Skip to content

နောက်မကျသေးခင်မှာ

ဘာလုပ်မယ်၊ ဘာကိုင်မယ်၊ ဘယ်လိုနေ၍ ဘယ်လိုထိုင်ကာ၊ ဘာကိုတော့ ဘယ်အရွယ်မှာဟူ၍ စသဖြင့် အစီအစဥ်ပေါင်းများစွာချကာ မျိုးစုံကြိုးခုန်တတ်ကြသည်မှာ လူ့သဘာဝပင် … အစီအစဥ်ချမှတ်ခြင်း၊ကြိုတင်ကြံဆောင်ခြင်းတို့သည် ကောင်းမွန်လှသည်။ သို့သော်လည်း အရေးကြီးသည့် အချက်ကိုတော့ မမေ့သင့်ချေ။

မနက်ဖြန်အတွက် မဆိုထားနှင့်၊ နောက် မိနစ်ပိုင်းကလေးကိုပင် အစိုးမရသော ကျွန်တော်တို့သည် မနက်ဖြန်များစွာကို ပိုင်စိုးသည့်အလား နေကြထိုင်ကြရင်းနှင့် အချိန်တွေကုန်လွန်လာမိကြပြီများလား …

မီးစာကုန် ရေခန်း၊ ကွေးသောလက် မဆန့်မီ ဆန့်သောလက် မကွေးမီ ဟူသော ဆိုရိုးများကို သတိမရမိသော နေ့ရက်တို့သည် မမျှော်လင့်ထားသည့် နေဝင်ချိန်ကို လစ်လျှူရှုရင်း ကုန်လွန်ခဲ့ကြလေရဲ့။ အဆင်ပြေမည် ထင်ထားသော်လည်း မဟုတ်သည့်အရာ၊ အဖြေဟု ယူဆသော်လည်း မဟုတ်ပြန်၊ လမ်းဟုထင်မိသော်လည်း လမ်းမမည် စသဖြင့် ကျွန်ုပ်တို့၏ အတွေး အထင် အမြင်နှင့် အယူအဆတို့သည် အဆုံး၌လွဲချော်နေတတ်သော လမ်းတစ်မျိုးမျိုးလည်း ဖြစ်နေစေတတ်သည်ကို သတိပြုမိစေချင်ပါသည်။

သီချင်းလေးထဲက စာသားလေးအတိုင်း “သေချာစဥ်းစားမိတ်ဆွေ အချိန်တွေဟာ တရွေ့ရွေ့သွားနေပြီ၊ အသက်ဝိညာဥ်ဆုံးရှုံးခဲ့ရင် ဘာနဲ့မှရွေးဝယ်မရ” ရေရွတ်ရင်း … 

မိတ်ဆွေ “တမလွန်အတွက် စိတ်ချရပြီလား
မိတ်ဆွေ “မမျှော်လင့်တဲ့တစ်နေ့မှာ နေဝင်ခဲ့ရင်
မိတ်ဆွေ “မနက်ဖြန်ဆိုတာကို မပိုင်ကြဘူးနော်

ယနေ့ မိတ်ဆွေ၏ ပိုင်ဆိုင်မှု၊ စည်းစိမ်ချမ်းသာ၊ အာဏာနှင့်ပါဝါများသည် တမလွန်အတွက် စိတ်ချမှုကို ပေးစွမ်းနိုင်ပါသလား …

ယနေ့ မိတ်ဆွေ၏ လုပ်ဆောင်မှုအမျိုးမျိုး၊ ပြုမူနေထိုင်မှုအသီးသီးတို့သည် တမလွန်အတွက် စိတ်ချမှုကို ရနိုင်ပါသလား …

သုတ္တံကျမ်း ၁၄:၁၂
လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော်လည်း၊ အဆုံး၌ သေခြင်းသို့ပို့သော လမ်းတစ်မျိုးရှိ၏။

ယနေ့ မိတ်ဆွေ၏ ကောင်းမှုအမျိုးမျိုး၊ ကုသိုလ်အဖုံဖုံ၊ ကျင့်ကြံမှုအသီးသီး၊ ကိုယ်ကျင့်တရားနှင့် သီလအသွင်သွင်တို့သည် တမလွန်အတွက် အာမခံမှုကို ပေးစွမ်းနိုင်ပါသလား …

နောက်မကျသေးခင်မှာပင် အချိန်မှီ ပြင်ဆင်နိုင်စေဖို့ ကျွန်တော်ကတော့ နောက်ဆုံးသီချင်းစာသားလေးကို တီးတိုးရွတ်ဆိုရင်း “သေချာစဥ်းစားကြည့်ပါ … တမလွန်အတွက် စိတ်ချပြီလား … မမျှော်လင့်တဲ့တစ်နေ့မှာ နေဝင်ခဲ့ရင်” …

ဘုရားရှင်ဆက်လက်စကားပြောပါစေ။

ကိုးကားသီချင်း။ “မမျှော်လင့်တဲ့တစ်နေ့မှာနေဝင်ခဲ့ရင်”