Skip to content

“ထိုနည်းတူ၊ လျှာသည်ငယ်သောအင်္ဂါဖြစ်သော်လည်း အလွန်ဝါကြွားတတ်​၏။ အဘယ်မျှ လောက် များစွာသောထင်းကို အနည်းငယ်သောမီးသည် ညှိနိုင်သည်ကိုကြည့်ပါလော့။”
ရှင်ယာကုပ်ဩဝါဒစာ ၃:၅

“Likewise, the tongue is a small part of the body, but it makes great boasts. Consider what a great forest is set on fire by a small spark.”
James 3:5

“လျှာ” ဝေါဟာရတလုံးတည်းပင်ရှိသော်ငြား သူသည်လူ​၏ခန္ဓာတွင် အလွန်အရေးပါသော အစိတ်အပိုင်းတခုဖြစ်ရုံသာမက ထို”လျှာ”သည်လည်း အလွန်ကြောက်မက်ဖွယ်သောအရာတို့ကိုပြုလုပ် ဖန်တီးနိုင်လေသည်။

သမ္မာကျမ်းစာတွင် လျှာသည် သေးငယ်သောအင်္ဂါဖြစ်သော်လည်း အလွန်ဝါကြွားတတ်၍ ထင်းမီးကဲ့သို့ပင် များစွာတောက်လောင်လျက် အန္တရာယ်ပေးနိုင်သောအရာဖြစ်ကြောင်းကိုဖော်ပြထားပါသည်။ ချစ်သောမိတ်ဆွေတို့၊ ထိုသေးငယ်သော လျှာအား အသုံးပြုကာအသက်တာမှာ သခင် မနှစ်သက်သော ဝါကြွားခြင်း တနည်း boasting ကို ပြုကာ ဒုစရိုက်လမ်းသို့လိုက်နေသလားဆိုတာကို ယနေ့မှာ နှုတ်ကပတ်တော်အားဖြင့် ပြန်လည်ဆင်ခြင်ဖို့ ရှေးဦးစွာ ပြောကြားလိုပါတယ်။

Boasting means excessively proud and self-satisfied talk about one’s achievements, possessions, or abilities. (ref: Oxford Languages)

ကြွားဝါခြင်းဆိုသည်မှာ ရလာဒ်များ၊ ပိုင်ဆိုင်မှုများ နှင့် ကိုယ်အရည်အချင်းအပေါ်မှာအခြေခံ၍ မိမိကိုယ်ကို အလွန်အမင်းအထင်ကြီး ဂုဏ်ယူကာ မြှောက်ပင့်ပြောဆိုခြင်းပင်ဖြစ်လေသည်။

တခါတရံမှာ လူတို့သည်မိမိတို့ ပြုလုပ်ခဲ့သည့်အရာများနှင့်ဖြစ်စေ၊ ပြုလုပ်နေဆဲအရာများနှင့်ဖြစ်စေ အောင်မြင်နေမှုများ မှန်ကန်နေမှုများအား သူတပါးတို့ရှေ့မှောက်မှာ ဖော်ပြဝါကြွားလိုတတ်ကြပါတယ်။ တနည်းအားဖြင့် လူအများ​၏အသိအမှတ်ပြုမှု ချီးကျူးဩဘာပြုမှုတို့ကိုလည်း ခံယူကြားနာလိုခြင်းကြောင့်ဖြစ်ပါတယ်။ သို့ရာတွင် ယုံကြည်သူများ အနေဖြင့် အများသူငှါများကဲ့သို့ပင် မိမိရဲ့အမှုအရာများအား ကိုယ်အကျိုးအတွက် အသိမှတ်ပြုခံခြင်းတို့ကို ခံယူလိုစိတ်ရှိနေမှုတို့ဖြင့် ဝါကြွားခြင်းနှင့် ထောင်လွှားမှုကိုပြုမိလျှင်တော့ သမ္မာတရားလမ်းနှင့်လွဲကာသခင် မနှစ်သက်သောအရာအား ပြုမိနေပြီဖြစ်ကြောင်းကိုသိရှိဆင်ခြင်စေပါသည်။

“လူများတို့မြင်စေခြင်းငှါ ကိုယ်သီလအကျင့်ကိုသူ့ရှေ့မှောက်၌မကျင့်မည်အကြောင်း သတိပြုကြလော့။ သို့မဟုတ်ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘထံမှ အကျိုးကိုမခံမရကြ။”
ရှင်မဿဲခရစ်ဝင်ကျမ်း ၆:၁

“Beware of practicing your righteousness before other people in order to be seen by them, for then you will have no reward from your Father who is in heaven.”
Matthew 6:1

