Skip to content

တနေ့တွင် ကျွန်တော်နှင့် ညီအကိုတစ်ယောက်သည် သီချင်းဖွင့်ထားကာ နားထောင်နေရင်းနှင့် စာသား၌ပါရာ အကြောင်းအရာအချို့ကိုလည်း စနောက်ရင်း … သီချင်းအကြောင်းပြောဆိုနေခဲ့ကြသည်။ သို့နှင့် မာရဇ္ဇ၏ အသံပါဝါပြင်းစွာဖြင့် မေးလိုက်သော မေးခွန်းတစ်ခုကို ကျွန်တော်တို့နှစ်ယောက်လုံး ကြားလိုက်ရပေသည်။ ထိုမေးခွန်းသည် “တကယ်အလေးအနက်ထားပြီး ငါ့ကိုချစ်ရဲ့လား” ဟုပင် …

ဤသို့နှင့် တပြိုင်နက်တည်းတွင် ထိုညီအကိုသည် သူ့အမျိုးသမီးအား ဤသီချင်း၏ မေးခွန်းကို ဆိုပြခဲ့ဖူးသည်ကို ပြန်လည်ပြောပြလေသည်။ အဘယ့်ကြောင့်ဆိုသော် အကြောင်းအရာတစ်ခုအတွက် စကားပြောဆိုကြရာ၌ လေသံမာ၍ စိတ်မရှည်သည့်ပုံပေါက်သွားသဖြင့် သူ့အမျိုးသမီး၏ မျက်နှာအားကြည့်ကာ သူဆိုပြသည့်နောက် “Oh, I’m Sorry” ဟုပြန်လည်ဆိုသည်ဟု ပြောပြလေသည်။ တဆက်တည်းမှာပင် ကျွန်တော်တို့နှစ်ယောက်သား သမ္မာတရား၌ပါသော အကြောင်းအရာများကို ပြောဆိုကြပေသည်။

တခါတရံတွင် ကျွန်ုပ်တို့ ယုံကြည်သူများကိုယ်တိုင်သည် ချိုသာသောစကားများကို နှစ်သက်ကြသော်လည်း သူတပါးအား ထိုသို့မဆိုတတ်ခြင်း၊ မိမိအား စိတ်ရှည်ခြင်းကို ကြိုက်တတ်ကြသော်လည်း သူတပါးအား စိတ်မရှည်ခြင်း၊ မိမိအပေါ်၌ နူးညံ့သိမ်မွေ့ခြင်းကို သဘောကျကြသော်လည်း ခက်ထန်မာကြောခြင်း စသဖြင့် မိမိအား ပြုစေလိုခြင်းနှင့် ဆန့်ကျင်ဘက်သာ သူတပါးအား ပြုမူ ပြောဆို ဆက်ဆံတတ်ကြသည်မှာလည်း အမှန်ပင် …

နှုတ်ကပတ်တော်ကတော့ “ကိုယ့်အပေါ်၌ တပါးသူများ ပြုစေလိုသည်အတိုင်းပင် သူတပါး၌လည်း ပြုပါ” ဟု သွန်သင်ထားပေသည်။ သို့သော်လည်း တခါတရံတွင် ဤအချက်ကို မေ့လျော့တတ်ကြသူများအထဲတွင် ကျွန်တော်လည်း အပါအဝင်ပင် … ထိုအချက်ကို မဿဲအခန်းကြီး ၇ အခန်းငယ် ၁၂ တွင်မူ “This is the Law” ဟုလည်း ဆိုထားသကဲ့သို့ “ပညတ္တိကျမ်း နှင့် အနာဂတ္တိကျမ်းတို့၏ အချုပ်အချာ” ဟုပင် … ထို့ကြောင့်လည်း အခြားသော ဖွင့်ဆိုချက်များထဲတွင် ဤအချက်ကို “Golden Rule” ဟုလည်း ဆိုကြသည်။

ရှင်လုကာခရစ်ဝင် ၆:၃၁
သင်တို့သည် ကိုယ်၌သူတပါး ပြုစေလိုသည်အတိုင်း သူတပါး၌ ပြုကြလော့။

သူတပါး၌ကောင်းမွန်စွာပြုခြင်း တနည်းဆိုရသော် မိမိကဲ့သို့ သူတပါးအား ပြောဆို ဆက်ဆံ ပြုမူခြင်းသည် မိမိ၌ ချစ်ခြင်းမေတ္တာမရှိလျှင် သို့တည်းမဟုတ် ထိုသူအပေါ်၌ ချစ်ခြင်းမေတ္တာမရှိလျှင် ထိုသို့ မပြုနိုင်ပေဘူးမဟုတ်ပါလား … ထို့ကြောင့် တနည်းအားဖြင့် ဤအချက်သည် “Love your neighbors” ဟုလည်း ဆို၍ရပေဦးလိမ့်မည်။ ထို “Neighbors” သည် ကျွန်ုပ်တို့၏ အဖိုး အဖွား၊ အဖေ အမေ၊ ညီကိုမောင်နှမ၊ ဇနီး ယောကျာ်း၊ သူငယ်ချင်း၊ အသင်းတော်မိသားစု၊ လုပ်ငန်းခွင်မှ၊ သူစိမ်းလူများ စသဖြင့် လူသား အယောက်စီတိုင်းပင် …

အချုပ်အားဖြင့်ဆိုရသော် ယနေ့ ကျွန်ုပ်တို့၏ သူတပါးအား ပြုမူဆက်ဆံလေ့ရှိကြသည့် အပြုအမူ အပြောအဆို၊ အမူအရာများသည် ကျွန်ုပ်တို့၏ “Neighbors” များမှ “တကယ်အလေးအနက်ထားပြီး ငါ့ကိုချစ်ရဲ့လား” ဟုပင် ထပ်မံ၍ သတိပေးကာ မေးခွန်းထုတ်နေရပါပြီလောဟု ဆင်ခြင်ရင်း … “Self Evaluation” လုပ်ကာ ထို “Golden Rule” ကိုလည်း မမေ့ကြစို့နဲ့ရယ် …

ဘုရားရှင်ဆက်လက်စကားပြောပါစေ။