Skip to content

ဒီကနေ့ ဆိုရှယ်မီဒီယာများ၊ စီးပွါးရေးဂုရုကြီးများ၊ စယ်လီဘရီတီများ၊ ဆိုရှယ်အင်ဖလူအင်ဇာများ ထံမှ အသုံးအနှုန်းတခုက အင်မတန်မှရေပန်းစားလာနေပါတယ်။ ထိုအသုံးအနှုန်းကတော့ အခြားတော့မဟုတ်ပါဘူး။ “next level” ဆိုတဲ့စကားလေးပဲဖြစ်ပါတယ်။ အံ့ဩမိသည်က ထိုစကားလုံးအသုံးအနှုန်းတွေက နှုတ်ကပတ်တော် သမ္မာတရား ဘုရားစကားကို ဟောပြောသူအချို့ပင်လျှင် သုံးနှုန်းလာနေခြင်းပင်။ ဘယ်လိုရည်ရွယ်ချက်နှင့်အသုံးပြုကာ ပြောဆိုနေလည်းမသိသော်လည်း၊ ဒီစကားလုံးက ဘုရားသခင်ရဲ့လုပ်ဆောင်ခြင်းကိုသော်လည်းကောင်း၊ ဘုန်းတော်ကိုသော်လည်းကောင်း ထင်ရှားမြင်သာစေသလော သို့တည်းမဟုတ် လောကီဆန်သောအသုံးအနှုန်းဖြစ်စေသလောဆိုတာ ဆင်ခြင်ကြရအောင်။

ဒီကနေ့ စာဖတ်နေသူတို့ သတိထားမိကြပါလိမ့်မယ်။ တခါမှမမြင်ဖူးတာ၊ ထူးဆန်းတာ၊ ဆန်းကြယ်မှင်သက်သွားစေတာတွေကို တွေ့ကြရင် “ဟာ..ဒါကြီးက.next level ကြီးကွ” ဆိုတဲ့မှတ်ချက်မျိုးတွေခေတ်စားလာတာကိုပေါ့။ သတိထားမိသလောက်ကတော့ လူတွေမထင်မှတ်ထားမိတာမျိုး၊ လူနည်းစုသာလုပ်နိုင်တဲ့အခြေအနေမျိုး တခုမှာ လုပ်ပြနိုင်လိုက်တာ၊ ပြောနိုင်လိုက်တာ၊ စဉ်းစားတွေးခေါ်ဖန်တီးနိုင်လိုက်တာမျိုးတွေ မှာသုံးကြတာကိုတွေ့ရပါတယ်။ လူမှုကွန်ယက်စကား အသုံးအနှုန်းဆိုလည်း မမှားပါဘူး။ နောက်ထပ်ဘာကိုသတိထားလာမိသေးလဲဆိုရင် ခရစ်ယာန်တရားဟောသူအချို့နဲ့လူငယ်တချို့ကလည်း ဒီစကားလုံးလေးကို အတော်လေးအသုံးပြုလာတာကို တွေ့နေရတာပါပဲ။ စာရေးသူရဲ့ကိုယ်ပိုင်အမြင်ကတော့ အတော်လေး အဆင်မပြေဘူးလို့ခံစားရပါတယ်။ ဘာကြောင့်လဲဆိုရင် ယုံကြည်သူတိုင်းရဲ့တာဝန်က လောကမှာသော်လည်းကောင်း၊ အထူးသဖြင့်အသင်းတော်၌လည်းကောင်း ဆန်းဆန်းပြားပြားနဲ့တင်ဆက်ဖျော်ဖြေနေတဲ့အရာတွေကို “next level” ဆိုပြီးစကားလုံးတွေနဲ့ကြီးကျယ်သယောင်၊ ထင်ယောင်ထင်မှားဖြစ်စေပြီး စိတ်ခံစားချက်သာ next level ရောက်သွားတဲ့အသက်တာမျိုးဖြစ်ဖို့ မဟုတ်လို့ပါပဲ။