သခင်ယေရှုကိုယ်တော်တိုင်တောင်ပေါ်ဒေသနာ(Sermon on the Mount)အားဖြင့် ဖော်ပြပြောကြားခဲ့သည့် အထက်ပါအကြောင်းအရာအားဖြင့် ယုံကြည်သူမိတ်ဆွေ ညီအစ်ကို မောင်နှမတို့ရဲ့ အသက်တာအား သတိပေးနေပါသည်။ ကျွန်တော် ကျွန်မ မိတ်ဆွေတို့အနေဖြင့် လူသားများဖြစ်သည့်အလျောက် မိမိပြုလုပ်ခဲ့သည့်အရာများနှင့်ပတ်သတ်၍ မိဘများထံမှ သော်လည်းကောင်း၊ အထက်လူကြီးနှင့်ဆရာသမား၊ မိတ်ဆွေများ အစရှိသည့် လူအများထံမှ အသိမှတ်ပြုမှု ချီးကျူးမှုကိုတော့ မည်သူမဆို လိုချင်ခံယူချင်ကြမည်ပဲဖြစ်ပါသည်။ ထိုအမှုအရာများမှာ လောကအမြင်ဖြင့်ကြည့်လျှင် တခါတရံကောင်းသလိုလိုရှိပေမယ့် တန်ဆေးလွန်ဘေးဆိုသည့်အတိုင်း ထိုအရာအများအပေါ်၌ နှစ်သက်မက်မောကာ မိမိကိုယ်ကို အဟုတ်ကြီးဟုတ်လှပြီထင်၍ မာနထောင်လွှားသော အသက်တာအဖြစ် ရောက်ရှိသွားနိုင်ပါတယ်။ အခြားသောသူတို့တွေးတောသလို “ငါကြိုးစားလို့ ငါရတာ။ ငါဒီလောက်ပေးဆပ်ထားတာ ရသင့်တယ်။ ဘယ်သူမှမကူဘူး ကိုယ့်ဘာသာရတာ” ဟု သူတို့တွေးတောသလို ယုံကြည်သူညီအစ်ကိုမောင်နှမများ တွေးတောမိလျှင်တော့ ထာဝရဘုရားသခင်အား မထီမဲ့မြင်ပြုမိခြင်းနှင့်အတူ ဝိညာဉ်ပကတိဖြင့်ကင်းကွာကာ ကောင်းကင်၌ရှိသော ကျွန်ုပ်တို့​၏ အဘထံမှ မည်သည့်အကျိုးကိုမှ ရရှိခံစားနိုင်တော့မည် မဟုတ်ပေ။

“လူတိုင်းစားသောက်ခြင်းငှါ၎င်း၊ မိမိကြိုးစားအားထုတ်သမျှသောအမှု၌ပျော်မွေ့ခြင်းငှါ၎င်း၊ ဘုရားသခင်​၏ကျေးဇူးတော်ကြောင့်သာအခွင့်ရှိ​၏။”
ဒေသနာကျမ်း ၃:၁၃

“ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်ရ​၏။ ကိုယ်အလိုအ လျောက်ရောက်သည်မဟုတ်။ ဘုရားသခင်သနားတော်မူရာဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ရောက်သည်မဟုတ်။ သို့ဖြစ်၍အဘယ်သူမျှဝါကြွားစရာအခွင့်မရှိ။”
ဧဖက်ဩဝါဒစာ ၂:၈-၉

