Skip to content

ဘုရားသခင်ရဲ့အကြံအစည်ဟာကောင်းမြတ်ပါတယ်”လို့ ကျွန်ုပ်တို့တတွေ အကြိမ်ကြိမ်ရေရွတ်ဖူးမှာပါ။ အခုအချိန်ထိလည်း ရေရွတ်နေဆဲဖြစ်မှာပါ။ ဘုရားရဲ့အကြံအစည်ကကောင်းတယ်ဆိုသော်လည်း တခါတရံကျွန်ုပ်တို့တတွေ ဆုတောင်းကြတဲ့အခါမှာ ကိုယ်လိုချင်တဲ့အရာ၊ ဖြစ်ချင်တဲ့အရာကို ဖြည့်ဆည်းပေးဖို့သာ တောင်းလျှောက်တတ်ကြသည်မဟုတ်လား။ ထိုသို့တောင်းလျှောက်ခြင်းက မှားလားဆိုတော့ မမှားပါဘူး။ မှန်လားဆိုတော့လည်း အပြည့်အဝတော့ မဟုတ်ပြန်ပါဘူး။ ဘာကြောင့်လဲဆိုရင် ဘုရားရဲ့အကြံအစည်က ကောင်းမြတ်သောကြောင့်ပင်။ ကောင်းမြတ်သောအကြံအစည်ဖြစ်သောကြောင့် မစုံလင်တဲ့ကျွန်ုပ်တို့ရဲ့သွေးသားဆန္ဒဖြင့်တောင်းလျှောက်သမျှသောအရာတွေဟာ ဘယ်လိုမှမယှဉ်သာပါဘူး။ ကိုယ့်အတွက်တော့ ကောင်းတယ်ထင်ရပေမယ့် ကျွန်ုပ်တို့ရဲ့အစမှအဆုံးကိုသိနေတဲ့သခင်ရဲ့ရှေ့မှာတော့ ကောင်းချင်မှကောင်းပါလိမ့်မယ်။ သခင် မနှစ်သက်၊ စိတ်တော်နှင့်မတွေ့သည့်အရာမျိုးတောင် ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။

“ကိုယ်​ပြု​သော​အ​မှု​တို့​ကို ထာ​ဝ​ရ​ဘု​ရား၌​အပ်​လော့။ သို့​ပြု​လျှင် သင်၏​အ​ကြံ​အ​စည်​တို့​သည် တည်​ကြ​လိမ့်​မည်။” – သုတ္တံကျမ်း ၁၆း၃

ဒီကျမ်းပိုဒ်လေးကတော့ ယုံကြည်သူတွေနဲ့စိမ်းမှာတော့ မဟုတ်ပါဘူး။ သဘောကျလွန်းလို့ အလွတ်ကျက်မှတ်တဲ့သူတွေတောင်ရှိပါလိမ့်မယ်။ ဒါပေမယ့် အတော်များများကတော့ “တွေ့လား၊ ငါအပ်နှံလိုက်တာ၊ အဆင်ပြေသွားတယ်၊ အေးဆေးပဲ၊ ကျေးဇူးတော်ပဲ” ဆိုပြီးသာမန်ကာလျှံကာ ပြောဆိုတာမျိုးလည်းရှိပါသေးတယ်။

တကယ်တမ်းပြောရရင် ကိုယ်ပြုတော့မယ့် အမှုတွေကို ဘုရားဆီတကယ်အပ်နှံရဲပါရဲ့လားလို့ဦးစွာမေးသင့်ပါတယ်။ အခြေအနေနှစ်ခုကို ပြောရရင်

  • တစ်အချက် ကိုယ့်ပြုမည့်အမှုဟာ သခင့်ရဲ့ဘုန်းတော်ကိုထောက်ရှုပါသလား၊
  • နှစ်အချက် ဘုန်းထင်ရှားစေမည့်အရာဖြစ်ရင်တောင်မှ ဘုရားကို လုံးဝကိုးစားအပ်နှံနိုင်မည်လား ဆိုသည်ပင်။

ကိုယ်ပြုသောအမှုဟာ ဘုရားသခင်ရဲ့ဘုန်းအဖို့အလို့ငှါဖြစ်ရုံတင်မက၊ အပ်နှံဖို့ရာလည်း ဝန်မလေးဘဲ လုံးလုံးယုံကြည်ကိုးစားခြင်းဖြင့်ဆိုလျှင် ဖြောင့်မတ်သောအကြံအစည်တို့ကို ဘုရားရှင်တည်စေမည်မဟုတ်လော။

“ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ကိုး​စား​လော့။ ကိုယ်​ဉာဏ်​ကို အ​မှီ​မ​ပြု​နှင့်။ သွား​လေ​ရာ​ရာ၌ ထာ​ဝ​ရ​ဘု​ရား​ကို မျက်​မှောက်​ပြု​လော့။ သို့​ပြု​လျှင်၊ သင်၏​လမ်း​ခ​ရီး​တို့​ကို ပဲ့​ပြင်​တော်​မူ​မည်။” –

သုတ္တံကျမ်း ၃း၅-၆

စိတ်နှလုံးအကြွင်းမဲ့” ဆိုတဲ့စကားကအပြောတော့လွယ်ပေမယ့်၊ လက်တွေ့မှာ အတော်လေးခက်ခဲပါတယ်။ “ကိုယ့်ဥာဏ်ကိုအမှီမပြုနဲ့” ဆိုရင်ပိုလို့တောင်မလွယ်ပါဘူး။ သိတဲ့အတိုင်း ဥာဏ်နီဥာဏ်နက် လေးတွေကလည်းတဖက်မှာ အားကောင်းနေတတ်တယ်လေ။

သွားလေရာရာ၌ထာဝရဘုရားကိုမျက်မှောက်ပြုလော့” ဆိုတဲ့အခါမှာလည်း ကျွန်ုပ်တို့တတွေက အသက်တာရဲ့သွားလေရာရာမှာ မဟုတ်ဘဲ၊ သွားလာရခက်ခဲတဲ့အချိန်မှာပဲ မျက်မှောက်ပြုတတ်ကြပြန်ပါသေးတယ်။

ဒါကြောင့် အသက်တာရဲ့လမ်းခရီးတွေမှာ ဘုရားရဲ့ပဲ့ပြင်ပေးခြင်း(ဖြောင့်ဖြူးစေခြင်း)ကို မခံစားရသည်မှာက ဘုရားနှင့်မဆိုင်ဘဲ ကိုယ့်နဲ့တိုက်ရိုက်သက်ဆိုင်နေပါတယ်။

အထူးသဖြင့် ခက်ခဲတဲ့ကာလမှာပိုပြီးထင်ရှားပါတယ်။ ဘုရားပေးကောင်းကြီးကိုများစွာခံစားနေရလျက်နှင့်ကိုယ့်အတွက်အဆင်ပြေမည့်နေရာအတွက် ထာဝရဘုရားကိုစိတ်နှလုံးအကြွင်းမဲ့မကိုးစားဘဲ၊ ကိုယ်ဥာဏ်ကိုအမှီပြုကာ၊ ထာဝရဘုရားကိုမျက်ကွယ်ပြုလျက် ကောင်းမယ်လို့ထင်တဲ့ကိုယ့်ရဲ့အကြံအစည်တွေအပေါ်အားယူလာနေတတ်ကြပါတယ်။ အလုပ်မဖြစ်တော့ဘူး၊ အဆင်မပြေနိုင်တော့ဘူးဆိုပြီး မျက်လုံးနဲ့ကြည့်ပြီးဆုံးဖြတ်သုံးသပ် သာသည့်နေရာမှာ အဖြေရှာလာနေကြပါတယ်။ ဘုရားပဲ့ပြင်မည့်လမ်းခရီးကတော့ ခက်ခဲတဲ့နေရမှာဆက်ထားသည်ဖြစ်ပါစေ၊ သာယာသည့်နေရာကိုပို့ဆောင်သည်ဖြစ်ပါစေ ကောင်းမြတ်လိမ့်မယ်ဆိုတာကတော့ မလွဲနိုင်ပေ။

“ထာ​ဝ​ရ​ဘု​ရား၌ မွေ့​လျော်​ခြင်း​ရှိ​လော့။ သို့​ပြု​လျှင်၊ စိတ်​နှ​လုံး​အ​လို ပြည့်​စုံ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​မည်။” –

ဆာလံကျမ်း ၃၇း၄

မွေ့လျော်” တယ်ဆိုတာဘာလဲ။ “ဝမ်းမြောက်သာယာကြည်နူးနှစ်သိမ့်ပျော်ရွှင်ခြင်း” ရှိနေတယ်လို့ပြောလို့ရပါတယ်။ “ထာ​ဝ​ရ​ဘု​ရား၌ မွေ့​လျော်​ခြင်း​ရှိ​လော့” ဆိုရင် “ထာ​ဝ​ရ​ဘု​ရား၌ဝမ်းမြောက်သာယာကြည်နူးနှစ်သိမ့်ပျော်ရွှင်ခြင်းရှိလော့” ဟုဆိုသည်မဟုတ်လော။ ဘယ်ယုံကြည်သူမဆိုကတော့ ကိုယ့်စိတ်နှလုံးအလိုပြည့်စုံချင်တဲ့အခွင့်အရေးကိုလိုချင်ကြတာပါပဲ။ သို့ပေမယ့်လည်း စိတ်မကောင်းစရာက ထာဝရဘုရား၌မွေ့လျော်ခြင်းမရှိတဲ့ တောင့်တစိတ်ကိုသာအုပ်စိုးလွမ်းမိုးနေစေတာပါပဲ။

