သင်ဟာ အသက်အရွယ်ကြီးလာတာနှင့်အမျှ သင့်ရဲ့အခွင့်ထူးခံစားရမှုတွေဟာလည်း တိုးများလာပါတယ်။ ဥပမာပြောရရင် သင်ကလေးဘဝအရွယ်တုန်းကဆိုလျှင် အချိန်တော်တော်များများဟာ အိမ်ထဲမှာပဲ ကုန်ဆုံးခဲ့ရသည် မဟုတ်လား။ အရွယ်ရောက်လာတဲ့အခါကျတော့ ကြီးမားတဲ့လွတ်လပ်မှုမျိုးနဲ့နေရာစုံကို သင်သွားလာနိုင်လာပြီလေ။ ဒီလိုခံစားရတဲ့အခွင့်ထူးသစ်တွေအတွက် ကိုယ့်ကိုကိုယ်ကျေနပ်နေမှာ အသေချာပါပဲ။ ကုန်လွန််ခဲ့တဲ့နေ့ရက်တွေကို ပြန်လည်လှည့်ကြည့်ရင်း “ဪ ငါဒီလမ်းလေးပေါ်မှာ စက်ဘီးစီးတတ်ခဲ့တာပဲ” ဆိုပြီးပျော်ရွှင်ခဲ့ဖူးတာတွေ ရေရွတ်နေပါလိမ့်မယ်။ ဒီလိုတွေးနေရင်းနဲ့တပြိုင်နက်တည်းမှာ သင်ဘာကိုသဘောပေါက်လာနိုင်သလဲ ဆိုရင် “အခွင့်ထူးခံရခြင်းတိုးလာခြင်းနှင့်အတူ တာဝန်ဝတ္တရားယူရခြင်းလည်းတိုးလာတယ်” ဆိုတာကိုပေါ့။ ဥပမာဆိုရရင် ငယ်စဉ်က အိမ်ရှေ့လမ်းလေးမှာစက်ဘီးစီးခဲ့တယ်။ အရွယ်တခုရောက်လာတော့ ကားစီးလာနိုင်တယ်။ အဲ့လိုစီးလာနိုင်တဲ့အခါ လမ်းစည်းကမ်းကို လိုက်နာရတော့မယ်။ မလိုက်နာဘဲ ပျက်ကွက်မယ်ဆိုလို့ရှိရင် ကိုယ့်အတွက်သာမက အခြားသူတွေအတွက်ပါ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ကားလမ်းပေါ်မှာ ကိုယ်လုပ်လိုက်သမျှ အပြုအမူလုပ်ရပ်တွေအတွက် ကိုယ့်မှာတာဝန်ရှိပါတယ်။
အာဒံနှင့်ဧဝရဲ့နှုတ်ကပတ်တော်လာ မှတ်တမ်းဟာဆိုရင် တာဝန်ရှိခြင်းရဲ့အခြေခံသဘောတရားတွေကို သာဓကပြပုံဆောင်လျက်ရှိပါတယ်။ အာဒံနှင့်ဧဝဟာဆိုရင် အသက်ရှင်ခဲ့သူတွေအထဲမှာ အခွင့်ထူးခံရဆုံးသောလူသားတွေဖြစ်ခဲ့ပါတယ်။ ဘုရားသခင်က သူတို့ကိုဘာတွေပေးခဲ့သလဲဆိုတာကြည့်လိုက်ပါ။ အင်မတန်မှပြီးပြည့်စုံတဲ့နေချင်စဖွယ်၊ လုပ်ဆောင်လျက် ဝမ်းမြောက်ပျော်ရွှင်ဖွယ်ကမ္ဘာကြီး၊ အဲ့ဒီအပြင် လူသားရဲ့ပြည့်စုံလှပသောပေါင်းသင်းခြင်း၊ ထိုအားလုံံးရဲ့အထက်မှာတော့ ထာဝရဘုရားသခင်ကိုယ်တော်တိုင်နှင့် မျက်နှာချင်းဆိုင်လျက်ပြုရသော မိဿဟာရဖွဲ့ခြင်းတို့ပဲဖြစ်ပါတော့တယ်။
