Skip to content

လူအမျိုးမျိုး စိတ်အထွေထွေရှိကြသည့်အတိုင်းပင် ကျွန်ုပ်တို့ယုံကြည်သူများသည်လည်း တစ်ဦးနှင့်တစ်ဦး သဘောထား မတိုက်ဆိုင်သဖြင့် ပဋိပက္ခများလည်း ဖြစ်တည်တတ်ပေသည် မဟုတ်ပါလား။ ထို့ကြောင့် ကျွန်ုပ်တို့၏ မိသားစု၊ အိမ်ထောင်ရေး၊ လုပ်ငန်းခွင်၊ အသင်းတော်တွင်ဖြစ်စေ ပဋိပက္ခများဖြစ်ပေါ်လာတတ်သော်လည်း ထိုအရာများ၌ စိတ်ပျက်ကာ လဲပြိုကျရန် မဟုတ်ပေ။

အချို့သောပဋိပက္ခများသည် ကြုံတွေ့ရင်ဆိုင်ကာ ဖြတ်သန်းလာပြီးနောက်တွင် ယခင်ထက် သာ၍ကောင်းမွန်သော အခြေအနေတစ်ခုအား ဖြစ်တည်လာစေရန် ဖြစ်ပေါ်လာတတ်သည့် ပဋိပက္ခများလည်းဖြစ်ပေသည်။ ဤသို့ဆို၍ ပြဿနာကိုသာ လှိမ့်ရှာရန် ဆိုလိုခြင်း မဟုတ်သော်လည်း ကြုံတွေ့ရသည့် ပဋိပက္ခအား အကောင်းဆုံးရင်ဆိုင်ဖြေရှင်းရန်ဖြစ်ပေသည် မဟုတ်ပါလား …

ဖိလေမုန်နှင့် ဩနေသိမ်တို့၏ ပဋိပက္ခအား အခြားရှုထောင့်တစ်ခုမှ ဆင်ခြင်ကြည့်မည်ဆိုလျှင် ဩနေသိမ်သည် “Greek အခေါ် Doulos” အဓိပ္ပါယ်မှာ “Slave, Bondservant” ကျွန်ပင်ဖြစ်သည်။ ကျွန်ပြေးအဖြစ်နှင့် ထွက်ပြေးသွားခဲ့သူ ဩနေသိမ်သည် တစ်နေ့တွင် ဖိလေမုန်ထံသို့ ပြန်ရောက်လာခဲ့သည်။ ရောမတို့၏ ဥပဒေအရ ကျွန်ပြေးနှင့် ကျွန်ပိုင်ရှင်တို့၏ ပဋိပက္ခသည် အင်မတန်ကြီးမားသော ပြဿနာတစ်ရပ်လည်းဖြစ်ပေသည်။

သို့သော်လည်း ထိုပဋိပက္ခသည် “Doulos မှ Adelphon” အဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။ တနည်းဆိုရသော် ကျွန်အဖြစ်မှ ညီအဖြစ် “Slave to Brother” ဟုပင်ဆိုပေအံ့ … ဓမ္မသစ်ထဲတွင် “Adelphon” ကို ၄၁ ကြိမ်တွေ့ရသည်။ ထိုညီသည် “In Christ” ၌ဖြစ်တည်သော ညီ … ထိုညီသည် “Gospel” ကြောင့် ပြောင်းလဲလာသော ညီ၊ ထိုညီသည် ဖိလေမုန်အတွက်တော့ တန်ဖိုးရှိသော ညီပင် … ထိုသူနှစ်ဦး၏ ပဋိပက္ခသည် “Doulos to Adelphon” … ကျွန်အဖြစ်မှ ညီအဖြစ် … တနည်းဆိုရသော် ရလဒ်ကောင်းဖြစ်လာခြင်းပင်တည်း  …

ဖိလေမုန်ဩဝါဒစာ ၁:၁၆
ထိုသို့ဆိုသော်၊ အစေခံ ကျွန်ကဲ့သို့ရမည်ဟု မဆိုလို၊ ငါ၌ အထူးသဖြင့် ချစ်သောညီ၊ သင်၌ကား၊ ဇာတိအားဖြင့်၎င်း၊ သခင်ဘုရားအားဖြင့်၎င်း၊ သာ၍ချစ်သော ညီကဲ့သို့ရမည်ဟု ဆိုလိုသတည်း။

ထို့ကြောင့် ဖိလေမုန်ဩဝါဒစာတွင် မြင်တွေ့ရသော ပဋိပက္ခသည် ကြီးမားသည်ဟု ထင်ရသော်လည်း ရလဒ်ကောင်းကို ထွက်ပေါ်စေခဲ့သည်မှာ “Doulos to Adelphon” သည် သက်သေပင် … ယနေ့ ကျွန်ုပ်တို့သည် ပဋိပက္ခများအား ကြောက်နေရန်မဟုတ်သကဲ့သို့ ရှောင်ပြေးရန်လည်း မဟုတ်ပါ။ ထိုပဋိပက္ခများသည်ပင်လျှင် ကျွန်ုပ်တို့၏ လက်ရှိအခြေအနေထက် ပို၍ကောင်းမွန်သည့် အခြေအနေတို့အား ဖြစ်တည်စေတတ်သည်မှာ ယေရှုခရစ်တော်၌ ညီအကိုဖြစ်ကြသော ဖိလေမုန်နှင့် ဩနေသိမ်တို့သည် သက်သေပင် မဟုတ်ပါလား …

ဘုရားရှင်ဆက်လက်စကားပြောပါစေ။