“ကိုယ်​အ​မှု​အ​ရာ​ကို ထာ​ဝ​ရ​ဘု​ရား၌ အပ်​လော့။ ကိုယ်​တော်​ကို ကိုး​စား​လော့။ သို့​ပြု​လျှင် စီ​ရင်​တော်​မူ​မည်။” – ဆာလံကျမ်း ၃၇း၅

ကိုယ်အမှုအရာကိုအပ်ဆိုတဲ့အခါ ပေါ့ပေါ့ပါးပါး ရော့အင့် ဆိုပြီး ပြီးသွားတာမဟုတ်ပါဘူး။ သာမာန်ကာလျှံကာနဲ့ ဘုရားတာဝန်ယူတယ်ဆိုပြီး မလုပ်သင့်ပါဘူး။ ကိုးစားခြင်းမရှိတဲ့သူရဲ့အမှုကို ဘုရားက ဘယ်လိုတာဝန်ယူပေးရမည်နည်း။ ကောင်းမြတ်တဲ့ဘုရားရဲ့ အမှုတော်၊ လက်တော်၊ အကြံအစည်တော်ကို မြင်တွေ့ခံစားချင်သူအဖို့ အပ်နှံလိုက်ရုံတခုတည်း ဘုရားရှင်လိုချင်သည်မဟုတ်ပါ။ ကိုယ်တိုင်က မကိုစားဘဲနှင့်တော့ ဘုရားရဲ့စီရင်(လုပ်ဆောင်)ခြင်းကို ဘယ်လိုလုပ်မြင်တွေ့ရနိုင်မည်နည်း။

ဒါကြောင့် ကောင်းမြတ်တဲ့ဘုရားရှင်ဆီမှာ ကောင်းမြတ်တဲ့အကြံအစည်တွေသာရှိတယ်ဆိုတာဟာ ငြင်းဖွယ်မရှိပါ။ ဒါပေမယ့် ကောင်းမြတ်တဲ့ဘုရားရှင်ကိုသိကျွမ်းရသည့် ကျွန်ုပ်တို့အနေဖြင့် အခြေအနေတခုခုကြောင့် ကိုယ့်ဘက်က လုပ်ဆောင်သင့်သည်တို့ကိုတော့ နှလုံးသွင်းဖို့လိုအပ်ပါသည်။ ဘုရားကောင်းမြတ်တယ်ဆိုပြီး၊ ဘုရားသားသမီးတွေကွဆိုပြီး ပရမ်းပတာ လုပ်ဆောင်လိုက်ခြင်းမျိုးက မဖြစ်သင့်ပါ။ ဒီလောကမှာအသက်ရှင်နေသေးသ၍ တောင်းပန်၊ တောင်းလျှောက်စရာတွေကရှိနေမှာပါပဲ။ သခင့်ကြောင့်သာ၊ သခင့်အားဖြင့်သာ၊ သခင့်အဖို့လိုငှါသာ တောင်းလျှောက်မြော်လင့်ရခြင်းအခွင့်ရှိနေရတာပါ။ ထိုသို့ထူးမြတ်သောအခွင့်ကိုခံစားရသူတွေဖြစ်တာနဲ့အညီ တောင်းလျှောက်လိုက်တိုင်း၊ တောင်းလျှောက်ဖို့အခွင့်ကြုံလာတိုင်း “ဘုရားသခင်ရဲ့အကြံအစည်တော်ကောင်းမြတ်ပေတယ်” လို့ဝန်ခံချီးမွမ်းနိုင်ခြင်းနှင့်အတူ အသက်တာမှာ လိုအပ်နေတဲ့အရာတွေ၊ သခင်အလိုရှိသောအသက်ရှင်တတ်ခြင်းတွေကို နှုတ်ကပတ်တော်အားဖြင့် သင်ယူနေရပါတယ်ဆိုတာကိုလည်းသတိချပ်သင့်ပါတယ်။ ဘုရားသခင်ကောင်းမြတ်ပါတယ်။ သူ့ရဲ့အကြံအစည်တွေဟာလည်းကောင်းမြတ်ပါတယ်။ ဒါကြောင့် ကောင်းမြတ်သောဘုရားနှင့်ကောင်းမြတ်တဲ့သူရဲ့အကြံအစည်တွေ​ကိုဝန်ခံချီးမွမ်းနိုင်ဖို့ရာ၊ ကိုယ်ပြုမည့်အမှုအရာအကြံအစည်တို့ကိုအလောတကြီး အသော့မနှင်မိပါမည့်အကြောင်း ခွန်အားပေးရင်း

မေတ္တာဖြင့်