ထို့အတွက်ကြောင့် ယုံကြည်သူညီအစ်ကိုမောင်နှမများအနေဖြင့် ဘုရားသခင်ရဲ့ အခွင့်နှင့် ကရုဏာတော်ကြောင့် ရရှိထားသည့် ဆုကျေးဇူးကောင်းကြီးမင်္ဂလာများသည် ကိုယ်အလိုအလျောက်ရထားခြင်းမဟုတ်သည့်အတွက် မည်သည့်အကြောင်းကြောင့်နှင့်မျှ ဝါကြွားခြင်းကို မပြုအပ်ပေ။ သို့သော်လည်း တိုးတက်လာသောခေတ်နှင့်အညီ Social Medias များပေါ်၌ အလွယ်တကူရရှိလာနိုင်သော ထင်ပေါ်ကျော်ကြားမှုနှင့် လူကြိုက်များခြင်းတို့သည် ယုံကြည်သူ ကြီးငယ်မရွေးအား ဝါကြွားခြင်းအမှုကိုပြုရန် နေ့စဉ်သွေးဆောင်နေပါသည်။ ထို့ကြောင့်ယုံကြည်သူမိတ်ဆွေတို့အနေဖြင့် သေချာဆုံးဖြတ်ကြည့်ရှုကာ မိမိပြုလုပ်နေသောအရာများသည် သမ္မာကျမ်းစာထဲတွင် သခင်ယေရှုဖော်ပြခဲ့သည့် အမှုအရာတို့နှင့် ဆန့်ကျင်ဘက်သွားနေသလား ဆိုတာကိုတော့ သတိထားမိစေချင်ပါသည်။ တခါတရံတွင် ကျွန်တော် ကျွန်မ မိတ်ဆွေတို့အနေဖြင့် ပြုလုပ်သည့်အရာများသည် ဇာတိအားဖြင့်ကောင်းမွန်နိုင်ပေမယ့် ဝိညာဉ်အားဖြင့်တော့ သခင့်ရှေ့မှောက်တွင် အကျိုးနည်းစရာ ဖြစ်နေမိတတ်ပါသည်။ ထို့ကြောင့် ရောမအခန်းကြီး၃ အခန်းငယ် ၂၇ တွင်ဖော်ပြသည့်အတိုင်း ဝါကြွားခြင်းအား ယုံကြည်ခြင်းတရားအားဖြင့် ပယ်နိုင်မည့်အကြောင်း နှုတ်ကပတ်တော်အား နေ့ညဉ့်မပြတ်ဆင်ခြင်အောက်မေ့ဖို့ရာ လိုပါသည်။ သို့ရာတွင်တဖက်မှာတော့ယုံကြည်သူတို့ အနေဖြင့် လောကအမှုအရာများအားဖြင့်ဝါကြွားခြင်း မပြုသင့်သော်လည်း သခင့်ရဲ့နာမတော်အားဖြင့်တော့ ချီးမွမ်းထောပနာပြုနိုင်ပါသည်။ ကျမ်းစာ၌လာသည်ကား
“ထာဝရဘုရားမိန့်တော်မူသည်ကား၊ ပညာရှိသောသူသည် မိမိပညာ၌မဝါကြွားစေနှင့်။ ခွန်အားကြီးသောသူသည် မိမိခွန်အား၌မဝါကြွားစေနှင့်။ ဥစ္စာရတတ်သောသူသည် မိမိဥစ္စာ၌မဝါကြွားစေနှင့်။ ဝါကြွားသောသူမည်သည်ကား၊ ငါသည်မြေကြီးပေါ်မှာချစ်သနားခြင်း၊ တရားသဖြင့်စီရင်ခြင်း၊ ဖြောင့်မတ်ခြင်းကိုပြုသော ထာဝရဘုရားဖြစ်ကြောင်းတည်းဟူသော၊ ငါ့သဘောကိုသိနားလည်ခြင်း၌သာဝါကြွားစေ။ ငါသည်ထိုအရာတို့၌မွေ့လျော်သည်ဟု ထာဝရဘုရားမိန့်တော် မူ​၏။”
ယေရမိအနာဂတ္တိကျမ်း ၉:၂၃-၂၄

အချုပ်အားဖြင့်ဆိုသော် ဝါကြွားခြင်းသည် မိမိရဲ့ဂုဏ်အားဖော်ပြပြောဆိုရသည့်အရာဖြစ်သည့်အတွက် တခါတလေမှာ တကယ်မရှိသည့်အရာများကိုပင် လုပ်ကြံဖော်ပြပြောဆိုနိုင်ကာ သခင်ဘုရားရွံရှာသော မုသာသုံးသောနှုတ်ခမ်းပင်ဖြစ်လာနိုင်ပါသေးသည်။

ဝါကြွားခြင်းကို အခြေခံကာ မမှန်ကန်သောအကြောင်းပြချက်ဖြင့် ကောင်းမွန်သောအရာကိုလုပ်သော်လည်း ဖြောင့်မတ်မှန်ကန်ခြင်းကိုတော့ တွေ့ရှိနိုင်မှာမဟုတ်ပါဘူး

(There is no righteousness in doing the right thing for the wrong reason)

ထို့ကြောင့် ဝါကြွားချင်သောခရစ်ယာန်များမဖြစ်စေဘဲ သခင်နှစ်သက်တော်မူသည့် အသက်တာဖြစ်သည့် စိတ်နှလုံးနှိမ့်ချခြင်း၊ ဖြောင့်မတ်မှန်ကန်ခြင်းနှင့် မိမိလုပ်သည့်အရာတို့သည် သခင်ဘုရား ဘုန်းတော်သာ၍ထင်ရှားစေမည့်အရာများဖြစ်စေမည့်အကြောင်း မေတ္တာဖြင့်တိုက်တွန်း ခွန်အားပေးလိုက်ပါတယ်။

“စိတ်နှလုံးနှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ​၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့​၏ နိုင်ငံဖြစ်​၏။”
ရှင်မဿဲခရစ်ဝင်ကျမ်း ၅:၃

အားလုံးအပေါ်၌ဘုရားရှင်ကောင်းချီးပေးပါစေ။