Skip to content

၂၀၂၃ ခုနှစ် နှစ်သစ်အခါသမယထဲသို့ အသက်ရှင်ခွင့်ကိုပေးသော ဘုရားရှင်ရဲ့ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ စာဖတ်သူ ချစ်သောညီကိုမောင်နှမများအသက်တာ၌လည်း ဘုရားရှင်ထံမှ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ကျေးဇူးတော်ရှိပါစေ။ ဒီကနေ့မှာတော့ အတိတ်ကာလနဲ့အနာဂတ်ကာလ အရာကိုပြန်လည်ရေတွက်ကာ ချီးမွမ်းပြင်ဆင်နိုင်ကြဖို့ အားပေးတိုက်တွန်းလိုပါတယ်။ 

ပထမဦးဆုံး အတိတ်ကာလကို ဆင်ခြင်ကြရအောင်။ 

သခင်ခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံပြီးသည့်နောက်ဖြတ်သန်းခဲ့ရတဲ့ ကာလတွေကိုပြန်လည်ဆင်ခြင်တဲ့အခါ၊ ဘုရားရှင်ကျွန်ုပ်တို့အပေါ်မှာ ပျက်ကွက်သွားဖူးခဲ့တဲ့အရာတွေရှိပါသလား။ အိမ်ခြံတိုက်တာကားတွေ တောင်းထားတာ ခုထိမပေးလို့ဆိုပြီး ကိုယ်တော်ပျက်ကွက်တယ်လို့တော့ မလုပ်လိုက်ပါနဲ့။ 

သခင့်ရဲ့ကျေးဇူးတော်နှင့်ကရုဏာတော်ဟာ ဒီကနေ့အသက်ရှင်နေချိန်ထိ ကြွယ်ဝစွာရှိပြီး၊ အသက်တာမှာစိတ်ချရသောတခုတည်းသော မြော်လင့်ရာဖြစ်တယ် မဟုတ်ပေဘူးလား။ ခက်ခဲချိန်တွေ၊ မနာမကျန်းဖြစ်ခဲ့ချိန်တွေ၊ ဆုံးရှုံးမှုတွေရှိခဲ့ရချိန်တွေမှာ သူဟာကျွန်ုပ်တို့ကိုကြင်နာနှစ်သိမ့်မစပေးနေသလို။ သူ့ကိုဆန့်ကျင်ကာ သူ မနှစ်သက်သည့်အရာတွေ၊ ဒုစရိုက်တွေ၊ အပြစ်တွေကိုလွန်ကျူးလိုက်တိုင်းလည်း သူနာကျင်ရတယ်ဆိုတာ သတိပြုမိပါရဲ့လား။ 

ချီးမွမ်းပါ၊ ဝန်ချတောင်းပန်ပါ။ များသောအားဖြင့်တော့ ကျွန်ုပ်တို့တတွေက ဒီနေ့မှာ မရလိုက်တဲ့အရာကို နောက်နေ့တွေမှာရချင်တဲ့ စိတ်သာပြင်းပြပြီး ဘုရားရှင်ကိုပူဆာနေတတ်ကြသူတွေပါ။ ဒီနှစ်သစ်မှာလည်း နှစ်ဟောင်းမှာကိုယ်တောင့်တလိုက်တဲ့အရာတွေအတွက်သာ ရည်ရွယ်ပြီး ဝင်စားဖို့ဆိုရင်တော့ မဖြစ်သင့်ပါလေ။ 

ကျွန်ုပ်တို့တတွေဟာ မထိုက်တန်သော်လည်း ဘုရားရှင်ရဲ့ကောင်းကြီးတွေကိုခံစားရသူတွေပါ။ ထိုသို့ခံစားနေရပါလျက်နှင့် ဘုရားရှင်တောင့်တသည့် အသက်တာကိုအဘယ်ကြောင့် ဥပေက္ခာပြုလျစ်လျူရှုနေဦးမည်နည်း။  ကျမ်းစာလေးတပိုဒ်ကို ဘုရားကပေးတဲ့ အဆောင်သဘောမျိုးခံယူဖြတ်သန်းခဲ့ပြီးပြီဆိုရင်တော်သင့်ပေပြီ။ ဘုရားရှင်နဲ့ဘုရားရဲ့စကားတော်အလုံးစုံကို အစဉ်လေးမြတ်ခံယူကာ အသက်တာကိုတည်ဆောက်ဖို့သာပြင်ဆင်ပါလေ။ သို့တည်းမဟုတ် ဘုရားရဲ့စကားနဲ့ဘုရားကို ပြန်ပြီး “ဒီလိုဖြစ်မယ့်နှစ်၊ ဟိုလိုဖြစ်မယ့်နှစ်”ဆိုပြီး ခိုင်းစေသလိုမျိုးမဖြစ်သင့်ပါ။ နှုတ်ကပတ်တော်မျိုးစေ့အပင်ကျ၊ ကြီးထွား၊ သီးပွင့်တဲ့အသက်တာထက်၊ နှုတ်ကပတ်တော်ကိုမှောက်လှန်တဲ့အသက်တာမျိုးသာဖြစ်သွားပေလိမ့်မည်။ ဒါကိုဆင်ခြင်ကာပြင်နိုင်ပါစေ။ 