သိုသော်လည်း ထိုသို့ကြီးမြတ်သောအခွင့်ထူးများက ကြီးမြတ်သောတာဝန်ကို ယူဆောင်လာပါတယ်။ ဘုရားသခင်က နာခံတတ်ခြင်းကို မြော်လင့်ခဲ့ပါတယ်။ အာဒံနှင့်ဧဝအပေါ်မှာ ထားခဲ့တဲ့ တားမြစ်ထားတဲ့အရာကို သူတို့လိုလိုလားလားနဲ့ နာခံခြင်းကိုပေါ့။ ကောင်းမကောင်းသိကျွမ်းရာအပင်ကအသီးကိုသူတို့ စားခွင့်မရှိခဲ့ပါဘူး။ ဒီပညတ်ထားတဲ့အရာကို မနာခံခြင်းကသူတို့အတွက် အခွင့်ထူးများစွာကိုဆုံးရှုံးစေနိုင်သလို ရှောင်လွှဲမရတဲ့သေခြင်းကိုပါ ဖြစ်စေနိုင်သောကြောင့်ပါပဲ။ ဒီလိုပြစ်ဒါဏ်ကပြင်းထန်ပေမယ့် ဘုရားသခင်ဟာ သူတို့ကိုကောင်းမကောင်းသိကျွမ်းရာအပင်နဲ့ဝေးဝေးနေဖို့ အတင်းအကျပ်ဖိအားမပေးခဲ့ပါဘူး။ သူ့ကိုချစ်လျက် စကားတော်ကိုစောင့်ရှောက်တော်မူမည်၊ မမူမည်အကြောင်း ရွေးချယ်ဖို့အခွင့်အရေးပေးခဲ့ပါတယ်။
သင်လည်းပဲ ဒီလိုအခြေအနေမျိုးကို ယနေ့ကြုံတွေ့နေရပါတယ်။ ဧဒင်ဥယျာဉ်ထဲမှာတော့ မဟုတ်ပေမယ့်၊ ပြည့်စုံသောသူ မဟုတ်ပေမယ့်၊ ခရစ်တော်ကိုလက်ခံယုံကြည်သောကြောင့် ထာဝရအသက်ကိုရရှိထားပါတယ်။ ဒါဟာပြိုင်ဘက်ကင်းတဲ့အခွင့်ထူးပါပဲ။ ပြီးတော့သင့်မှာ ချစ်စရာကောင်းတဲ့ ခရစ်ယာန်မိဘ၊ မိတ်ဆွေသူငယ််ချင်းတွေလည်း ရှိပါလိမ့်မယ်။ သို့သော်လည်း အာဒံနှင့်ဧဝလိုပဲ သင်ခံရတဲ့အခွင့်ထူးတွေအတွက် ဘုရားသခင်အပေါ်မှာ သင့်ရဲ့တာဝန်ဝတ္တရားတွေ ရှိနေပါတယ်။ နာခံမှုနဲ့တုံ့ပြန်တတ်ဖို့ သခင်မျှော်လင့်ပါတယ်။
ဘုရားသခင်က ကိုယ့်ကိုတောင်းဆိုတဲ့အရာတွေက အရမ်းခက်ခဲတယ်လို့သင့်ကို စာတန်က သိမ်းသွင်းစည်းရုံးပါလိမ့်မယ်။ စာတန်ဟာ ဧဝအရှေ့မှာ မြွေအဖြစ်ပေါ်လာကာ ထိုအသီးကိုစားလို့ရတယ်ဆိုပြီးသွေးဆောင်ခဲ့ပါတယ်။ ပထမဆုံး “ဒီအပင်နှင့်ပက်သက်ပြီးဘုရားဘာပြောသလဲ”ဆိုပြီး မေးခွန်းထုတ်ပါတယ်။ ဒုတိယအနေနှင့် “အပြစ်လုပ်လို့ ဘာမှမဖြစ်ဘူး၊ ဘယ်လိုအဖိုးအခမှ မပေးရဘူး”ဆိုပြီးယုံကြည်လာအောင်ပြောပါတယ်။ တတိယအနေနှင့် “ဒီအသီးကိုစားရင် ဘုရားကဲ့သို့ဖြစ်လာမယ်၊ ဥာဏ်ပညာတိုးပွါးကာအကျိုးများမယ်” ဆိုပြီးကတိပေးပါတယ်။ နောက်ဆုံးမှာတော့ “ဘုရားဟာမနာလို မမျှတတဲ့သူ၊ ဒီလိုတားမြစ်မှုမျိုးကို ထားပိုင်ခွင့်မရှိဘူး”ဆိုကာ ဧဝထင်ယောင်ထင်မှားဖြစ်လာအောင် သွေးဆောင်ခဲ့ပါတယ်။