တကယ်ကိုပါးစပ်ကနေပြောတဲ့အတိုင်း next level ရောက်ချင်ရင် သခင်ယေရှုခရစ်တော်ကိုကြည့်ပါ။ လောကကြီးကတော့ တဆင့်တိုးလာတယ်၊ ထူးခြားလာတယ်ဆိုရင် next level လို့သတ်မှတ်ပေမယ့်၊ ယုံကြည်သူတွေအနေနဲ့ သခင်ရဲ့ နာခံခြင်း၊ ချစ်ခြင်း၊ ဒုက္ခဆင်းရဲခံခြင်း တွေကိုမခံယူတတ်ဘဲ၊ သခင်ကဲ့သို့သောအရွယ်ပမာဏထဲသို့ မကြီးထွားလာဘဲနဲ့ ဘယ်လိုမျှနောက်တဆင့်ဆိုတာ မဖြစ်နိုင်ပါဘူး။ လောကီဆန်တဲ့ နောက်တဆင့်ဆိုတာကတော့ ထူးခြားတာတွေလုပ်ပြပြီးထူးခြားနေရမယ့်သဘောသက်ရောက်ပြီး၊ ဝိညာဉ်ရေးဆန်တဲ့ နောက်တဆင့်ကတော့ သာမန်အရာလေးတွေနဲ့ပင်ထူးခြားနေခြင်းဖြစ်ပါတယ်။ ထိုသာမန်အရာတွေကလည်း လူ့ဇာတိကိုခံယူခဲ့ကာ အသေခံပြီးမှ ထမြောက်ခဲ့တဲ့သခင်ခရစ်တော်ထံမှာ နည်းခံမှသာရနိုင်တာဖြစ်ပါတယ်။ နောက်တဆင့်ကိုတက်ခြင်းက သခင့်ထံမှာနည်းခံရပါတယ်။ နူးညံ့သိမ်မွှေ့သောသဘောရှိတဲ့ သခင့်ထံမှာပေါ့။

သခင်
သန့်ရှင်းသကဲ့သို့
ဖြောင့်မတ်သကဲ့သို့
စုံလင်သကဲ့သို့
တရားမျှတသကဲ့သို့
ကျေးဇူးပြုသကဲ့သို့ စတာတွေက တကယ့် next level တွေပါ။

ခက်တာက အဲ့တာတွေကိုစိတ်တောင်မဝင်စားကြဘဲ စိတ်ခံစားချက်နှင့် ယားတတ်တဲ့နား အယားပြေရုံလောက်သာသာ တွေကိုယူတင်အသားပေးလာနေသည်က အတော်ပင်ရင်လေးစရာကောင်းလှပါတယ်။

အမှုတော်ဆောင်တွေသာမက ယုံကြည်သူခရစ်ယာန်တိုင်းပြန်လည်သတိပြုသင့်သည်မှာ ကျွန်ုပ်တို့တတွေ သခင်ခရစ်တော်ကိုယုံကြည်လက်ခံသည့်နေ့မှစ၍ လူသစ်ဖြစ်သော အသက်တာ၌ကျင်လည်နေပြီဆိုကတည်းက next level ထဲမှာရှိနေပြီဆိုတာ မမေ့ပါနဲ့။ သင်းအုပ်များဆိုရင်ဖြင့်လည်း အပြစ်တင်ခွင့်နှင့်ကင်းလွတ်နေခြင်းက next level မှာရှိနေခြင်းပါ။ ဝမ်းနည်းသောသူတို့နှင့်အတူဝမ်းနည်းပေးခြင်း၊ ဝမ်းမြောက်သောသူတို့နှင့်အတူဝမ်းမြောက်ခြင်း၊ ခက်ခဲသောသူကိုပေးကမ်းမစခြင်း၊ နှိမ့်ချခြင်း၊ ကာမဂုဏ်ကိုချုပ်တည်းခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သောသူကိုကိုယ်နှင့်အမျှချစ်ခြင်း စသည်ကောင်းသောအမှုရှိသမျှတို့ဟာ သခင်နှစ်သက်သလို၊ နှစ်သက်စေလိုသောငှါစေတနာစိတ်နှင့်ပြုသောခရစ်ယာန်တိုင်းဟာလည်း next level ထဲမှာပါပဲ။ ထင်ရှားစွာပြစ်တင်သင့်သည်၌သာမက၊ လျှို့ဝှက်အပ်သောအရာ၌လည်း သစ္စာရှိခြင်းက နောက်တဆင့်မှာရှိနေခြင်းပါ။ အထူးသဖြင့် အောင်မြင်သောသူ (more than conquerors) ဆိုတာကလည်း ဘယ်လိုအခြေအနေ အနှိမ့်မြင့်မှာမဆို သခင့်ရဲ့ချစ်ခြင်း၊ သခင့်အားဖြင့်ခံစားရသောဘုရားရှင်ရဲ့ချစ်ခြင်းကမကွာစေနိုင်ဘူး ဆိုတာကိုသိခြင်းကလည်း နောက်တဆင့်မှာအသက်ရှင်နိုင်ခြင်းပါပဲ။ ဒုစရိုက်အားဖြင့်ငွေရတတ်ခြင်းငှါမိမိခြေတို့ကို အလျင်တဆောမပြုဘဲ ရှိသည့်အရာ၌ရောင့်ရဲနေခြင်းကလည်း နောက်တဆင့်မှာရှိနေခြင်းပါ။ ပုပ်ပျက်နေတဲ့လောကထဲမှာ “ဆား”အဖြစ်၊ မှောင်မိုက်နေတဲ့လောကထဲမှာ “အလင်း”အဖြစ်ဆပ်ကပ်အသက်ရှင်နေခြင်းကလည်း နောက်တဆင့်မှာရှိနေခြင်းပါ။ ကျော်ကြားခြင်းထက် ကောင်းသောအသရေကိုနှစ်သက်ခြင်း၊ သူတပါးကိုစေစားခြင်းထက် အစေကိုခံခြင်း၊ ထမ်းရွက်စရာဝန်ခြင်းတို့ကိုကူ၍ထမ်းရွက်တတ်ခြင်း၊ ချုပ်နှောင်ခြင်းကိုဖြေလွတ်ခြင်း၊ သခင်ဘုရားခွင့်လွတ်ပေးသကဲ့သို့ ခွင့်လွတ်ပေးခြင်း၊ ဘုရားဝတ်၌မွှေ့လျော်ခြင်း၊ ဘုရားတရားကိုရိုသေခြင်း စသည့်အရာတွေဟာ နောက်တဆင့်မှာရှိနေခြင်း မဟုတ်ပေဘူးလား။

