ကျွန်ုပ်တို့၏ နေ့စဥ်အသက်တာတွင် ပြင်ဆင်ရမည့် အရာများစွာရှိနေတတ်ကြသော်လည်း ဆက်လက်၍ လုပ်ဆောင်နေတတ်ကြသည်မှာ အနည်းနှင့်အများရှိကြပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ပြင်ဆင်ရကောင်းမှန်း ဆင်ခြင်ရကောင်းမှန်းကို မသိသောကြောင့်လည်း ဖြစ်ပေလိမ့်မည်။ သို့တည်းမဟုတ် အကျင့်ပါကာ အဆင်ပြေသည်၊ ပြဿနာမဟုတ်ဟုထင်မှတ်၍ ကျင့်သားရသွားသောကြောင့်ပင် …
အချို့သောအရာများသည် အသေးအမွှားကိစ္စများဟုပင် ထင်စရာရှိသော်လည်း ပြင်ဆင်လျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည် မဟုတ်ပါလား။ ဤသို့ ပြင်ဆင်ဖို့ရာသည် မိမိကိုယ်ကိုယ် မိမိ ပြန်လည်ကာ မသုံးသပ်လျှင်တော့ ဖြစ်နိုင်မည်မထင် … ထို့ကြောင့် “Self Evaluation” (မိမိကိုယ်ကို ပြန်လည်စမ်းစစ်ခြင်း) သည် အရေးကြီးပေသည်။
ဧဖက်ဩဝါဒစာ ၄:၂၉
ညစ်ညူးသောစကားတခွန်းကိုမျှ သင်တို့နှုတ်ထဲက မထွက်စေနှင့်။ ကြားနာသော သူတို့၏အကျိုးကို ပြုစုစေခြင်းငှါ၊ တည်ဆောက်စရာဘို့ ကောင်းသော စကားကိုသာ သုံးဆောင်ကြလော့။
တခါတရံတွင် ကျွန်ုပ်တို့၏ စကားပြောခြင်းသည် မိသားစုတွင်ဖြစ်စေ၊ လုပ်ငန်းခွင်တွင်ဖြစ်စေ၊ အသင်းတော်တွင်ဖြစ်စေ အပြုသဘော မဆောင်ဘဲ တဖက်သား၏ စိတ်နှလုံးကို နာကျင်စေခြင်း၊ စိတ်ထိခိုက်နာကျင်စေခြင်းကိုသာ ဖြစ်စေတတ်သည်။ သို့မဟုတ် လေသံ၊ လေယူလေသိမ်း၊ နူးညံ့သိမ်မွေ့ခြင်းမရှိဘဲ ဓါးဖြင့် ပေါက်ကာ၊ မြှားဖြင့် ပစ်နေသည့်အလား သူတပါးအား ထိမိ၍ လဲစရာသာ ဖြစ်နေတတ်ပေသည်။ ဤသို့ဖြင့် တဖက်သားသည်သာလျှင် တိတ်တဆိတ်နာကျင်သွားစေကာ မိမိမှာတော့ ပြောပြီးလျှင် ပြီးသွားခဲ့လေသည်။ မိမိ၏ အပြောအဆို၊ ပြောပုံဆိုပုံ၊ ကိုယ်နှုတ် အမူအရာတို့သည် မှားယွင်းနေကြောင်း လိုအပ်ချက်ရှိနေကြောင်းကိုပင် မသိခဲ့။
ထိုသို့ဖြစ်ရခြင်းသည် “Self Evaluation” မရှိသောကြောင့်ပင် … မိမိကိုယ်ကို ပြန်လည်မသုံးသပ် မဆင်ခြင်ခြင်းသည် မိမိတို့၏ ပြောစကား၌ ပါဝင်လေ့ရှိသော လေယူလေသိမ်း၊ ပြောပုံဆိုပုံ၊ ကိုယ်နှုတ်အမူအရာ၊ အပျက်သဘောဆောင်သည့် စကား၊ သူတပါးအား နာကျင်စေသည့် စကား စသဖြင့် လိုအပ်ချက်များနှင့် လွဲမှားနေမှုများအား မသိရှိ သတိမထားတော့ဘဲ နောက်တဖန် ပြန်လည် အသုံးပြုမိလေ့ရှိတတ်ကြသည်။ ဤသို့ဖြင့် အကျင့်ပါကာ ဆက်လက်၍ လုပ်ဆောင်သွားတတ်ကြသည်မဟုတ်ပါလား … မိမိကိုယ်တိုင်သည်ပင်လျှင် ထိုအထဲတွင် ပါဝင်ကောင်းပါဝင်နေပေဦးလိမ့်မည်။ သို့သော်လည်း ယနေ့တွင် ပြန်လည် သုံးသပ်ကြပါစို့။
ထို့ကြောင့် မိမိကိုယ်ကိုယ် ပြန်လည် သုံးသပ်ခြင်း၊ ပြန်လည် ဆင်ခြင်ခြင်း “Self Evaluation” သည် မိမိတို့၏ စကားပြောရာတွင် လိုအပ်ချက်၊ လွဲမှားနေမှုများဖြစ်သော လေယူလေသိမ်း၊ ကိုယ်နှုတ်အမူအရာ၊ အပြုသဘောမဆောင်သည့် စကားများ၊ သူတပါးအား နာကျင်စေခြင်းများ စသဖြင့်တို့ကို သတိထားမိလာနိုင်ကာ ဆင်ခြင်၍ နောက်တဖန် မပြုမူမိရန်လည်း တဖြေးဖြေးနှင့် ပြန်လည်ပြင်ဆင်လာနိုင်ပေလိမ့်မည် မဟုတ်ပါလား …
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။