စာတန်ရဲ့အကြောင်းပြချက်တွေကို ဧဝနားထောင်ခဲ့ပါတယ်။ ဧဝဟာ အသီးကိုကြည့်ရင်း နှစ်သက်ဖွယ်ဖြစ်တယ်ဆိုကာ နောက်ဆုံးတော့ စားလိုက်ပါတယ်။ နောက်တော့ အာဒံလည်းပဲ ဧဝနှင့်အတူ ထိုအပြစ်ထဲမှာ ပါဝင်လိုက်ပါတော့တယ်။ လူသားမျိုးနွယ်ရဲ့အစအဦးဖြစ်သည်အလျောက် ကျွန်ုပ်တို့အားလုံးအပြစ်ထဲသို့ကျဆင်းသွားခဲ့ရပါတယ်။ ယနေ့ဤလောကထဲသို့ မွေးဖွားလာသမျှသောသူတိုင်းဟာ အာဒံထံမှလာတဲ့အမွေတည်းဟူသော အပြစ်နှင့်စွန်းထင်းသောလူသားဘဝကို ကြုံတွေ့ခံစားရလေကုန်သတည်း။
အာဒံနှင့်ဧဝရဲ့အတွေ့အကြုံကနေ တန်ဖိုးရှိတဲ့သင်ခန်းစာကိုသင်ယူရပါတယ်။ စာတန်ရဲ့မာယာကိုသတိပြုသင့်ပါတယ်။ အပြစ်က ကိုယ့်ကို ဘာဒုက္ခမှမပေးဘူးဆိုပြီး ယုံကြည်လာအောင်သွေးဆောင်မှာပါ။ ပျော်ရွှင်မှုတွေ၊ ကျော်ကြားမှုတွေတောင် ယူဆောင်လာနိုင်တယ်ဆိုပြီးတော့ပေါ့။ ကိုယ့်နှင့်သက်တူ ရွယ်တူတွေရဲ့အပြစ်ကိုသာဗဟိုပြုကာမြင်စေပြီး၊ သူတို့တွေဟာကိုယ့်ထက် ဘဝကိုပိုပြီးပျော်ရွှင်စွာဖြတ်သန်းနေရတယ်လို့ ထင်လာအောင်သွေးဆောင်ပါလိမ့်မယ်။ သင်သတိမမူဘူးဆိုလျှင် သင့်ကိုဘုရားတောင်းဆိုလုပ်ဆောင်စေတဲ့အရာတွေဟာ မျှတမှုမရှိဘူးလို့ သင်ထင်မြင်လာကာ၊ ကယ်တင်ခြင်းမရရှိသေးသူတွေရဲ့လွတ်လပ်ပေါ့ပြက်တဲ့အသက်ရှင်မှုမျိုးကိုတောင် သင်တောင့်တလာနိုင်ပါတယ်။
ဒါပေမယ့် စာတန်ရဲ့ကတ်ိတွေဟာ လှည့်စားခြင်းသက်သက်ပါပဲ။ အာဒံနှင့်ဧဝရဲ့ လုပ်ရပ်ကတော့ နစ်နစ်နာနာ အဖိုးအခကို ရင်းလိုက်ရပါတယ်။ ဧဝဟာ ပင်ပန်းစွာဝေဒနာကိုခံရပြီးသားဖွားရတဲ့ ကျိန်ခြင်းကိုခံရပါတယ်။ အာဒံကတော့ မြေအလုပ်ကိုပင်ပန်းစွာလုပ်ဆောင်ပြီးမှစားရတဲ့ ကျိန်ခြင်းကိုခံရပါတယ်။ နောက်ပြီး