ချစ်သောညီအကိုမောင်နှမတို့ နောက်တဆင့်ကိုတက်လှမ်းဖို့ရာမှာ အထူးအဆန်းတွေလုပ်ပြဖို့မလိုပါဘူး

လူအထင်ကြီးစေမည့်စကားကြီး စကားကျယ်တွေလည်းပြောပြနေစရာမလိုပါဘူး။ ဘာကြောင့်လဲဆိုရင် ကျွန်ုပ်တို့တတွေဟာ ကြီးမြတ်တဲ့ဘုရားရှင်ကို အစေခံနေကြသူတွေဖြစ်သလို၊ အစေခံသောအသက်တာဖြင့် အသက်ရှင်နေသင့်သောကြောင့်ပါပဲ။ ထို့အပြင် နောက်တဆင့်ကိုတက်လှမ်းခြင်းကလည်း ဘုရားရှင်ရဲ့ဘုန်းတော်နာမတော်ထင်ရှားဖို့ ဦးစွာဖြစ်သလို၊ ကျွန်ုပ်တို့ကောင်းဖို့ရာလည်းဖြစ်တယ်ဆိုတာကိုနားလည်ရပါတယ်။ သို့သော် သတိပြုစေချင်သည်မှာ ဘုရားရှင်က ကမ်းလှမ်းလာမည့် နောက်တဆင့်အရာသည် အားတက်စရာအကြောင်းအရာနှင့်တော့ အမြဲလာလိမ့်မည်တော့မဟုတ်ပေ။

ခက်ခဲသောအရာများ၊ မဖြစ်ချင်သည့်ရောဂါနှင့်ကြုံလာတဲ့အခါများ၊ မဖြစ်နိုင်ဘူးလို့ထင်ရတဲ့အရာများ၊ လုပ်ကိုင်ချင်စဖွယ်မရှိသည့်အနေအထားများ၊ ကိုယ်မနှစ်မြို့သည့်လူနှင့်တွဲဖက်လုပ်ကိုင်ရသည့်အခြေအနေများ စတဲ့အနှုတ်လက္ခဏာဆောင်တဲ့အစပြုခြင်းတွေဖြစ်နိုင်ပါတယ်။ အဲ့လိုမျိုးကြုံလာတဲ့အခါ ဒါကဘုရားပြင်ဆင်ပေးထားတာ မဟုတ်ဘူးလို့ဆိုပြီး ရှောင်သွားတတ်တဲ့သူတွေအများကြီးပါ။ ဘာကြောင့်လဲဆို ခေတ်သစ်တရားဒေသနာတွေကကျွန်ုပ်တို့ကို ဘယ်လိုသွန်သင်သလဲဆိုရင် အဆင်မပြေတဲ့အရာဆိုတာဘုရားဆီကလာတာ မဟုတ်လို့ဆိုနေလို့ပါပဲ။

