Skip to content

တစ်ရက်၌ ထမင်းဝိုင်းတွင်စကားပြောနေကြသည့်အကြောင်းမှာ ရေခွက်သည် မည်သူ့ခွက်ဖြစ်ကြောင်းပင် … သို့နှင့် တစ်ယောက်မှ အနီးဆုံးသည် သူ၏ခွက်ဟုဆိုလေသည်နှင့်တပြိုင်နက် ကျွန်ုပ်မှလည်း ရေခဲပါသောခွက်သည် ကျွန်ုပ်၏ခွက်ဟုပင် ဆိုလိုက်သေး၏။ သို့နှင့် ရေသာမြင်ကာ ရေခဲမမြင်ကြောင်းပြောဆို၍ တစ်ခန်းရပ်ကာ ဝါတီးဆက်ဆွဲခဲ့ကြပေတော့သည်။

လက်ရှိ ဤအချိန်ကာလသည် ဒီဇင်ဘာလလည်းဖြစ်သည့်နည်းတူ ကမ္ဘာတစ်ခုလုံးမှ အသိအမှတ်ပြုထားသော ခရစ္စမတ်ရာသီဟု ဆိုရလျှင်လည်း မမှားပါချေ။ 

ဤပွဲတော်၌ ဈေးရောင်းကြသည်။
ဤပွဲတော်၌ ပျော်ကြသည်။
ဤပွဲတော်၌ ခရီးထွက်ကြသည်။
ဤပွဲတော်၌ စားသောက်ကြသည်။
ဤပွဲတော်၌ ပရိုမိုးရှင်းများလုပ်ကြသည်။
ဤပွဲတော်၌ အမျိုးစုံစွာ လုပ်ဆောင်လေ့ရှိကြသည်မှာလည်း ကျွန်ုပ်တို့အသိပင် … ဤနေ့ရက်ကာလများသည် ခရစ်ယာန်များသာမက လူတိုင်းလူတိုင်း ပါဝင်ဆင်နွှဲတတ်ကြသည်။ သို့သော် ရေသာမြင်၍ ရေခဲမတွေ့သည့်နှယ် ခရစ္စမတ်ကိုသိသည် မြင်သည် သို့သော် အနှစ်သာရဖြစ်သည့် သခင်ယေရှုခရစ်တော်ကို မမြင်၊ မရ၊ မသိလျှင်တော့ ဝမ်းနည်းစရာကောင်းလှပေသည်။

ခရစ္စမတ်၏ အနှစ်သာရသည် ထိုယေရှုခရစ်တော်ပင် … ခရစ်တော်အား မသိသည့် နောက်တနည်းဆိုရသော် ခရစ်တော်မရှိသည့် ခရစ္စမတ်ပွဲတော်ပြုလုပ်ခြင်းသည် အချည်းနှီးသက်သက်ဟုသာ ဆိုရပေဦးတော့မည်။

“David Jeremiah” ၏ စကားအား ကိုးကားရလျှင် ခရစ်တော်မရှိသည့် သို့တည်းမဟုတ် ထိုသခင်၏မျက်မှောက်တော်မရှိသည့် ကမ္ဘာပေါ်မှ ခရစ္စမတ်လက်ဆောင်များအားလုံးသည် အချည်းနှီးဖြစ်ကာ တန်ဖိုးမရှိကြောင်းကို ဆိုခဲ့ဖူးသည်။ တနည်းဆိုရသော် သခင်ကိုမသိဘဲနှင့် လက်ဆောင်များ၊ ပွဲတော်များသည် အလကားသာ … လွယ်လွယ်ဆိုရသော် “ကယ်တင်ခြင်းမရသည့်၊ မရှိသည့် ခရစ္စမတ်ပွဲတော်သည် အချည်းနှီး” ဆိုလေရော့မလား …

ဟေရှာယအနာဂတ္တိကျမ်း ၉:၆
အကြောင်းမူကား၊ ငါတို့အဖို့ သူငယ်ကို ဖွားမြင်၏။

ထို့ကြောင့် ဤခရစ္စမတ်သည် သင့်အတွက်ဖြစ်ကြေင်း ဟေရှာယမှ သက်သေထူပေးနေပါသည်။ ငါတို့ဟူသောစကားသည် ‘သင်နှင့် သင့်မိသားစု‘ လည်း အပါအဝင်ပင် … မိတ်ဆွေ … ထိုသခင်သည် သင်နှင့်ကျွန်ုပ်တို့အတွက် ဖွားမြင်ခြင်းကို ခံတော်မူခဲ့သည်မှာ လွန်လေပြီးသော နှစ်ပေါင်းနှစ်ထောင်ကျော်ကတည်းကပင် …

ထိုသူသည် မိတ်ဆွေနှင့်ကျွန်ုပ်တို့အား အပြစ်မှကယ်တင်သူ၊ တနည်းဆိုရလျှင် အပါယ်တံခါးပိတ်စေသူ၊ အပြစ်ငရဲမှ ကယ်ချွတ်သူ … သို့တည်းမဟုတ် ကျွန်ုပ်တို့ မကျင့်ကြံ၊ မလုပ်ဆောင်နိုင်သည့် မျှော်မှန်းရန်ပင် မတတ်နိုင်သော အပါယ်မှလွတ်ရာ လမ်းသည် ထိုသခင်ယေရှုခရစ်တော်သာ …

ရှင်မဿဲခရစ်ဝင် ၁:၂၁
သားယောက်ျားကို ဘွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကိုအပြစ်မှ ကယ်ချွတ် မည်သူဖြစ်သော ကြောင့်၊ ယေရှု ဟူသောအမည်ဖြင့် မှည့်ရမည်ဟု ကောင်းကင်တမန်ဆို၏။

မိတ်ဆွေနှင့်ကျွန်ုပ်တို့၏ ကံ၊ ဥာဏ်၊ ကျင့်ကြံမှု၊ ကြိုးစားအားထုတ်မှု၊ ကုသိုလ်ကောင်းမှု၊ ဒါန၊ သီလ ဘာညာဘာညာ ကိုယ်ကျင့်တရားများ၏ မတတ်စွမ်းနိုင်ခြင်းကြောင့် ထိုအပြစ်များမှ ကယ်ချွတ်သောသူပင် … ယေရှုဟူသောအမည်နှင့် ထိုသခင်သည် ဤခရစ္စမတ်၏ အရှင်ပင်ဖြစ်ကြောင်း သတင်းကောင်းအားဝေငှရင်း အားလုံးပဲ “Merry Christmas” ပါဟု နှုတ်ခွန်းဆက်ကာ ခရစ္စမတ်၏ အနှစ်သာရဖြစ်သော သခင်ယေရှုထံမှ ကယ်တင်ခြင်းဆုကျေးဇူးသည် သင်နှင့်သင့်မိသားစုအပေါ်သို့ သက်ရောက်တည်ရှိ တည်နေပါစေသော် …

ဘုရားရှင်ဆက်လက်စကားပြောပါစေ။