သူတိုနှစ်ဦးလုံးဟာ ဧကန်အမှန်သေခြင်းကိုကြုံရပါတယ်။ အဲ့အထဲမှာမှ အကြီးမားဆုံးသောဆုံးရှုံးမှုကတော့ ဘုရားသခင်နှင့်မိဿဟာရပျက်ခြင်းပါပဲ။ အာဒံနှင့်ဧဝဟာ ဘုရားသခင်နှင့်အရင်းအနှီးဆုံးကျွမ်းဝင်ခဲ့ရသူတွေဖြစ်ခဲ့ပြီး၊ နောက်ပိုင်းမှာတော့ ကျရှုံးခဲ့သူတွေဖြစ်ခဲ့ရပါတယ်။ အဲ့ကတည်းကစလို့ အခုချိန်ထိ မွေးဖွားလာသူတိုင်းဟာ အပြစ်၌ကျရှုံးပျောက်ဆုံးလျက် ကယ်တင်ခြင်းကို လိုအပ်လျက်ရှိနေကြပါတော့တယ်။
နောက်ဆုံးတော့ ဧဒင်ဥယျာဉ်ထဲမှာ အသက်ပင်ဟာဆက်ပြီးရှိနေသေးသောကြောင့်၊ ဘုရားသခင်ဟာ အာဒံနှင့်ဧဝကိုဆက်နေခွင့် မပြုတော့ပါဘူး။ ဆက်၍နေခွင့်ပေးလိုက်မည်ဆိုလျှင် သူတို့ရဲ့ခန္ဓာဟာထာဝရရှင်သန်နေဦးမှာမို့လို့ပါပဲ။ ဒါကြောင့် သူတို့ကိုဥယျာဉ်ရဲ့အဝေးကိုနှင်ထုတ်လိုက်ကာ မီးစက်လက်နက်နှင့်ခေရုဗိမ်တို့ကို အသက်ပင်လမ််း၌စောင့်ရှောက်စေခဲ့ပါတယ်။
ယနေ့တိုင် အပြစ်ဟာ စီရင်ခြင်းကိုကျရောက်စေပါတယ်။ စာတန်ဟာအပြစ်ရဲ့သာယာမှုကို အသားပေးလျက်ရှိပါတယ်။ ဖျော်ဖြေရေးနယ်ပယ်လောကရဲ့ကြယ်ပွင့်တွေ၊ အားကစားလောကရဲ့နာမည်ကြီးတွေ၊ န်ိုင်ငံရေးနှင့်စီးပွါးရေးမှာကျော်ကြားသူတွေ အားဖြင့်စာတန်ဟာအသုံးပြုလျက် သူ့ရဲ့ထုတ်ကုန်တွေကိုကြော်ငြာနေပါတယ်။ အပြစ်ဟာသင့်ကိုဖျက်ဆီးပစ်မယ်ဆိုတာကို သူသိပါတယ်။ သင့်ရဲ့အသက်တာကိုလုံးဝပျက်သုဉ်းစေချင်သူပါ။ စိတ်မကောင်းစရာက ခရစ်ယာန်လူငယ်လေးတွေဟာ ဧဝလိုပဲအယုံလွယ်ကြတယ်။ စာတန်ရဲ့မကောင်းတဲ့လှုံ့ဆော်မှုတွေဟာ ဘယ်လိုဘယ်ပုံအပြစ်ကိုကျရောက်စေပြီး၊ ဘယ်လိုအဖိုးအခကိုပေးရတယ်ဆိုတာကိုသဘောပေါက်နားလည်ဖို့ရာပျက်ကွက်လာကြပါတယ် (သိမြင်ဖို့ရာပျက်ကွက်ခြင်း သို့မဟုတ် တမင်တကာပျက်ကွက်ခြင်း)။