ဒါကြောင့် စာမေးပွဲဆိုတာ လွယ်တဲ့အခါလည်းရှိသလို၊ ခက်တဲ့အခါလည်းရှိစမြဲဖြစ်သောကြောင့် နောက်တဆင့်ကိုတက်လှမ်းခြင်းအရာမှာ လေအားစိုက်ဖို့ပဲ မစဉ်းစားပါနဲ့၊ နှုတ်ကနေဝန်ခံဖို့ပဲ ကြံစည်မနေပါနဲ့။ နှုတ်ကပတ်တော်ဘုရားစကား၊ ဘုရားအသံတော်ကို နေ့စဉ်ဆင်ခြင်ခံယူနေဖို့အင်မတန်မှ အ​ရေးကြီးပါတယ်။ ခံယူပြီးတဲ့နောက်မှာ နာခံတတ်ဖို့ကလည်းလိုအပ်ပါတယ်။ ကောင်းစွာသောတိုက်လှန်ခြင်းအားဖြင့် ပန်းတုန်းတ်ိုင်သို့အဆုံးတိုင်အောင်ပြေးလိုသူသာ နောက်တဆင့်ခရစ်ယာန်ပါ။

ခရစ်ယာန်တယောက်ဖြစ်လာပြီဆိုတာနဲ့ “ငါကယုံကြည်သူ”ဆိုပြီး ပြီးသွားတာမဟုတ်ဘဲ၊ ခရစ်တော်ရဲ့သဘောတော်၊ စိတ်တော်တွေကို အသက်တာမှာထင်ရှားစေပြီး နောက်တဆင့်ကိုနေ့စဉ်တိုးကာတက်လှမ်းနေရမှာပါ။ ငယ်စဉ်ကတည်းက မိဘကခရစ်ယာန်ဖြစ်လို့ ကိုယ့်ကိုကိုယ်ခရစ်ယာန်လို့ခံယူထားပြီး စိတ်ကြိုက်အသက်ရှင်နေကာ လောကီသားနှင့်ထူးမခြားနားဖြစ်နေမယ်ဆိုရင် နောက်တဆင့်ကိုတက်လှမ်းဖို့က လောကီအမြင်နှင့်အတွေးအခေါ်စိုးမိုးမှုတွေသာများနေမှာပါပဲ။ ဥပမာဆိုရရင် ငယ်စဉ်ကတည်းကဘုရားတရားကိုင်းရှိုင်းတဲ့လူငယ်တယောက် အချိန်တခုရောက်လာတဲ့အခါ ဝါသနာထုံရာကိုဦးစားပေးလုပ်ကိုင်ရင်းကနေ ထိုဝါသနာရဲ့အမြင့်ဆုံးကိုရောက်ဖို့ အပတ်တကုတ်ကြိုးစားလာပါတော့တယ်။ ထိုသို့ကြိုးစားရင်း အောင်မြင်လာတာနဲ့အမျှ လူတွေရဲ့အကြိုက်ကိုလိုက်ရင်း ဘုရားဝတ်၌မွှေ့လျော်သည့်အရာမှာသော်လည်းကောင်း၊ ဘုရားပြင်ဆင်ကတိထားတော်မူသောအရာကိုသိနားလည်ခြင်းအရာမှာသော်လည်းကောင်း တဖြည်းဖြည်း အားနည်းလျော့ရဲလာသည့်အခြေအနေမျိုးတွေရှိတတ်ပါတယ်။ အချို့ကတော့ ဘုရားနဲ့မဝေးသော်ငြားလည်း၊ အချို့မှာတော့ ဘုရားကိုပင်မလိုအပ်တော့သည်အထိဖြစ်ကုန်လာကြသည်။ လောကီအောင်မြင်ခြင်းမှာတော့ နောက်တဆင့်ကိုတက်လှမ်းနိုင်သော်လည်း၊ ဝိညာဉ်ကြီးထွားတိုးပွါးခြင်းမှာ နောက်တဆင့်ကိုမတက်လှမ်းနိုင်ခြင်းက ဘယ်လောက်ပဲကျော်ကြားနေပါစေ အချည်းအနှီးပါပဲ။ ဘုရားရှေ့လူရှေ့ အစဉ်အတိုင်းတိုးပွါးပြီး နောက်တဆင့်ကို တက်လှမ်းရသည်ထက်၊ လူတွေလက်ခံလာအောင် သဘောကျလာအောင် ဖန်တီးကြံဆတက်လှမ်းရခြင်းကိုသာ ပိုပြီးရှာဖွေလုပ်ဆောင်လာနေကြသည်က စိတ်မကောင်းစရာပင်။

