်းက “ခေါက် လျှင် ဖွင့် မည်” ဆိုသည်မဟုတ်ပေဘူးလား။ ကြိမ်ဖန်များစွာကြားနေရသည်က “နားမလည်လည်းချီးမွမ်းလိုက်”၊ “နားမလည်သော်လည်းဝန်ခံလိုက်” ဆိုတဲ့စကားတွေများပါတယ်။ အတိုင်းတာခုတော့ဟုတ်ပေမယ့်လည်း ကိုယ်ရွေးချယ်လိုက်တဲ့အရာ၊ ကိုယ့်တပ်မက်ခြင်းကြောင့်ဖြစ်လာတဲ့ရလဒ်တွေမှာ နားမလည်ဘူးဆိုပြီး ဇွတ် ချီးမွမ်းဝန်ခံခြင်းကတော့ မဖြစ်သင့်ပါ။ ဘုရားရှင်ရဲ့အကြံအစည် ကောင်းမြတ်လှပခြင်းကိုသဘောပေါက်နားလည်ပြီး ချီးမွမ်းတာထက်၊ ကိုယ့်အဆင်မပြေမှုကို ကိုယ့်ဖာကိုယ် ဖာထေးချီးမွမ်းခြင်းမျိုးဖြစ်သွားနိုင်လို့ပါပဲ။ နောက်တချက်က မေးတဲ့အခါမှာ “ဘာကြောင့်လဲ” ဆိုတဲ့မေးခွန်းတခုနဲ့ပြီးသွားတတ်ကြသေးတဲ့အဖြစ်တွေပါပဲ။ ဘာကြောင့်လဲအပြင် ကျွန်ုပ်တို့မေးသင့်သည်က “ဘာဆက်လုပ်ရမလဲ”၊ “ဘယ်ကိုသွားရမလဲ”၊ “ဘယ်လိုလုပ်ရမလဲ” စတဲ့မေးခွန်းတွေပါပဲ။

ဘာဆက်လုပ်ရမလဲ” – ဘုရားကျွန်တော်တို့အပေါ်မှာထားတဲ့အကြံက အကျိုးနည်းစေဖို့မဟုတ်ဘဲ၊ ကျွန်ုပ်တို့မြော်လင့်သောအကျိုး၊ ငြိမ်ဝပ်စေဖို့ဖြစ်ပါတယ်။ (ယေရမိ ၂၉း၁၁-၁၂)

ဘယ်ကိုသွားရမလဲ” – ကျွန်ုပ်တို့တတွေ တခါတရံလောကမှာ ဘယ်သွားရမလဲဆိုပြီးလမ်းပျောက်တတ်ကြပါတယ်။ ကျွန်ုပ်တို့ကိုလမ်းပြပေးမည့်သူက “လမ်းခရီး”ဖြစ်တဲ့သခင်ပဲဖြစ်ပါတယ်။

ဘယ်လိုလုပ်ရမလဲ” – ခြေမကိုင်နိုင်လက်မကိုင်နိုင် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတဲ့အခြေအနေ၊ ဘယ်လိုနည်းလမ်းမှမစဉ်းစားနိုင်တဲ့ အခိုက်အတန့်တွေတိုင်းမှာ နူးညံ့သိမ်မွှေ့သောသဘောရှိတဲ့သခင်က သူ့ထံ၌နည်းခံစေနေပါတယ်၊ ထမ်းလွယ်တဲ့ထမ်းပိုး၊ ပေါ့တဲ့ဝန်နဲ့ စိတ်နှလုံးကိုသက်သာစေမှာဖြစ်ပါတယ်။

ဘုရားထံကနေပြေးသွားတဲ့သူသာ ခါးသီးခြင်းကို ကြုံတွေ့ရတာပါ။ ဘုရားကို မေးတဲ့သူကတော့ ခါးသီးခြင်းတွေထဲမှာပင်လျှင် ချိုမြိန်ခြင်းအသီးအပွင့်တွေကို ခူးဆွတ်စားသုံးရတယ်ဆိုတာကို တိုက်တွန်းပါရစေ။

အကြပ်အတည်းတွေ၊ အခက်အခဲတွေ ရှိကောင်းရှိနေပါလိမ့်မယ်၊ ထို့အတူသခင်လည်းရှိနေတယ်ဆိုတာကို မမေ့ဘဲ၊ ကိုယ်စိတ်ရှိသည်အတိုင်း လုပ်ဆောင်အသက်မရှင်ဘဲ၊ သခင်ကိုစေ့စေ့ကြည့်လျက်၊ သခင့်ကိုခေါ်၍အသံကိုမြော်လင့်လျက် အသက်တာကိုပြင်ဆင်သူဖြစ်ပါမည်အကြောင်းနှိုးဆော်ရင်း

မေတ္တာဖြင့်