အာဒံနှင့်ဧဝ ဒီလိုကျရှုံးမှုတွေရှိသော်ငြားလည်း ဘုရားသခင်ဟာ ကျေးဇူးတော်ကြွယ်ဝလျက် မထိုက်တန်သောမြော်လင့်ခြင်းကို ပေးခဲ့ပါတယ်။ တနေ့မှာ စာတန်ကိုအောင်နိုင်လျက် ရွေးနှုတ်ကယ်တင်မည့်သူကို ဘုရားသခင်ကတိတော်ထားခဲ့ပါတယ်။ ထိုသူဟာ သခင်ခရစ်တော်ပဲဖြစ်ပါတယ်။ နောက်ပြီး သူတို့အဝတ်အချည်းအစည်းရှိလျက်ရှက်ကြောက်ခြင်းအရာကို ဖုံးအုပ်ဖို့ရာ အကောင်တကောင်ကိုသတ်ပြီး သားရေဖြင့်ဝတ်လုံကိုလုပ်ကာဝတ်ခြုံစေခဲ့ပါတယ်။ ဤသဘောတရားက ဘာကိုသွန်သင်သလဲဆိုရင် အပြစ်ရဲ့အခကိုပေးချေတဲ့ အသွေးသွန်းယဇ်ကိုပူဇော်ခြင်းကိုနားလည်ရပါတယ်။ သခင်ခရစ်တော် လက်ဝါးကပ်တိုင်ပေါ်မှာအသေခံပေးခြင်းထိတိုင်အောင်ဖြစ်ပါတယ်။ ခရစ်တော်ကျွန်ုပ်တို့အပြစ်ရှိသမျှကိုဆေးကြောတော်မူခြင်းသည်ကျေးဇူးတော်ပါ။ အခုအချိန်မှာကိုယ့်အပြစ်တွေကြောင့်လေးလံကောင်းလေးလံနေပါလိမ့်မယ်။ ဘုရားသခင်ကသင့်ကို ဤသို့ဖိတ်ခေါ်နေပါတယ်
“ထာဝရဘုရားမိန့်တော်မူသည်ကား၊ လာကြ။ တရားစီရင်ကြကုန်အံ့။ သင်တို့အပြစ်သည် နီသောအဆင်းရှိသော်လည်း၊ မိုးပွင့်ကဲ့သို့ ဖြူလိမ့်မည်။ ကတ္တီပါနီနှင့်အမျှ နီသော်လည်း၊ သိုးမွေးကဲ့သို့ဖြစ်လိမ့်မည်။”
ဟေရှာယအနာဂတ္တိကျမ်း ၁း၁၈
တာဝန်ယူမှုကိုသင်ရှောင်လွဲနိုင်သလော
ယောက်ျားဖြစ်ပါစေ၊ မိန်းမဖြစ်ပါစေ၊ ကယ်တင်ခြင်းရရှိထားသူဖြစ်စေ၊ မရရှိသေးသောဖြစ်ပါစေ၊ အားလုံးမှာတာဝန်ခံယူမှုရှိပါတယ်။ အဲ့ဒါကတော့ဘုရားရဲ့အလုပ်တော်နှင့်ဗျာဒိတ်တော်အပေါ်မှာတုံ့ပြန်မှုအတွက် ဘုရားသခင်အား ဖြေကြားရမည့်အရာဖြစ်ပါတယ်။ ယုံကြည်သူခရစ်ယာန်များကတော့ တာဝန်ခံမှုနှစ်ဆရှိရပါတယ်။ မေတ္တာတော်ရှင်အဖအနေဖြင့် ဘုရားသခင်သည်ကျွန်ုပ်တို့အပေါ်မှာ ကောင်းကြီးမင်္ဂလာကိုသွန်းလောင်းချင်သော ဘုရားပါ။ သို့သော်လည်း အတုံ့အပြန်အနေဖြင့် လိုလိုလားလားဖြစ်သောနာခံခြင်းမျိုးကိုတော့ သူတောင့်တပါသည်။ ဤသည်မှာ ချစ်ခြင်းဖြင့်ဆောင်ရွက်သောခရစ်ယာန်တို့၏ဝန်တာပင်ဖြစ်ပါတော့သည်။
ဆက်ရန်….
ယခုဆောင်းပါးသည် မူရင်းစာရေးသူဖြစ်သော ဆရာ The Blessed Desk နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူများ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။