တခါတရံကျွန်ုပ်တို့တတွေဟာ သုတ္တံကျမ်းထဲက လူပျင်းနဲ့အတော်လေးအလားသဏ္ဌာန်တူပါသေးတယ်။ အိမ်ပြင်မှာ ခြင်္သေ့ရှိတယ်ဆိုပြီး next level အပျင်းထူခြင်းမျိုးနဲ့ ဆင်ခြေပေးသလိုပါပဲ။ ဒီကနေ့ ဝိညာဉ်ရေးမှာလည်း နောက်တဆင့်ဆင်ခြေ တွေနဲ့ လူပျင်းခရစ်ယာန်တွေများလာပါတယ်။ အချိန်မရလို့၊ မအားလို့၊ အဆင်မပြေသေးလို့၊ မေ့သွားလို့၊ မလုပ်တတ်လို့၊ နားမလည်လို့ဆိုပြီး အထူးသဖြင့် အွန်လိုင်းဝတ်ပြုကိုးကွယ်ခြင်းတွေမှာသော်လည်းကောင်း၊ ပုံမှန်ဝတ်ပြုကိုးကွယ်ခြင်းတွေမှာသော်လည်းကောင်း ဆင်ခြေပေးတတ်ကြပါတယ်။ ဒီလိုအခြေအနေတွေက ဖြစ်တတ်သလို၊ လူတိုင်းအမြဲတမ်းပေးတတ်တဲ့ဆင်ခြေမဟုတ်ပေမယ့်လည်း ဝိညာဉ်ရေးနဲ့ပက်သက်လာရင် အများဆုံးပေးတတ်တဲ့စကားတွေဖြစ်နေတတ်သည်မဟုတ်လော။ အချို့များကြပြန်တော့လည်း ဘုရားကျောင်းတပတ်တခါလာဖို့ပျင်းတဲ့အခါမှာ “ငါတို့ကသိုးမည်းတွေပါကွာ” ဆိုပြီး နောက်တဆင့်ဆင်ခြေတွေနဲ့ နောက်တဆင့်ပျင်း ပြနေကြပြန်သေးသည်။

ပျင်းရင်ဖျင်းတယ်လို့ဆိုတဲ့စကားအရ ခရစ်ယာန်ဖြစ်ပြီး ဝိညာဉ်ရေးရာမှာ”ဖျင်း”နေပြီဆိုတာ “ပျင်း”တာကနေစတယ်လို့ပဲဆိုရပါတော့မည်။

နောက်တဆင့်တက်ချင်ရင် မပျင်းပါနဲ့။ ပျင်းတဲ့အခါ နောက်တဆင့်ပင်မဆိုထားနှင့် ဘယ်အရာက သမ္မာတရားဖြစ်ပြီး၊ ဘယ်အရာက မှောက်လှန်တဲ့တရားဖြစ်တယ် ဆိုသည်ကိုပင် ခွဲခြားနိုင်မည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ပျင်းရိသောသူသည် ပညာမဲ့သောသူ၊ မိုက်သောသူနှင့် ဆွေမျိုးတော်သောကြောင့်ပင်။