ဒုတိယအနေနှင့်အနာဂတ်ကာလအဖို့ပြင်ဆင်ကြရအောင်။ 

နောင်ကာလတွေဟာ ဘယ်လိုမျိုးကာလတွေဖြစ်မယ်၊ ဘယ်လိုလူတွေပေါများလာမယ်၊ ဘာတွေဖြစ်လာမယ်ဆိုတာ ဘုရားစကားအားဖြင့် ယုံကြည်သူများသိနှင့်နေကြပြီးသားပါ။ အလုံးစုံအတိအကျ မသိသော်ငြားလည်း၊ ထိုအရာတွေကဧကန်အမှန်ပြည့်စုံလာပြီဆိုတာကို ရိပ်မိကြမှာပါ။ ဒါဆိုရင် ကျွန်ုပ်တို့တတွေ သမ္မာသတိမရှိ၊ ဥာဏ်ပညာမဲ့လျက်၊ ပျင်းရိစွာ အသက်ရှင်ဖို့ မဖြစ်သင့်တော့ပါဘူး။ 

စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးကိုပြင်ဆင်သောသူဖြစ်လျက် ဩဝါဒကိုပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုခြင်း၊ တရားကိုသွန်သင်ခြင်း ကျေးဇူးတွေကိုပြုတတ်သူတွေအဖြစ် အသက်ရှင်ကာပြင်ဆင်သင့်ပေသည်။ သက်ဆိုင်ရာအသင်းတော်၊ အထူးသဖြင့်သခင်ယေရှုခရစ်တော်ကိုချီးမြောက်ကိုးကွယ်သောအသင်းတော်၌ပါဝင်ကာ သခင်ဘုရားနှင့်ယုံကြည်သောအိမ်သူအိမ်သားတို့ကိုအစေခံတတ်စေပါ။ ဧဝံဂေလိသတင်းစကားအတွက်အဆင်သင့်ရှိစေပါ။ မိသားစုနှင့်အပေါင်းအသင်းများကြားမှာ အလင်းဖြစ်စေပါ။ 

ကိုယ့်အသက်တာကိုအစဉ်အမြဲ သတိပြုလျက်၊ ကိုယ့်ဥာဏ်ကိုအမှီမပြုဘဲ၊ ထာဝရဘုရားကိုသာမျက်မှောက်ပြုလျက်၊ ခြေတော်ရာနောက်သို့ လိုက်လျှောက်ပါ။ စိမ်းလန်းသောကျက်စားရာအရပ်၊ သာယာသောမြစ်နား သို့လမ်းပြသောသိုးထိန်းကြီးသည်အမြဲအတူရှိနေသည်ကို အောက်မေ့လျက် စိတ်ချနေပါ။ 

နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားကိုသာ ရှေ့ဦးစွာရှာသူ၊ ရှိသည့်အရာနှင့်ရောင့်ရဲတတ်သူ၊ ဆင်းရဲသောသူအားစွန့်ကြဲတတ်သောသူ၊ ကိုယ့်နှင့်စပ်ဆိုင်သောသူကိုကိုယ်နှင့်အမျှချစ်သူ၊ ထာဝရဘုရားကိုစိတ်နှလုံးအကြွင်းမဲ့ ဥာဏ်စွမ်းရှိသမျှနှင့်ချစ်သူ၊ အထက်အရပ်ကိုသာမြော်ကြည့်လျက် စိတ်စွဲလမ်းသောသူ၊ မိမိကိုယ်ခန္ဓာအား သုစရိုက်လက်နက်ဖြစ်စေသောသူ၊ ပြုလေသမျှတို့၌ဘုရားရှင်၏ဘုန်းတော်ကိုထင်ရှားစေသောသူ အဖြစ် ဘုရားရှင်စီရင်ဖန်ဆင်းတဲ့နေ့ရက်သစ်တိုင်းမှာ အသက်တာကိုပြင်ဆင် အသက်ရှင်နေပါမည်အကြောင်း တိုက်တွန်းရင်း

မေတ္တာဖြင့်