Skip to content

“သင်တို့ကိုသတိနှင့်ကြည့်ရှုတော်မူသောကြောင့်၊ သင်တို့၌စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌အပ်နှံကြလော့”
ရှင်ပေတရုဩဝါဒစာပဌမစောင် ၅:၇

“Cast all your anxiety on him, because he cares for you”
1 Peter 5:7 (NRSV)

မိတ်ဆွေတို့ နှုတ်ကပတ်တော်သမ္မာကျမ်းစာထဲတွင်တော့ သခင်ဘုရားသည် ကျွန်ုပ်တို့အား သတိနှင့်ကြည့်ရှုတော်မူ၍ အမှုအရာအလုံးစုံတို့အား သိမှတ်တော်မူသောကြောင့် စိုးရိမ်ပူပန်ခြင်းရှိသမျှတို့ကို သူ့၌အပ်နှံဖို့ ဖော်ပြထားပါတယ်။ ထို့အတွက်ကြောင့် မိတ်ဆွေတို့အား ယနေ့မှာ သခင်ဘုရားအား ချီးမွမ်း၍ဆက်ကပ်ကာ ကိုယ်အမှုအရာတို့အား ဖော်ပြဝန်ချ ဆုတောင်းလျက် မိတ်သဟာယပြုပြီးပါပြီလားလို့ ရှေးဦးစွာမေးခွန်းလေးတခုမေးချင်ပါတယ်။

မိတ်ဆွေတို့ … ကျွန်တော်ကျွန်မတို့ဟာ လောကလူသားများဖြစ်သည့်အလျောက် နေ့စဉ်ကိုယ်စီလုပ်ငန်းတာဝန်များနှင့် သွားလာလှုပ်ရှားရတဲ့အခါမှာ တခါတရံတွင် စိတ်​၏ပင်ပန်းခြင်း၊ ခန္ဓာ​၏ပင်ပန်းခြင်းများကို ကြုံတွေ့ခံစားရမည်မှာ အမှန်ပင်ဖြစ်ပါသည်။ ထိုသို့သော ပင်ပန်းနွမ်းနယ်မှုများကြုံတွေ့လာတဲ့အခါမှာ လူသားများဖြစ်သည့်ကျွန်တော်ကျွန်မတို့မှာ စိတ်နှလုံးရွှင်လန်းမှုမရှိဘဲ အချို့သောအခါများတွင် မိမိတို့ လုပ်ငန်းတာဝန်များကိုပင် ဆက်လက် မလုပ်ဆောင်နိုင်ဘဲ အိပ်ရာဝင်သွားသည့်ညများလည်းရှိနိုင်သလို စိတ်ဖိစီးမှုကြောင့် အိပ်မပျော်နိုင်ဘဲ စိုးရိမ်မှုများနှင့် ညတာကိုဖြတ်သန်းရသည့်အခါများလည်း ကြုံတွေ့ခံစားဖူးမည်ပဲဖြစ်ပါလိမ့်မယ်။ သို့ရာတွင်တော့ ကျွန်တော်ကျွန်မ မိတ်ဆွေတို့ယုံကြည်သူသားသမီးများအနေဖြင့် မည်သို့သောအမှုအရာများပင်ရှိစေကာမူ ကျွန်ုပ်တို့အား နေ့ရက်အစဉ်တိုင်း နှစ်သိမ့်မှုနှင့်ငြိမ်သက်ခြင်းအားပေးရန် အစဉ်စောင့်မျှော်နေသောသခင်ရှိတယ်ဆိုတာကို သတိပြုဆင်ခြင်ရမည်ပဲဖြစ်ပါတယ်။

တခါတရံ မိတ်ဆွေတို့ ညီအစ်ကိုမောင်နှမများအနေဖြင့် လောကအမှုအရာများကို အလွန်အမင်း ရှေ့တန်းတင်လုပ်ဆောင်မိတဲ့အခါမှာ မိမိရဲ့ဆုကျေးဇူးတွေနဲ့ မူလဇာစ်မြစ် လာရာကိုမေ့သွားတတ်ကြပါတယ်။ အမှန်တကယ်ဆိုလျှင် တနေ့တာသွားလာလှုပ်ရှားနိုင်ခြင်း၊ ကောင်းမွန်စွာစားသောက်ရခြင်း စသည်တို့မှာ သခင်ဘုရား၏ ဆုကျေးဇူးအခွင့်တော်များကြောင့်သာလျှင်ဖြစ်ပါတယ်။ ထို့ကြောင့်တနေ့တာ မစတင်မှီမှာ ကျေးဇူးတော်ကိုချီးမွမ်းလျက် ဆက်ကပ်အပ်နှံရမှာဖြစ်သလို တနေ့တာ ပြီးဆုံးသွားတဲ့အခါမှာလည်း သခင့်အားကျေးဇူးတော်ချီးမွမ်းကာ ကြုံတွေ့ခဲ့သောအမှုအရာများအတွက် သခင့်အားဖော်ပြလျက် မိတ်ဿဟာရပြုဖို့ရန် အလွန်ပင်လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော်

“တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။ တောင်းသောသူမည်သည်ကားရ​၏။ ရှာသောသူလည်းတွေ့​၏။ ခေါက်သောသူအားလည်း တံခါးကိုဖွင့်တော်မူ​၏။”
ရှင်မဿဲခရစ်ဝင်ကျမ်း ၇:၇-၈

ခရစ်တော်၌တည်သော ဆုတောင်းခြင်းအားဖြင့်တောင်းလျှောက်ကာ သခင့်ကိုရှာဖွေခြင်းဖြင့် မိမိရဲ့ဆုတောင်းသံများအား သခင်နားညောင်းမည်ဖြစ်ကြောင်း နှုတ်ကပတ်တော်လာပါသည်။ ထို့ကြောင့် အရင်ကအချိန်ပေးဖို့ ပျက်ကွက်ခဲ့လျှင်တောင်မှ ယနေ့မှစ၍ သခင့်အား အချိန်ပေး ပြန်လည်ဆက်ကပ်ဖို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်။ ထို့အတူ သခင်သည် စိတ်နှလုံးအား သိမှတ်တော်မူသောသူဖြစ်သည့်အလျောက် ကျွန်တော်ကျွန်မ မိတ်ဆွေတို့ရဲ့ အမှုအရာ၊ အကြံအစည်၊ အကျင့်စရိုက် အစရှိသည့်အရာအလုံးစုံတို့အား ဆုမတောင်းမှီကပင်သိရှိပြီးဖြစ်ပါတယ်။ သို့သော်လည်း အထက်က မဿဲ ၇:၇-၈ တွင်ဖော်ပြသည့်အတိုင်း သခင့်အားရှာဖွေ၍ ဆုတောင်းချက် များအားပဌာနာပြုတောင်းလျှောက်ပြောပြဖို့တော့ သခင်အလိုရှိပါသည်။ ကျွန်တော်ကျွန်မ မိတ်ဆွေတို့ရဲ့ ခက်ခဲခြင်း စိုးရိမ်ပူပန်ခြင်းများအား နားထောင်ပေးဖို့ရန်အလို့ငှာ သခင်ကအမြဲအသင့်ရှိပါသည်။

“ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေးမည်။ ငါ့ထမ်းဘိုးကို တင်၍ထမ်းကြလော့။ ငါ့ထံ၌နည်းခံကြလော့။ ငါသည်နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ​၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကိုရလိမ့်မည်။ အကြောင်းမူကား၊ ငါ့ထမ်းဘိုးသည်ထမ်းလွယ်​၏။ ငါ့ဝန်လည်းပေါ့​၏ဟုမိန့်တော်မူ​၏။”
ရှင်မဿဲခရစ်ဝင်ကျမ်း ၁၁:၂၈-၃၀

ထို့ကြောင့်သခင့်အား တောင်းလျှောက်ဖော်ပြပြောပြခြင်းဖြင့်မ မိမိတို့ရဲ့ ဝန်လေးနေသောအရာများအား သခင့်ရှေ့၌ချထားလိုက်ပါ။ ပြီးနောက် သခင့်ရဲ့ကရုဏာတော်အားဖြင့်စိတ်နှလုံးငြိမ်သက်ခြင်းကိုရရှိကာ လောကအမှုအရာများကိုရှေ့တန်းတင်၍ လုပ်ဆောင်နေသည်ထက် နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းကိုဦးစွာရှာဖွေလျက် သခင့်ရဲ့ထမ်းဘိုးအား လွှဲပြောင်းထမ်းရွက်နိုင်ဖို့ မေတ္တာဖြင့် တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

အားလုံးအပေါ်၌ ဘုရားရှင်ကောင်းချီးပေးပါစေ။