သခင်ခရစ်တော်ကို ယုံကြည်သောကြောင့် ခရစ်ယာန်တယောက်ဖြစ်လာရုံနဲ့ကိုယ့်ကိုကိုယ်ကျေနပ်ပြီး ဘဝင်မြင့်နေဖို့မဟုတ်ဘဲ၊ သခင်ခရစ်တော်ကျင့်သကဲ့သို့၊ အစေခံသကဲ့သို့သော လူသားအဖြစ်၊ ခရစ်ယာန်တစ်ယောက်အဖြစ်အသက်တာကိုအသက်ရှင်ခြင်းဆိုတဲ့ နောက်တဆင့်ကို တက်လှမ်းဖို့ရာအစဉ်ပြင်ဆင်နေဖို့ အင်မတန်မှအရေးကြီးပါတယ်။ ဒါကြောင့် အသက်တာမှာ သခင်ခရစ်တော်တပါးတည်းကိုသာ အမှီပြုပြီးနောက်တဆင့်ကိုတက်လှမ်းနေသော ခရစ်ယာန်ဖြစ်ဖို့ သတိပြုစေလိုပါတယ်။ Next Level ခရစ်ယာန်ဆိုတာ နှုတ်မြွက်ချင်တိုင်းပြောဖို့၊ ထူးခြားတဲ့အရာကိုမှသတ်မှတ်ဖို့၊ ခမ်းနားတဲ့အရာကိုမှစွဲလမ်းနေဖို့မဟုတ်ဘဲ ဘယ်လိုဘယ်ပုံအခြေအနေတိုင်းမှာမဆို ထိုသခင်အဖို့လို့ငှါ၊ ထိုသခင်အားဖြင့်သာ၊ ထိုသခင်ကြောင့်သာ၊ ထိုသခင်၌သာ ဖြစ်တယ်ဆိုတာကို သိမှတ်စွဲလမ်းဝန်ခံနိုင်မည်အကြောင်း နှိုးဆော်ပါရစေ။
အဆုံးသတ်အနေဖြင့် တမန်တော်ကြီးရှင်ပေါလု၏ next level အမှုဆောင်ခြင်းကြွေးကြော်သံဖြင့်ဖော်ပြပါရစေ။

“ငါ​အ​သက်​ရှင်​သည်​အ​ရာ​မှာ ခ​ရစ်​တော်​ဖြစ်၏။ သေ​လျှင်​မူ​ကား၊ သာ၍​အ​ကျိုး​ရှိ၏။” ဖိလိပ္ပိဩဝါဒစာ ၁း၂၁

ထိုစကားက ထောင်ထဲ၌ရှိနေစဉ်ပြောခဲ့တဲ့စကားဖြစ်ပါတယ်။ နေထိုင်ရခက်ခဲတဲ့နေရာ၊ အသက်ရှင်ဖို့ကြမ်းတမ်းတဲ့နေရာ၊ စားသောက်ဖို့ချို့တဲ့တဲ့နေရာပါ။ ဘယ်လိုတောင်မှ ဒီလိုစကားမျိုးပြောထွက်လာနိုင်ရတာလဲ။ ပြောထွက်လာသည့်အတိုင်းလည်းအသက်ရှင်ခဲ့သူပါ။ ဘယ်သူကများအထဲမှာ အာပေါင်အာရင်းသန်သန်နဲ့မိုတီ တွေများပေးလိုက်တာလဲ။ သခင်ခရစ်တော်မှလွဲ၍မည်သူဖြစ်နိုင်မည်နည်း။ အသက်ရှင်ခြင်းအရာမှာရော၊ သေခြင်းအရာမှာပါ သခင်ယေရှုခရစ်တော်မှတပါးမည်သူက အကျိုးရှိစေနိုင်မည်နည်း။ တမန်တော်ကြီးရှင်ပေါလုရဲ့ ရှင်းလင်းပြတ်သားတဲ့ next level ကြွေးကြော်ခြင်းကို သမ္မာကျမ်းစာကအတိအလင်းဖော်ပြထားပါသည်။ ကျွန်ုပ်တို့တတွေလည်း အသက်တာခရီးလမ်းများစွာကို ဆက်လက်ပြီးဖြတ်သန်းနေရဦးမည်ဖြစ်သောကြောင့် ရူးနှမ်းတဲ့ကြွေးကြော်ခြင်းတွေထက် သခင်ကြောင့်ဖြစ်လာတဲ့မှန်ကန်သောကြွေးကြော်ခြင်းများနှင့် နောက်တဆင့်ကိုတက်လှမ်းနေသော ခရစ်တော်နောက်သို့လိုက်သော ခရစ်ယာန်များဖြစ်ပါမည်အကြောင်း

မေတ္တာဖြင့်